တိုက်ပွဲကြားက အနာဂါတ်ရဲ့ကြယ်ပွင့်တွေကို လင်းလက်ခွင့်ပေးကြပါ

မတ် ၊ ၃၁ ၊ ၂၀၂၄
SP (VOM)
” သမီး စာကျက်နေတဲ့ သစ်ပင်နားကို လက်နက်ကြီးကျည်တလုံး ကျရောက်ပေါက်ကွဲတယ် ၊ သမီးကျောပေးမှီထားတဲ့ သစ်ပင်နောက်ဘက်မှာလည်း ဗုံးပေါက်တာ လူတော့ မထိပေမယ့် ၊ စိတ်ထဲမှာ ဒီနေ့အထိ အလန့်မပြေသေးဘူး”
အဲ့ဒီဖြစ်စဥ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက် နေ့လယ်ပိုင်း အချိန်က ၊ စစ်ကိုင်းတိုင်း ၊ ကောလင်းမြို့နယ် ၊ ကျွန်းလှခုံကျေးရွာနားမှာရှိတဲ့ ယာယီတိုက်ပွဲရှောင်နေရင်း ဒီနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုဖို့ ကြိုးစား ပြင်ဆင်နေတဲ့ ကျောင်းသူတယောက်ရဲ့ အတွေ့ကြုံဖြစ်ပါတယ်။
ကောလင်းမြို့ဟာ ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၃ ရက်ကနေစပြီး ၆ ရက်နေ့အထိ သုံးရက် ၊ သုံးည လုံးလုံး တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ် ၊ အဲ့ဒီနောက် နိုဝင်ဘာ ၇ ရက်ကစလို့ ကောလင်းမြို့ကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ထိန်းချုပ်ထားလိုက်တယ် ၊ အဲ့ဒီအချိန်ကစလို့ ကောလင်းမြို့နယ်မှာ တိုက်ပွဲရှောင်သူတွေ များပြားလာပြီး မြို့မှာ လူမရှိသလောက်ဖြစ်ခဲ့ရပာတယ်။
တိုက်ပွဲရှောင်ရင်း တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုအောင်မြင်ခဲ့ရင် သူနာပြု သင်တန်း ဆက်ပြီးတက်ချင်ခဲ့သူ မထက်ထက်ဝေ (အမည်လွှဲ) က
” တိုက်ပွဲရှောင်ပြေးလာကြတဲ့အထဲမှာ သမီးအပါအဝင် ဆယ်တန်းကျောင်းသားတယောက်နဲ့ ကျောင်းသူနှစ်ယောက်ပါတယ် ၊ အားလုံးက ကျောင်းလွယ်အိတ်ပဲယူလာနိုင်ခဲ့တယ် ၊ ကျောင်းစာအုပ်တွေနဲ့ ကျောင်းသုံးပစ္စည်းတွေဆိုတာ ပါမလာခဲ့ဘူး ၊ စာမေးပွဲရက်လည်း နီးလာပြီဆိုတော့ အဖေက ရွာကိုပြန်ပြီး သမီးအတွက် စာအုပ်နဲ့ ကျောင်းသုံးပစ္စည်းတွေ သွားယူပေးတယ် ၊ အဖေပြန်လာတော့ ဘာစာအုပ်တခုမှ မပါလာဘူး ၊ ဘာကြောင့်လဲဆိုရင် ရွာမှာကျန်ခဲ့တဲ့ သမီးတို့ မိသားစုအိမ်လေး မီးရှို့ခံလိုက်ရတယ် ၊ မီးလောင်သွားလို့ သမီးတို့ဘဝမှာ အိမ်တိုင်တောင် ပြစရာ မကျန်ခဲ့ဘူး ၊ တိုက်ပွဲရှောင်ရင်း ပြာပုံတွေကြားက ပညာရေး သင်ယူနေရတဲ့ ဘဝကို သမီးစိတ်နာတယ် “
မထက်ထက်ဝေရဲ့ အဖေက ” သမီးရဲ့ ပညာရေးကို နိုင်ငံရေး ပယောဂတွေကြောင့် စိတ်ထိခိုက်သွားမှာ အရမ်းစိုးရိမ်တယ် ၊တကယ့်တော့ ကျွန်တော်တို့ မိသားစု ဘဝဟာ လက်တွေ့မှာ ဘယ်ကနေ ပြန်စရမှန်း မသိအောင် ဖြစ်နေရတယ် ” လို့ပြောပါတယ်။
ဆယ်တန်းကျောင်းသူ မထက်ထက်ဝေဟာ မွေးချင်း ညီအစ်ကို မောင်နှမ လေးယောက်အနက် မထက်ထက်ဝေက အကြီးဆုံးဖြစ်တာကြောင့် အခုလို တိုက်ပွဲရှောင်နေရတဲ့ကာလမှာ ရေခပ် ၊ ထမင်းချက် ၊ နွားစာကျွေး စတဲ့ တာဝန်တွေကိုလည်း လုပ်ကိုင်ပေးနေရသူ တဦးဖြစ်ပါတယ်။
မထက်ထက်ဝေက ” ဒီနှစ် စာသင်နှစ် ကျောင်းစဖွင့်တုန်းက သမီး လေးငါးလ ကျောင်းတက်ခဲ့ရတယ် ၊ နောက်တော့ ကျောင်းနားမှာ ဗုံးတွေ ခဏခန ပေါက်ကွဲတာကြောင့် ဘယ်ကျောင်းသားမှ ကျောင်းမလာရဲတော့ဘူး ၊ ကျောင်းမတက်ရတော့ အိမ်မှာပဲနေပြီး အထူးထုတ်အားကိုးလို့ စာကျက် စာဖတ် လေ့ကျင့်ရတယ် ၊ ကောလင်းနယ်မှာက အခုဆိုရင် ဘယ် ကျူရှင်မှမရှိဘူး ၊ ပညာရေးအတွက် အထူးထုတ်စာအုပ်က ကောလင်းနယ်မှာ ပညာရေး လမ်းပြတခုဖြစ်နေတယ် ၊ အခုဆိုရင် သမီးရဲ့ ပညာရေးကို လမ်းပြပေးနေတဲ့ အထူးထုတ်စာအုပ်တွေက အိမ်မီးလောင်တဲ့ထဲပါသွားတယ် ၊ အဖေကတော့ သူ့နွားလေးရောင်းပြီး ပြန်ဝယ်ပေးမယ်လို့ ပြောပါတယ် ၊ သမီးပညာရေးအတွက် နွားမရှိရင် အဖေကိုယ်တိုင် တောင်ယာစိုက်သလို လယ်ကို လူကိုယ်တိုင် ပေါက်ပြားပေါက်ပြီး လုပ်ကိုင်ကျွေးမယ်လို့ ပြောတော့ ၊ သမီး မျက်ရည်ကျခဲ့ရတယ်၊ အခုထိတော့ စာအုပ်တွေ ပြန်မဝယ်နိုင်သေးဘူး ” လို့ ပြောပါတယ်။
ကောလင်းနယ်က မထက်ထက်ဝေတို့လို တိုက်ပွဲရှောင်ရင်း ပညာရှာနေရသူတွေဟာ ကောလင်းတနယ်တည်းတော့ မဟုတ်ပါဘူး။ စစ်ကိုင်တိုင်းထဲက ထီးချိုင့် ၊ ပင်လည်ဘူး ၊ ကနီ ၊ မင်းကင်း ၊ ကလေး ၊ အရာတော် ၊ ဝက်လက် ၊ ဘုတလင် ၊ ရွှေဘို ၊ ခင်ဦး ၊ ရေဦး ၊တန့်ဆည် ၊ မြောင် စတဲ့ မြို့နယ်တွေဘက်မှာလည်း အလားတူ အဖြစ်မျိုးတွေ ရှိနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ကောလင်းမြို့မှာ အခြေခံပညာ အထက်တန်းကျောင်း ရှစ်ကျောင်းနဲ့ တွဲဘက် အထက် တန်းကျောင်း ရှစ်ကျောင်း ၊ စုစုပေါင်း အထက် တန်းကျောင်း ၁၆ ကျောင်းရှိတယ် ၊ ကိုဗစ်ရောဂါ မဖြစ်ခင်တုန်းကဆို ဆယ်တန်းကျောင်းသား တသောင်းဝန်းကျင် စာမေးပွဲ ဖြေဆိုတယ် ၊ ကိုဗစ်ရောဂါ ဖြစ်ပြီးနောက်ပိုင်း စာမေးပွဲဖြေဆိုသူ အလွန်ဆုံးရှိ ထောင်ဂဏန်းပဲရှိတယ် ၊ အဲ့ဒီ စာမေးပွဲဖြေဆိုဖို့ ပျက်ကွက်ခဲ့တဲ့ ကျောင်းသားတွေဟာ တချို့လည် ကောလင်းမြေက စွန့်ခွာသွားသူတွေလည်းရှိတယ် ၊ စာသင်နှစ်တွေ ကွာဟမှုဖြစ်ပေါ်လာတာကြောင့် အသက်ရွယ်ကြီးပြီး ပညာရေးကို လက်လွတ်လိုက်သူတွေရှိတယ် ၊ တချို့လည်း ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေ ဖွင့်ထားတဲ့ NUG ကျောင်းကို သွားတက်သူတွေလည်းရှိတယ် ၊ နောက်ပြီး တချို့လည်း တရုတ်ပြည်နဲ့ ထိုင်းဘက်မှာ အလုပ်သွားလုပ်ကြတယ်၊ ကျေးရွာတွေမှာနေတဲ့ ကျောင်းသား ၊ ကျောင်းသူတွေအများစုကစာမေးပွဲဖြေဆိုမယ့် စာစစ်ဌာနနေရာတွေကို မလာနိုင်တဲ့သူတွေလည်းရှိတယ် ၊ အဲ့ဒါကြောင့် စာမေးပွဲဖြေဆိုမှု ရာခိုင်နူန်းဟာ သိသိသာသာကျဆင်းလာခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီလို တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမှု ကျောင်းသား အရေအတွက် ရာခိုင်းနူန်း ကျဆင်းလာမှုဖြစ်စဥ်တွေဟာ ချင်းပြည်နယ် ၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်း ၊ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ ကယားပြည်နယ် ဘက်တွေမှာလည်း ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
အညာဒေသက တိုက်ပွဲရှောင်ရင်း ပညာသင်ကြားနေရတဲ့ ကျောင်းသား ကျောင်းသူတွေအဖို့ ပညာရေးဆုံရှုံးမှု မဖြစ်ရအောင် စစ်ကိုင်းမြို့မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ပညာရေး စင်တာ (IBEC) ကျောင်းကနေ တိုက်ပွဲရှောင် ကလေးတွေကို ပညာရေးသင်ကြားပေးနေတယ်လို့ သိရပါတယ်။
” တိုက်ပွဲရှောင်ရင်း ပညာသင်ကြားနေတဲ့ ကလေးတွေအတွက် လာမယ့် ဧပြီမှာ အထူးစာမေးပွဲတခု နစက ကနေ ပြုလုပ်ပေးဖို့ နဲ့ ပြည်နယ်နဲ့ တိုင်းအလိုက် စာစစ်ဌာနနေရာတွေပါ ထုတ်ပြန်လာတယ် ၊ အဲ့ဒီ ထုတ်ပြန်ချက်အရ ဆိုရင် ၊ တိုက်ပွဲတွေကြောင့် စာမေးပွဲ ဖြေဆိုဖို့ ပျက်ကွက်ခဲ့တဲ့နေရာတွေက အဖြစ်အများဆုံး ထီးချိုင့် ၊ ကောလင်း ၊ ပင်လည်ဘူး ၊ ရွှေပြည်အေး ၊ ခါမ်းပါတ် ၊ ကနီ ၊ မင်းကင်း ၊ ကလေး စတဲ့မြို့နယ်တွေဖြစ်တယ် ၊ အခု ပြုလုပ်ပေးမယ့် အထူးစာမေးပွဲရဲ့စစ်ကိုင်းတိုင်း စာစစ်ဌာနတည်နေရာက မုံရွာ အထက ၂ ကျောင်းဖြစ်တယ် ၊ အခုဆိုရင် စစ်ကိုင်းတိုင်းထဲမှာ လမ်းပန်းဆက်သွယ်ရေးတွေ မကောင်းဘူး ၊ ထီးချိုင့်ဆိုရင် ဧရာဝတီမြစ် ဟိုဘက်ကမ်း ၊ ဒီဘက်ကမ်း ကူးဖို့တောင်မလွယ်ဘူး ဖြစ်နေတယ် ၊ ပြီးခဲ့တဲ့ မတ် ၁၇ ရက် မနက်ပိုင်းက ရွှေဘို ကျောက်မြှောင်း ကားလမ်းမှာ ခရီးသည်တင်ကားတစီး မိုင်းထိမှန်လို့ သေဆုံး ဒဏ်ရာရ ဖြစ်စဥ်တွေ ပေါ်ခဲ့တယ် ၊အဲ့ဒါကြောင့် မုံရွာမှာလုပ်မယ့် အထူးစာမေးပွဲ ဖြေဆိုပွဲကို ကောလင်း ၊ ထီးချိုင့် ၊ ပင်လည်ဘူး ၊ ရွှေပြည်အေး ၊ ခါမ်းပါတ် ၊ ကနီစတဲ့ မြို့နယ်တွေဘက်က ကျောင်းသားတွေ လမ်းအခြေနေကြောင့် မလာနိုင်မှာကို စိုးရိမ်မိတယ် ” လို့ အငြိမ်းစား ပညာရေး ဝန်ထမ်းတယောက်က ပြောပါတယ်။
ဆယ်တန်းစာမေးပွဲအောင်ရင် သူနာပြုသင်တန်း ဆက်တက်ချင်တယ်ဆိုတဲ့ ကောလင်းမြို့နယ်က မထက်ထက်ဝေရဲ့ သဘောထားက ” မုံရွာ စာစစ်ဌာနကို သွားတဲ့အခါ နစက ကျောင်းသားတွေဆိုပြီး လမ်းမှာ တခုခုဖြစ်မှာ အထူးစိုးရိမ်တယ် ၊ နောက်ပြီး မိဘတွေကလည်း တိုက်ပွဲရှောင်နေရသူတွေဆိုတော့ လိုက်ပို့မပေးနိုင်ဘူး ၊ အဲ့ဒါကြောင့် စာမေးပွဲ ဖြေဆိုဖို့ စဥ်းစားရဦးမယ် ” လို့ ပြောပါတယ်။
ဒီလိုအခက်အခဲရှိတဲ့ကျောင်းသူကျောင်းသားတွေအတွက် စိတ်ချလုံခြုံတဲ့ ပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးဖို့ တိုင်းပြည်အနာဂါတ်သာယာချင်သူတိုင်းမှာ တာဝန်ရှိတယ်လို့ တွေးဆ လုပ်ကိုင်သူများရင်ဖြင့် —။

Related posts

Leave a Comment

VOM News

FREE
VIEW