ငွေကြေး ဖောင်းပွတာတွေကြောင့် ရွှေဈေးမြင့်တက်လာမှု ထိန်းချုပ်ဖို့ မလွယ်ကူ

မတ် ၂၉ – ၂၀၂၄
SN (VOM)

ပြည်တွင်း ရွှေဈေးနှုန်း မြင့်တက်လာရခြင်းဟာ ငွေကြေးဖောင်းပွမှုကြောင့် ဖြစ်တဲ့အတွက် ထိန်းချုပ်နိုင်ဖို့ မလွယ်ကူဘူးလို့ ရွှေလုပ်ငန်းရှင်တွေနဲ့ ဈေးကွက်သုံးသပ်သူတွေက ပြောပါတယ်။

ပြည်တွင်းရွှေဈေးနှုန်းဟာ ဖေဖော်ဝါရီလကုန်ပိုင်းမှ စတင်ကာ အရှိန်အဟုန်နဲ့ ဆက်တိုက် မြင့်တက်လာခြင်းဖြစ်ပြီး လက်ရှိမှာ ကျပ် လေးဆယ့်လေးသိန်းဈေးကို စံချိန်တင် ရောက်ရှိနေပါတယ်။

“အဓိက ကတော့ စီးပွားရေးကျဆင်းမှုကြောင့် ဖြစ်ပါတယ်။ မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက် ကျဆင်းနေတာကြောင့် အခေါက်ရွှေဈေးနဲ့ ဒေါ်လာဈေးတွေ ဆက်တိုက် မြင့်တက်လာတာပါ။ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ဈေးကွက်ထိန်းကျောင်းဖို့ ဘယ်လိုပဲ ကြိုးစားသော်ငြား ရွှေဈေးကတော့ သိန်း ၄၀ ကျော်လာခဲ့ပြီ ဖြစ်ပါတယ်” လို့ ဈေးကွက် လေ့လာသုံးသပ်သူတယောက်က ပြောပါတယ်။

အခုနှစ်ဆန်းပိုင်းက တကျပ်သား ကျပ် သုံးဆယ့်ခုနစ်သိန်း တသောင်းသာ ရှိခဲ့တဲ့ ပြည်တွင်းရွှေဈေးဟာ နှစ်လကျော်ကာလအတွင်း ကျပ် ခုနစ်သိန်းဝန်းကျင် အတက်ကြမ်းခဲ့တာ ဖြစ်ပါတယ်။

“ကမ္ဘာ့ရွှေဈေးကလည်း မနေ့ကထက် ဒီနေ့တောင် တော်တော်တက်သွားတယ်လေ။ ကမ္ဘာ့ရွှေဈေးတက်တော့ ဒီနေ့ကတော့ ပြည်တွင်းရွှေက ၄၄ သိန်းကို ကျော်သွားမယ်ထင်တယ်။ အခြေအနေတွေက ကမ္ဘာ့ဈေးရော၊ ပြည်တွင်း ဒေါ်လာဈေးရော မတည်မငြိမ် ဖြစ်နေတဲ့အတွက် ပိုဆိုးသွားတာပါ။ အဓိက ကတော့ ငွေကြေးဖောင်းပွမှုကြောင့် အခြေအနေတွေက ထိန်းမရ ဖြစ်နေတာပေါ့” လို့ ရွှေလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

ရွှေဈေးနှုန်း စံချိန်တင်မြင့်တက်လာတာကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ် သိသိသာသာ ကျဆင်းနေသလို နစက ကလည်း အဆက်မပြတ် စောင့်ကြည့် စစ်ဆေးတာတွေ ရှိနေတယ်လို့ သိရပါတယ်။

“‌ရွှေဈေးတွေ တက်နေပေမယ့် ဖမ်းမယ်ဆီးမယ်တွေလည်း သတင်းကြားနေတော့ ဒီနေ့ကတော့ အရောင်းအဝယ်ဖြစ်ဖို့ မရှိပါဘူး။ တချို့ လုပ်ငန်းရှင်တွေကတော့ ပုန်းနေကြမှာပဲ။ ဈေးကွက်တော့ တော်တော်ကြီးကို ဆိုးဆိုးရွားရွားပျက်နေတာ။ အခြေအနေတွေက အရမ်းကို မတည်မငြိမ်ဖြစ်နေတယ်။ လောလောဆယ်ကတော့ ဈေးကွက်က ငြိမ်ဖို့ မမြင်သေးဘူး။ မှန်းရခက်တဲ့အနေအထားပါ” လို့ ရွှေလုပ်ငန်းရှင်က ပြောပါတယ်။

ရွှေဈေးနှုန်း မြင့်တက်နေတာနဲ့ ပတ်သက်လို့ အခုမတ်လ လဆန်းပိုင်းကတည်းက ရန်ကုန်နဲ့ မန္တလေးမြို့က ရွှေလုပ်ငန်းရှင်တွေကို ခေါ်ယူစစ်ဆေး မေးမြန်းတာတွေ ရှိနေပြီး တချို့ကို ပြန်လွှတ်လိုက်ပြီဖြစ်ပေမယ့် ရန်ကုန်က ရွှေလုပ်ငန်း ၁၀ ယောက်ကတော့ ပြန်လွတ်မလာသေးဘဲ ဆက်လက် မေးမြန်းခံနေရဆဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒါနဲ့ ပတ်သက်လို့ ဈေးကွက် လေ့လာသူတွေကတော့ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းခြင်းကို အရေးပေါ် ဖြေရှင်းနိုင်မှုမရှိဘဲ ပြင်ပငွေလဲလုပ်ငန်းတွေနဲ့ အခေါက်ရွှေ အ‌ရောင်းအဝယ်သမားတွေကို ဖမ်းဆီးနေခြင်းဟာ ဈေးကွက်ပြောင်းအလဲအတွက် အဖြေ မဟုတ်ဘူးလို့ သုံးသပ်ကြပါတယ်။

အခုလို ဖမ်းဆီးစစ်ဆေး၊ အရေးယူတဲ့ ဆောင်ရွက်ချက်တွေဟာ ပုံမှန်ဈေးကွက် တည်ငြိမ်ချိန်နဲ့ မြန်မာကျပ်ငွေတန်ဖိုး ခိုင်မာနေချိန်မှာ ထိရောက်မှု ရှိနိုင်ပေမယ့်လည်း လက်ရှိကာလမှာတော့ အသုံးဝင်မှာမဟုတ်ဘူးလို့ ဆိုကြပါတယ်။

အဲဒီလို ဖမ်းဆီးအရေးယူတာတွေ ရှိနေပေမယ့်လည်း လက်ရှိမှာ ပြည်ပငွေလဲဈေးကွက်ရဲ့ အမေရိကန်ဒေါ်လာဈေးကတော့ ကျဆင်းခြင်းမရှိဘဲ ဆက်တိုက် မြင့်တက်လျက်ရှိပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့က တဒေါ်လာ ၃၆၃၀ ကျပ်ဝန်းကျင်သာရှိခဲ့တဲ့ ဒေါ်လာဈေးဟာ ဒီကနေ့ မတ်လ ၂၉ ရက်မှာတော့ တဒေါ်လာ ၃၈၅၀ ကျပ်ဝန်းကျင်ကို ရောက်ရှိနေပါတယ်။

ကမ္ဘာ့ရွှေဈေးကတော့ ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့က တအောင်စ ၂၀၄၆ ဒေါ်လာသာ ရှိခဲ့ပေမယ့် ဒီကနေ့ မတ်လ ၂၉ ရက်မှာတော့ တအောင်စ ၂၂၃၂ ဒေါ်လာ ဝန်းကျင်ကို စံချိန်တင် ရောက်ရှိနေပါတယ်။

သုတေသနအဖွဲ့ဖြစ်တဲ့ Data for Myanmar ရဲ့ အချက်အလက်တွေအရ ရွှေဈေးနှုန်းတက်ရတဲ့ အကြောင်းရင်းတွေ များစွာရှိပြီး ပြည်တွင်း ရွှေဝယ်လိုအားက ရောင်းနိုင်တဲ့ ပမာဏထက် များနေတာက အဓိက ဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံရေးမတည်ငြိမ်တဲ့ ကာလတွေမှာ ငွေဖောင်းပွမှုဒဏ်ကို ခံနိုင်ဖို့တတ်နိုင်သူတွေက ရွှေဝယ်စုကြပြီး မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ ငွေစက္ကူ ရိုက်နှိပ်မှုနဲ့ပတ်သက်တဲ့ ကောလဟာလတွေ၊ နယ်စပ်ကုန်သွယ်ရေးနဲ့ ပို့ကုန်မူဝါဒ မတည်ငြိမ်မှုတွေနဲ့ နိုင်ငံတကာက အရေးယူပိတ်ဆို့မှုတွေကြောင့် မြန်မာကျပ်ငွေအပေါ် ယုံကြည်မှု ကျဆင်းလာတယ်လို့ သိရပါတယ်။

ဒါအပြင် ရွှေထွက်တဲ့ဒေသတွေမှာ တိုက်ပွဲတွေဖြစ်နေတာ၊ ရွှေသယ်ယူ ပို့ဆောင်ဖို့ ခက်ခဲတာနဲ့ စောင့်ကြည့်ထိန်းကျောင်း အရေးယူတာ စတဲ့ အချက်တွေကလည်း ရွှေရောင်းလိုအားကို အကန့်အသတ် ရှိလာစေတယ်လို့လည်း သိရပါတယ်။

Photo Crd: Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW