YBS ယာဉ် မတော်တဆမှုကြောင့် သုံးလအတွင်း သေဆုံးသူ ၁၃ ယောက်နဲ့ ဒဏ်ရာရရှိသူ ၃၂ ယောက် ရှိခဲ့

ဧပြီ ၈ – ၂၀၂၄
SN (VOM)

အခု ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလဆန်းပိုင်းအထိ သုံးလအတွင်း YBS ယာဉ် မတော်တဆမှုကြောင့် သေဆုံးသူ ၁၃ ယောက်နဲ့ ဒဏ်ရာရရှိသူ ၃၂ ယောက် ရှိခဲ့တယ်လို့ ရန်ကုန်တိုင်း ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှ သိရပါတယ်။

YBS ယာဉ် မတော်တဆမှုတွေမှာ လမ်းသွားလမ်းလာတွေကို တိုက်မိတဲ့ ဖြစ်စဉ်က အများဆုံး ဖြစ်ပြီး YRTC ရဲ့ စာရင်းတွေအရ ဧပြီ ၃ ရက်အထိ လမ်းဖြတ်ကူးသူကို တိုက်မိမှုကြောင့် သေဆုံးသူ ငါးယောက်နဲ့ ဒဏ်ရာရရှိသူ လေးယောက် ရှိခဲ့တယ်လို့ သိရပါတယ်။

“YBS တွေက အခု‌နောက်ပိုင်း ပိုဆိုးလာတယ်၊ စည်းကမ်းအရမ်းမဲ့လွန်းတယ်။ YRTA အနေနဲ့ကလည်း ဒါတွေကို ထိထိရောက်ရောက် အရေးယူမှုနဲ့ပတ်သက်လို့ အင်မတန် အားနည်းတယ်။ သူတို့ အရေးယူနေတယ်ဆိုတာ ပါးစပ်အပြောပဲရှိတာ။ အခုက လိုင်စင်မရှိတဲ့သူတွေရော ပရမ်းပတာ တက်မောင်းနေတာ။ တိုက်မိရင် တိုက်မိတဲ့နေရာမှာ ကားကိုထားပြီး ထွက်ပြေးရင်ပဲ သူတို့ ယာဉ်မောင်းတွေအတွက်က ဒီကိစ္စက ပြီးသွားပြီ။ YBS ယာဉ်မောင်း အများစုက ဒီလိုမျိုးပဲ လုပ်နေကြတာ။ နောက်ဆက်တွဲ ထိထိရောက်ရောက် အရေးယူမှုအပိုင်းဆိုတာ ပြည်သူက သေသေချာချာ ဘာမှ မသိရဘူး။ YRTA ဘက်က ပြည်သူကို သေသေချာချာ ချပြတာ၊ အသိပေးတာမျိုး မတွေ့သေးဘူး” လို့ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

အခုနှစ် ဧပြီ ၃ ရက်အထိ YBS ယာဉ်တွေရဲ့ တခြားသော ယာဉ်မတော်တဆမှု ဖြစ်စဉ်တွေအနေနဲ့ ယာဉ်ပေါ်မှပြုတ်ကျမှုကြောင့် သေဆုံးသူ နှစ်ယောက်၊ စက်ဘီးစီးနင်းသူနဲ့ တိုက်မိတာကြောင့် သေဆုံးသူ သုံးယောက်နဲ့ ဒဏ်ရာရရှိသူ နှစ်ယောက်၊ မော်တော်ဆိုင်ကယ်စီးနင်းသူနဲ့ တိုက်မိမှုကြောင့် သေဆုံးသူ တယောက်နဲ့ ဒဏ်ရာရရှိသူ ငါးယောက် ရှိခဲ့တယ်လို့လည်း သိရပါတယ်။

YBS တွေနဲ့ တက္ကစီတိုက်မိမှုကြောင့် သေဆုံးသူတယောက်နဲ့ ဒဏ်ရာရရှိသူတယောက်၊ ကိုယ်ပိုင်ယာဉ်ငယ်နဲ့ တိုက်မိမှုကြောင့် သေဆုံးသူ တယောက်နဲ့ ဒဏ်ရာရရှိသူ ၁၁ ယောက်၊ မော်တော်ယာဉ်က ဓာတ်တိုင်ကို ဝင်တိုက်မိမှုကြောင့် ဒဏ်ရာရရှိသူ ကိုးယောက် ရှိခဲ့ပြီး ဧပြီ ၃ ရက်အထိ စုစုပေါင်း သေဆုံးသူ ၁၃ ယောက်နဲ့ ဒဏ်ရာရရှိသူ ၃၂ ယောက် ရှိခဲ့တယ်လို့ YRTC ရဲ့ စာရင်းတွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကလည်း YBS ယာဉ် မတော်တဆမှုဖြစ်စဉ် ကြောင့် သေဆုံးသူ ၃၅ ယောက်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁၁၇ ယောက် ရှိခဲ့ပြီး သေဆုံးသူ ၃၅ ယောက်အနက် လမ်းဖြတ်ကူးသူကို တိုက်မိမှုဖြစ်စဉ်ကြောင့် သေဆုံးသူ ၁၃ ယောက်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။

YRTC ဘက်ကတော့ အဲဒီလိုဖြစ်စဉ်တွေ တွေ့ရှိရင် ယာဉ်မောင်းကို YBS ယာဉ်မောင်းနှင်ခွင့်ကတ် ပြန်သိမ်းတာ၊ ယာဉ်လိုင်းကနေ ရာသက်ပန် ထုတ်ပယ်တာတွေ လုပ်ဆောင်နေတယ်လို့ ပြောကြားထားပါတယ်။

ဒါအပြင် ရန်ကုန်တိုင်းအတွင်း ပြေးဆွဲလျက်ရှိတဲ့ YBS ယာဥ်လိုင်းတွေ စည်းကမ်းမဲ့ မောင်းနှင်ပါကလည်း Viber ကနေတဆင့် တိုင်ကြားနိုင်ပြီဖြစ်တယ်လို့ YRTC က ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

YBS ယာဥ်လိုင်းတွေ လိုက်ပါစီးနင်းသူ ခရီးသွားပြည်သူတွေ အနေနဲ့ စည်းကမ်းမဲ့ YBS ယာဉ်တွေနဲ့ ပတ်သက်ပြီး တိုင်ကြားရာမှာ ရန်ကုန်တိုင်း ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ ဖုန်းနံပါတ်တွေဖြစ်တဲ့ ၀၉၄၄၈၁၄၇၁၄၉၊ ၀၉၄၄၈၁၄၇၁၅၃ နဲ့ ၀၉၄၄၈၁၄၇၁၅၄ တို့ကို ဓာတ်ပုံ (ဒါမှမဟုတ်) ဗီဒီယိုမှတ်တမ်းတွေနဲ့တကွ အချိန်၊ နေ့စွဲ၊ မှတ်တိုင်နေရာတွေနဲ့ ဆက်သွယ် တိုင်ကြားနိုင်တယ်လို့ သိရပါတယ်။

YBS ယာဉ်လိုင်းတွေ စည်းကမ်းမဲ့ မောင်းနှင်ခြင်းနဲ့ ပတ်သက်ပြီး အရင်က ဖုန်းနဲ့ တိုက်ရိုက်ဆက်သွယ် တိုင်ကြားမှုကိုသာ အရေးယူခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ Viber ကနေတဆင့် တိုင်ကြားမှုတွေကို တိုးချဲ့လက်ခံ အရေးယူဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ရဲ့ ကြီးကြပ်မှုအောက်မှာ YBS ခရီးသည်တင်ယာဉ် ၃၅၀၀ ခန့် နေ့စဉ် ပြေးဆွဲလျက်ရှိပြီး ပျမ်းမျှအားဖြင့် နေ့စဉ် ခရီးသွားပြည်သူ ၁ ဒသမ ၄ သန်းဝန်းကျင်ကို ဝန်ဆောင်မှုပေးလျက်ရှိတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – တွဲလက်လူမှုကူညီရေးအသင်း

Related posts

Leave a Comment

VOM News

FREE
VIEW