ဝမ်းတွင်းမြို့နယ်ရဲတပ်ဖွဲ့မှူးကား မိုင်းထိမှန်လို့ ရဲတပ်ဖွဲ့ဝင် လေးယောက် သေဆုံး

ဧပြီ ၊ ၆ ၊ ၂၀၂၄
SP ( VOM)
မန္တလေးတိုင်း ၊ မိတ္ထီလာခရိုင် ၊ ဝမ်းတွင်မြို့နယ် ၊ဝမ်းတွင်း – ပင်းတလဲ ကားလမ်းမှာ မနေ့ ဧပြီ ၅ ရက် ၊ ညနေပိုင်းက နစက လုံခြုံရေးအဖွဲ့တွေ နယ်မြေရှင်းလင်းရေး လှုပ်ရှားထွက်လာစဥ် ကားနှစ်စီး မိုင်းထိမှန်လို့ သေဆုံး ဒဏ်ရာရ သူတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” အဲ့ဒီနေရာက ပစ်ခတ်မှုတွေ ၊ ပေါက်ကွဲမှုတွေဖြစ်
နေကြ နေရာဖြစ်တယ် ၊ အဲ့ဒါကြောင့် ဒေသခံတွေက အသွားအလာရှောင်ကြတယ် ၊ ရွာဘက်ကို မနက်ကဝင်လာတဲ့ နယ်မြေရှင်းလင်းရေး ကားနှစ်စီးက ညနေဘက်မှာ ပြန်ထွက်သွားတယ် ၊ သူတို့ ဝမ်းတွင်း အပြန်လမ်းမှာ ဖြစ်တာ ” လို့ ဝမ်းတွင်းမြို့ခံတယောက်က ပြောပါတယ်။
ဝမ်းတွင်းမြို့နယ် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က
” မြို့နယ်ရဲတပ်ဖွဲ့မှူး အပါအဝင် တပ်ဖွဲ့ဝင် လေးယောက် သေဆုံးတယ်လို့ ကနဦးကြားရတယ် ၊ အသေးစိပ်တော့ မသိရသေးဘူး ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးက ရဲမှူး ဝင်းကျော်သူ ( ရဲအရာရှိ အပတ်စဥ် ၃၈) ၊ ယာဥ်မောင်း ရဲတပ်သား ရန်ကျော် ၊ ရဲတပ်သား သက်ကိုကိုအောင်နဲ့ ရဲတပ်သား ဟိန်းကိုကိုတို့ လေးယောက် ထိခိုက်သေဆုံးတယ် ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ( မတ် ၁၉) ရက် ၊ ညနေပိုင်းက ဝမ်းတွင်းမြို့နယ် ၊ သီးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ပု (ဒေသအခေါ် လက်တို မောင်ပု)ဆိုသူ ပစ်သတ်ခံရတယ်လို့ သိရပါတယ်။ အဲ့ဒီအပြင် မတ် ၁၄ ရက် ညနေပိုင်း ၇ နာရီဝန်းကျင်က ဝမ်းတွင်းမြို့နယ် ၊ ညောင်အုပ်ဖီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင့်ဆန်း ၄၂ နှစ်ဆိုသူ ပစ်သတ်ခံရပါသေးတယ်။
အဲ့ဒီ ဖြစ်စဥ်တွေ ပတ်သက်လို့ လူမှုကွန်ရက်ပေါ်မှာ Wundwin Township Revolution Force PDF အဖွဲ့က ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ၂၀၂၃ ဇူလိုင် ၁၃ ရက် ည ၇ နာရီဝန်းကျင်မှာ ဝမ်းတွင်းမြို့နယ်၊ ၁ ရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ အောင်မင်္ဂလာလမ်းမှာရှိတဲ့ သတင်းတပ်ဖွဲ့ (SB) ရုံးရှေ့မှာ သတင်းရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအုပ်တယောက်ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲ့ဒီအပြင် ၂၀၂၃ ဇူလိုင် ၄ ရက် ညနေကလည်း ဝမ်းတွင်းမြို့နယ် ရုံးပင်ကုန်းကျေးရွာအနီးမှာ ကျေးရွာအုပ်ချုပ်ရေးမှူးတဦးနဲ့ ရာအိမ်မှူးတယောက် သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ် ။
ပြီးခဲ့တဲ့ ၂၀၂၂ အောက်တိုဘာ ၁၇ ရက် နေ့လယ်ပိုင်းက ၊ ဝမ်းတွင်းမြို့က ထမင်းဆိုင်တခုမှာ ဧည့်သည်တွေကို ထမင်းကျွေးမွေး ဧည့်ခံနေချိန် ဝမ်းတွင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးဦး သေနတ်နဲ ပစ်ခံရပြီး သေဆုံးမှုဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီနှစ် အောက်တိုဘာ ၉ ရက် ညပိုင်းကလည်း ဝမ်းတွင်းမြို့နယ် မြို့မရဲစခန်းက ရဲစခန်းမှူး ရဲအုပ် စောနိုင်ဦး(ခ)ဗိုလ်စော (ယာယီစခန်းမှူးနဲ့ နယ်ထိန်းခေါင်းဆောင်) ဆိုသူ သေနတ်နဲ့ ၆ ချက် ပစ်သတ်ခံခဲ့ရသေးတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက မန္တလေးတိုင်း ရဲတပ်ဖွဲရုံးမှာ တိုင်း မှု့ခင်းကျဆင်းရေးနှင့်နှိမ်နင်ရေး (တိုင်းမှုကူ)ဌာန ၊ တာဝန်ခံ ဒုရဲမှူးကြီး ကျော်ဇင်မြင့် ဆိုသူဟာ စစ်ကြောင်းထွက်ရင်း မိုင်းထိမှန်ခဲ့တာကြောင့် သူရဲ့ ရုပ်အလောင်းကို မတ် ၂၅ ရက်မနက်ပိုင်းက သဂြိုလ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အလားတူဖြစ်စဥ်ကို ပြီးခဲ့တဲ့ ၂၀၂၁ အောက်တိုဘာက စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းအောင် ဆိုသူလည်း ဖြစ်ခဲ့ဖူးတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW