တိုက်ကြီးမြို့နယ်မှာ မိုးကြိုးပစ်ခံရပြီး လယ်သမားနှစ်ယောက်သေဆုံး



မေ ၆ – ၂၀၂၄
GG (VOM)

ရန်ကုန် ၊ တိုက်ကြီးမြို့နယ်၊ ဆင်ခြံကျေးရွာအုပ်စု၊ ဘဝသစ်စီမံကိန်း အိုင်ကလောင်ကျဉ်းစခန်းနောက်ဘက်မှာ မေလ ၅ ရက်နေ့၊ ညနေပိုင်းက မိုးကြိုးပစ်ခံရပြီး လယ်သမားနှစ်ယောက်သေဆုံးခဲ့တယ်လို့သိရပါတယ်။

အပူချိန်မြင့်တက်တဲ့အရှိန်ကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းတဲ့အပြင် မိုးသီးကြွေခြင်း၊လေပြင်းတိုက်ခြင်း၊မိုးကြိုးပစ်ခြင်းကြောင့် လယ်ထွန်ဖို့စောင့်နေတဲ့ အမျိုးသားနှစ်ယောက်မှာ.မိုးကြိုးထိမှန်သေဆုံးခဲ့ရတာဖြစ်ပါတယ်။

” မနေ့က ညနေ ၄ နာရီခွဲလောက်မှာ မိုးကြိုးပစ်ခံရတာ၊ မိုးရွာ လေတ်ိုက်တော့လယ်မထွန်သေးဘဲ အနီးကအပင်အောက်မှာခိုနေတုန်းမိုးကြိုးပစ်ခံရပြီးနှစ်ယောက်လုံးသေဆုံးတဲ့အနေအထားပါ၊ နေရာမှာပဲ သေဆုံးခဲ့ပါတယ် ” လို့ ဒေသခံလူမှုကူညီရေးအသင်း၊ တာဝန်ရှိသူတဦးကပြောပါတယ်။

မိုးကြိုးပစ်ခံရပြီးသေဆုံးသူတွေက အုပ်ပုံစုရပ်ကွက်၊ပဥ္စာလှရွာက အသက် ၄၄ နှစ်အရွယ် ဦးသန်းနိုင်ဦးနဲ့ ဥက္ကံကံကုန်းကျေးရွာအုပ်စုက အသက် ၂၄ နှစ်အရွယ် ဦးထက်လင်းနိုင်ဆိုသူတို့ဖြစ်တယ်လို့သိရပါတယ်။

မေလ ၂ ရက်နေ့ကလည်း မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ကိုးပင်ရွာက စစ်ရှောင် တွေ နေထိုင်ရာအနီး မိုးကြိုးပစ်ခံရလို့ စစ်ဘေးရှောင် အမျိုးသားသုံးယောက် သေဆုံးကာ ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ယခုရက်ပိုင်းအတွင်း မြန်မာပြည်အထက်ပိုင်းမှာ သဘာဝဘေးအန္တရာယ်ကြောင့် လူငါးယောက်နဲ့ နွား၂၄ ကောင်သေဆုံးမှုလည်းရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်တုန်းကလည်း ရခိုင်ပြည်နယ်တခုတည်းမှာတင် မိုးကြိုးပစ်ခံရပြီးသေဆုံးမှု ၁၀ ဦးထက်မနည်းရှိခဲ့ရာတနိုင်ငံလုံးအနေနဲ့ဆိုရင် လူ၂၀ ထက်မနည်းမိုးကြိုးပစ်ခံရပြီးသေဆုံးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ မိုးကြိုးအများဆုံးပစ်တဲ့ကာလက မိုးကြိုကာလဖြစ်တဲ့ ဧပြီ ၊ မေလနဲ့ မိုးနှောင်း ကာလဖြစ်တဲ့ အောက်တိုဘာလနဲ့ နိုဝင်ဘာလ ဖြစ်ပြီး မိုးကြိုးပစ်မှုများဆုံးအချိနိတွေက မွန်းတည့်ချိန်ကနေ ညနေ ၆ နာရီအတွင်း ဖြစ်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက အသိပေးထားမှုအရသိရပါတယ်။

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ သုံးနှစ်ကစပြီး မိုးကြိုကာလရောက်တိုင်း မိုးကြိုးပစ်ခြင်း၊ လေဆင်နှာမောင်းတိုက်ခြင်းနဲ့ လေပြင်းအန္တရာယ်ကို သိသိသာသာ ဆက်တိုက် ကြုံလာေနရတယ်လို့လည်း သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW