ဧပြီ ၊ ၄ ၊ ၂၀၂၄
SP ( VOM)
တနင်္သာရီတိုင်းမှာ ဒီရက်ပိုင်းအတွင်း နစက တပ်တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေကြား ထိတွေ့မှုတွေ ဖြစ်ပွားပြီး နှစ်ဘက် ထိခိုက်သေဆုံးမှုတွေရှိတဲ့အပြင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အရပ်သားတွေလည်း ထောင်ချီရှိတယ်လို့ ဒေသခံ တိုက်ပွဲရှောင် လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
” တနင်္သာရီတိုင်းမှာ ခရိုင် လေးခုရှိတယ် ၊ ကော့သောင်းခရိုင်နဲ့ ဘုတ်ပြင်းခရိုင်ကလွဲပြီး ၊ ကျန်ခရိုင်နှစ်ခုဖြစ်တဲ့ ထားဝယ်ခရိုင်နဲ့ မြိတ်ခရိုင်တွေဘက်မှာ မကြာခဏ တိုက်ပွဲတွေဖြစ်တယ် ၊ အဲ့ဒီ တိုက်ပွဲတွေကြောင့် နှစ်ဘက်ထိခိုက်သေဆုံးမှုတွေရှိတဲ့အပြင် ဒေသခံအရပ်သားတွေပါ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ် ၊ အရင်းက ရှိပြီးသား တတိုင်းလုံးအနေနဲ့ တိုက်ပွဲရှောင် လေးထောင်ကျော်ရှိရာကနေ ဒီရက်ပိုင်း အဲ့ဒီ တဝက်နီးပါး တိုးလာခဲ့တယ် ” လို့ တိုက်ပွဲရှောင် လူမှုကူညီရေး အဖွဲ့ဝင် လူမှုကူညီရေး အဖွဲ့ဝင် တယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂ ရက်က ထားဝယ်မြို့နယ် ၊ အရှေ့တောဒေသ ၊ ပကာရီကျေးရွာနားတဝိုက်က ထားဝယ်-မေတ္တာလမ်းပိုင်းတလျောက်မှာရှိတဲ့ ပကာရီ၊ သင်္ကန်းတုံး၊ ဝကုန်း၊ ကျောက်မဲတောင်၊ တောင်သုံးလုံး၊ ရွှေချောင်း၊ မေတ္တာ စတဲ့နေရာတွေမှာ အခုထိတွေ့တိုက်ပွဲတွေဖြစ်ပွားတာကြောင့် ပကာရီ ၊ ရှစ်မိုင်၊ ဆန်းချီ၊ ပခပ် စတဲ့ကျေးရွာ တွေအပါအဝင် ရွာပေါင်း ဆယ်ရွာထက်မနည်းမှာရှိတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
” တနင်္သာရီတိုင်းမှာ ခရိုင်လေးခု ၊ မြို့နယ်ပေါင်း ၁၈ မြို့နယ် ၊ ရပ်ကွက်ပေါင်း ၉၀ ၊ ကျေးရွာအုပ်စု ၂၆၇ နဲ့ ကျေးရွာပေါင်း ၁၂၃၈ ရွာရှိတယ် ၊ အဲ့ဒီထဲက ကျေးရွာပေါင်း တဝက်ကျော်လောက်ဟာ တိုက်ပွဲတွေ မကြာခဏဖြစ်နေတယ် ” လို့ ထားဝယ်မြို့ခံ ထွေ/ အုပ် အငြိမ်းစားဝန်ထမ်းတယောက်က ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၁ နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဥ် နောက်ပိုင်း ဒီကနေ့အထိ တနင်္သာရီတိုင်းမှာ ကျေးရွာတချို့ မီးရှို့ဖျက်ဆီးခံရတာကြောင့် လူနေအိမ် နှစ်ရာကျော် ပျက်စီးခဲ့ရပြီး ပစ်ခတ်မှုတွေကြောင့် ၁၃၆ ယောက်ထက်မနည်း သေဆုံးရတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
ထားဝယ် နိုင်ငံရေး အသိုင်းအဝိုင်းက ” ဒိီရက်ပိုင်းဖြစ်တဲ့ မတ် ၃၀ ရက်၊ မနက်ပိုင်းက တနင်္သာရီမြို့နယ် သမုတ်ချုံးရွာနားမှာလည်း တိုက်ပွဲတွေဖြစ်တယ် ၊ အဲ့ဒီတိုက်ပွဲမှာ Dragon Squad-TNI၊ UAV Force PDF အဖွဲ့ဘက်က လူတချို့ ထိခိုက်သေဆုံးတာအပြင် လက်နက်ခဲယမ်းတွေပါသွားတယ် ၊ အဲ့ဒီအကြောင်းကို PDF အဖွဲ့က ထုတ်ပြန်ထားတာကိုတွေ့ရတယ် ၊ ဒါ့အပြင် ဧပြီ ၁ ရက်က ထားဝယ်မြို့နယ် ၊ မောင်မယ်ရှောင်ကျေးရွားနား ၊ ရေဖြူ – ထားဝယ်ကားလမ်းပေါ်မှာ မောင်းနင်လာတဲ့ မြေသယ်ကား နှစ်စီး တိုက်ခိုက်ခံရပြီး အဲ့ဒီ ကားပေါ်မှာလိုက်ပါလာတဲ့ နစက တပ်ဖွဲ့ဝင် တယောက်သေဆုံးပြီး ၊ လေးယောက် ဒဏ်ရာရတယ် ” လိုပြောပါတယ်။
အဲ့ဒီအပြင် တနင်္သာရီတိုင်းမှာ ဒီနှစ်အတွင်း ကော့သောင်းမြို့နယ်နဲ့ ဘုတ်ပြင်းမြို့နယ်ကလွဲလို့ အခြား မြို့နယ် ၈ ခုထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီက ထိတွေ့တိုက်ပွဲ ဖြစ်စဥ် ၃၆ ကြိမ်နဲ့ ဖေဖော်ဝါရီမှာ ၅၃ ကြိမ် ၊ မတ်လမှာ ၁၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
လတ်တလောတိုက်ပွဲတွေကြောင့် ရန်ကုန်ထားဝယ် ခရီးသွားလာသူတွေ ကြံ့ကြာမှုဖြစ်ပြီး မလွဲတောငိဂိတ်မှာ ညအိပ်စောင့်ရတာမျိုးတွေ ရှိနေတယ်လို့ ခရီးသွားတွေက ပြောပါတယ်။