မတ် ၂၄ – ၂၀၂၄
SN (VOM)
ပြည်တွင်း ဆေးဝါးဈေးနှုန်းတွေဟာ ၂၀၂၁ ခုနှစ်မတိုင်ခင် ကာလကထက် ရှားပါးနေပြီး ဈေးသုံးဆလောက် မြင့်တက်လာတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
ဒေါ်လာဈေးတက်ခြင်းနဲ့ တင်သွင်းဖို့အတွက် ခွင့်ပြုချက် စောင့်ရချိန် ကြာမြင့်ခြင်းတွေကြောင့် ဈေးကွက်အတွင်း ဈေးနှုန်းကြီးခြင်း၊ ပြတ်လပ်ခြင်းတွေ ဖြစ်ပေါ်နေရတယ်လို့ သိရပါတယ်။
“ဒေါ်လာဈေးတွေလည်း တက်တယ်လေ။ အခု ဒေါ်လာဈေးက ၃၇၀၀ ကျော်သွားပြီ။ အဲ့တော့ ဆေးတွေပါ ဈေးလိုက်တက်လာတာ။ တချို့ဆေးတွေဆိုရင် ပစ္စည်းပြတ်တာမျိုးတွေ ဖြစ်လာတယ်။ အသည်း၊ ကျောက်ကပ် စသဖြင့်ပေါ့၊ အဲဒီလို ဆေးဝါးမျိုးတွေ ရှားလာတယ်။ တချို့ကျတော့လည်း ပစ္စည်းကရှိပေမယ့် ထိန်းရောင်းရတာမျိုး ရှိတယ်။ ပြည်ပက ဒေါ်လာနဲ့ ဝယ်ရပြီး ပြည်တွင်းငွေဈေးက ကျသထက်ကျလာတော့ တွက်ခြေမကိုက်ဘူး၊ အဆင်မပြေတော့ဘူးလေ” လို့ လို့ ဆေးဝါးကုမ္ပဏီတခုက တာဝန်ရှိသူတယောက်က ပြောပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ သြဂုတ်လလယ်ပိုင်းမှ စတင်ကာ ဆီးချိုရောဂါသမားတွေအတွက် အရေးပါတဲ့ အင်ဆူလင်ထိုးဆေးမှာလည်း ပြတ်လပ်နေတယ်လို့ သူက ပြောပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက စလို့ သုံးနှစ်ကျော်ကာလအတွင်း အိမ်သုံးဆေးဝါးတွေ အပါအဝင် နာတာရှည်ရောဂါ အမျိုးမျိုး အတွက် ဆေးဝါးနဲ့ ပဋိဇီဝ ဆေးအမျိုးအစားတွေနဲ့ ဆရာဝန် ညွှန်ကြားချက် မလိုတဲ့ ဆေးဝါးတွေပါ ပြတ်လပ်တဲ့အထိ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
“ဆေးက ဝယ်မရတဲ့ဆိုင်တွေ ရှိလို့ ကိုယ့်အနီးအနားက ရှိသမျှဆိုင်တွေ အကုန်လုံး တဆိုင်ဝင်တဆိုင်ထွက် လိုက်ဝယ်နေရတယ်။ အဲ့လိုမှ မဟုတ်ရင် မင်္ဂလာဈေးအထိ သွားဝယ်ရတာပေါ့။ စွဲသောက်နေရတဲ့ ဆေးတွေဆို မကုန်ခင် တပတ်လောက်အလိုကတည်းက ကြိုဝယ်ထားမှ အဆင်ပြေတယ်။ ဈေးတွေကလည်း တခါဝယ် တခါတက် ဆိုတော့ တော်တော်ကိုလည်း စိတ်ညစ်နေပါပြီ။ မသောက်မဖြစ်လို့သာ ဒီဆေးတွေသောက်နေရတာ။ ဆေးသောက်လို့ ရောဂါသက်သာတာထက် တခါဝယ်တိုင်း တခါတက်နေတဲ့ ဆေးဈေးနှုန်းတွေကြားတိုင်း ရောဂါပိုတိုးတယ်” လို့ ဆီးချိုဝေဒနာသည်တယောက်က ပြောပါတယ်။
လက်ရှိ ဆေးဈေးကွက်မှာ ဆေးအမျိုးအစားပေါင်း ၅၀ ရှိရင် ၂၅ မျိုးလောက်က အမြဲ ပြတ်လပ်နေပြီး အဲ့ဒီ့လို ဆေးဝါး ပြတ်လပ်မှုသာမက ဆေးရုံသုံးပစ္စည်းတွေ၊ ခွဲစိတ်ခန်းသုံး ပစ္စည်းတွေနဲ့ လူနာသုံး ပစ္စည်းတွေပါ ပြတ်လပ်မှု ဖြစ်ပေါ်နေတယ်လို့ ဆေးဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။
လက်ရှိမှာ ဒေါ်လာဈေး ထပ်မံ မြင့်တက်လာတဲ့အတွက် ဆေးကုမ္ပဏီနဲ့ ဆေးဝါးအရောင်းဆိုင်ကြီးတချို့ ခေတ္တ အရောင်းပိတ်တာတွေလည်း ရှိလာတယ်လို့ သိရပါတယ်။
လတ်တလော ဈေးနှုန်းတွေအရ သာမန် ဖျားနာ၊ ခေါင်းကိုက်တဲ့အခါ သောက်သုံးလေ့ရှိတဲ့ ဒီကိုလ်ဂျင် ၁၀ လုံးပါ တကတ်ကို ၂၁၀၀ ကျပ်၊ တဘူးကို ကျပ် ၂၀၆၀၀ ဝန်းကျင်၊ ဘိုင်အိုဂျက်ဆစ် ၁၀ လုံးပါ တကတ် ကျပ် ၁၀၀၀ ဝန်းကျင်၊ တဘူး ၄၇၀၀၀ ကျပ် ဝန်းကျင်၊ အစာအိမ်လေဆေး တမျိုးဖြစ်တဲ့ Air X တကတ်ကို ကျပ် ၁၂၀၀ နဲ့ တဘူး ၅၆၀၀၀ ကျပ်အထိ ဈေးနှုန်း အသီးသီး မြင့်တက်နေပြီး နေရာဒေသအလိုက် ဈေးနှုန်း ကွဲလွဲမှုတွေလည်း ရှိလာနိုင်တယ်လို့ သိရပါတယ်။
မြန်မာ့ဆေးဝါးဈေးကွက်မှာ ဆေးပစ္စည်း ၈၀ ရာခိုင်နှုန်းကျော်ကို ပြည်ပနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်နဲ့ ထိုင်းနိုင်ငံတို့ကနေ အများဆုံး တင်သွင်းနေရတာဖြစ်ပြီး ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကိုတော့ ပြည်တွင်းမှာ ထုတ်လုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။