မုံရွာမြို့မှာ ပိုင်ရှင်မဲ့ အလောင်းတွေ အတွေ့များလာ

ဧပြီ ၊ ၁၂ ၊ ၂၀၂၄
SP ( VOM)

၂၀၂၀ ရွေးကောက်ပွဲအပြီး နိုင်ငံရေးပဋိပက္ခတွေဖြစ်တဲ့ သုံးနှစ်ကျော်ကာလ မုံရွာဝန်းကျင်မှာ ပိုင်ရှင်မဲ့ ရုပ်အလောင်းပေါင်း နှစ်ရာနီးပါး သဂြိုလ်ပေးခဲ့ရတယ လို့ မုံရွာမြို့ခံ ပရဟိတသမားတွေမှတမ်းအရ သိရပါတယ်။

လွန်ခဲ့တဲ့နှစ်ရက် ဧပြီ ၉ ရက်မနက်ပိုင်းက စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ရတနာပုံရပ်ကွက် ၊ သာစည်လမ်းအနီး ဆရာအတတ်သင် ပညာရေး ကောလိပ်ကျောင်းနားမှာရှိတဲ့ မြနန္ဒာသုဿန်မှာ ဦးခေါင်းပိုင်း သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ပိုင်ရှင်မဲ့ အမျိုးသား ရုပ်အလောင်း ငါးလောင်းတွေ့ခဲ့ရတယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

မြနန္ဒာ သုဿန်အနီးဝန်းကျင်မှာနေတဲ့ ဒေသခံတယောက်က ” ပြီးခဲ့တဲ့ ဧပြီ ၈ ရက် ( တပေါင်း လကွယ်) ည ၈ နာရီထိုးပြီးတော့ မြနန္ဒာသုဿန်ဘက်ကို ကားနှစ်စီး လာတယ် ၊ သာစည်လမ်းဘက်ကနေ မြနန္ဒာလမ်းဘက်ကိုချိုးကွေ့လာပြီးနောက် ဘောလုံးကွင်းထိပ် အရောက်လောက်မှာ ကားနှစ်စီးလုံး မီးပိတ်ပြီး မောင်းလာတယ်၊ အဲ့ဒီနောက် သုဿန်ဘက်ကို ဝင်သွားတယ် ၊အချိန် သိပ်မကြာလိုက်ဘူး သေနတ်သံ လေးငါးချက်ကြားလိုက်ရတယ် ၊ နောက်တနေ့ ဧပြီ ၉ ရက်မနက်ပိုင်းမှာ ပစ်သတ်ခံထားရတဲ့ အမျိုးသား ရုပ်အလောင်း ငါးလောင်းတွေ့ရတယ် ၊ သေဆုံးသူတွေဟာ ဘယ်ကဘယ်သူတွေဆိုတာ အခုထိ မသိရသလို ၊ ဘယ်အဖွဲ့က ပစ်သတ်သွားတယ်ဆိုတာလည်း မသိရဘူး ” လို့ ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ မုံရွာမြို့နယ် ရဲတပ်ဖွဲ့ရုံးက စစ်နေတယ်လို့ သိရပါတယ်။

မုံရွာမှာ ပြီးခဲ့တဲ့ ၂၀၂၁ နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဥ်ပေါ်ပေါက်လာပြီးနောက်ပိုင်း ၂၀၂၁ မတ်ကနေ ဒီနှစ် ဧပြီ ၉ ရက်အထိ ပိုင်ရှင်မဲ့ ရုပ်အလောင်းပေါင်း နှစ်ရာနီးပါးကို နယ်ခံ လူမှုကူညီရေးအဖွဲ့တွေက သဂြိုလ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

ပိုင်ရှင်မဲ့ ရုပ်အလောင်းတွေ တွေ့ရတာနဲ့ ပတ်သက်ပြီး ပရဟိတသမားတယောက်က
” ပြီးခဲ့တဲ့ သုံးနှစ်ကာလအတွင်း ပိုင်ရှင်မဲ့ ရုပ်အလောင်း နှစ်ရာနီးပါးကို မြေမြုပ်သဂြိုလ်ပေးခဲ့ရတယ် ၊ သေဆုံးသူတွေဟာ မိုင်းစထိမှန်ဒဏ်ရာ ၊ ကျည်ဆံဖောက်ဝင် ဒဏ်ရာ ၊ ဓားဒဏ်ရာကြောင့် ထိုးသွင်း ပြတ်ရှ ဒဏ်ရာတွေ အများစုပါဝင်တယ် ၊ အဲ့ဒီထဲမှာ အရိုးကျနေပြီဖြစ်တဲ့ ရုပ်အလောင်းလည်း ပါဝင်တယ် ၊ နောက်ပြီး လမ်းဘေးမှာ ၉၆ ပါးနဲ့ သေနေတဲ့ သူတွေလည်းပါတယ် ၊ ပိုင်ရှင်မဲ့ အလောင်းတွေဖြစ်ရတာက အခြေခံ အကြောင်းအရာ သုံးချက်ရှိတယ် ၊ အရင်က သတင်းတွေထွက်ပေါ်လာပြီးနောက်ပိုင်းအခင်းဖြစ်အရပ်ကို လူတွေက ဝိုင်းအုံပြီး လာကြည့်ကြတယ် ၊ အဲ့ဒီ ပရိတ်သတ်ထဲမှာ သေဆုံးသူဟာ ဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတာ တယောက်မဟုတ် တယောက်သိကြတယ် ၊ အခု လက်ရှိအခြေအနေက အခင်းဖြစ်အရပ်ကို လူတွေလာပြီး အရင်ကလို မကြည့်ရဲကြဘူး ဖြစ်နေတယ် ၊ အဲ့ဒါကြောင့် သေဆုံးသူ ဘယ်သူလည်းဆိုတာ သက်ဆိုင်ရာက အချိန်မီ မသိရတာဖြစ်တယ် ၊ နောက်တချက်က ပြီးခဲ့တဲ့ သုံးနှစ်အတွင်း မုံရွာမြို့ကို အနယ်နယ် အရပ်ရပ်ကနေ ပြောင်းရွှေ့နေထိုင်လာသူတွေများတယ် ၊ လူသစ်တွေများတယ် ၊ အရင်လို တယောက်အကြောင် တယောက်သိသူတွေ မရှိသလောက်ဖြစ်နေတာလည်း ပါတယ်၊ သိလည်း မပြောရဲကြဘူးဖြစ်နေတယ် ၊ တတိယအချက်က စစ်ကိုင်းတိုင်းမှာ အရင်ကလို ရပ်ကွက်တိုင်း ၊ ကျေးရွာတိုင်းမှာ ဆယ်အိမ်စု အုပ်ချုပ်ရေးစနစ် ပျက်ပျယ်နေတာကြောင့် အခုလို ပိုင်ရှင်မဲ့ ရုပ်အလောင်းတွေ များလာရတာ”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ အောက်တိုဘာ ၂၄ ရက် မနက်ပိုင်းက မုံရွာမြို့ ၊ ဒေါနခြံရပ်ကွက် ၊ အထက ၂ ကျောင်းလမ်း ဆေးရုံကြီးနားမှာ ပေါက်ကွဲမှုဖြစ်ပြီး ပိုင်ရှင်မဲ့ ကလေး ၃ ေသဆုံးခဲ့ ပါတယ် ၊ အဲ့ဒီနောက် တမာတန်း မီးပွိုင့်နားမှာ ပေါက်ကွဲမှုဖြစ်ပြီး ပိုင်ရှင်မဲ့ လူငယ် ၂ ယောက်၊ အဲ့ဒီနားမှာ အလားတူ ၂ ကြိမ်ဖြစ်ခဲ့ပါသေးတယ် ၊ ၂၀၂၁ တန်ဆောင်တိုင်ညမှာ မုံရွာမြို့ ၊ ရတနာပုံရပ်ကွက်၊ သာစည်လမ်းနဲ့ မြနန္ဒာလမ်းဆုံနေရာမှာ ပေါက်ကွဲမှုဖြစ်ပြီး ပိုင်ရှင်မဲ့ လူငယ် ၂ ယောက်အလောင်းတွေ့ရပါတယ်။

လယ်ဇင်ကျေးရွာက ရွာလယ်ဇရပ်ပေါ်မှာ ဓားခုတ်ခံထားရတဲ့ ပိုင်ရှင်မဲ့ ရုပ်အလောင်း ၃ လောင်းတွေ့ခဲ့ပြီး စက်မှုဇုန်ရပ်ကွက် ကံပြားလေး သုဿန်အဟောင်းနားမှာ မိုင်းပေါက်ကွဲပြီး ပိုင်ရှင်မဲ့ ရုပ်အလောင်း ၃ လောင်း၊ ကျောက္ကာလမ်း ဇောတိကရာမ ကျောင်းတိုက်နားက အမှိုက်ကန်နား ပေါက်ကွဲမှုဖြစ်ပြီး ပိုင်ရှင်မဲ့ ၂ လောင်းတွေ့ရပြန်တယ် ၊ အဲ့ဒီ ပိုင်ရှင်မဲ့ ရုပ်အလောင်းတွေ အပါအဝင် ပြီးခဲ့တဲ့နှစ် ၂၀၂၁ မတ်ကနေ ဒီဇင်ဘာအထိ ပိုင်ရှင်မဲ့ ရုပ်အလောင်း ၇၀ ကျော် မြေမြုတ်သဂြိုလ်ပေးခဲ့ရတယ် လို့ မုံရွာမြို့ခံ လူမှုကူညီရေး အဖွဲ့ဝင် ပရဟိတသမား တယောက်က ပြောပါတယ်။

မုံရွာမှာ ပိုင်ရှင်မဲ့ ရုပ်အလောင်းတွေ တွေ့ရတာနဲ့ သဂြိုလ်ပေးရတဲ့အကြောင်းကို ဒေသခံ ပရဟိတသမား တယောက်ကလည်း
”၂၀၂၂ မှာ မုံရွာမြို့ ၊ ဒေါနခြံရပ်ကွက် ၊ အထက ၂ ကျောင်းနားက စစ်ကိုင်းတိုင်း လူငယ့်ရေးရာ အသင်းရုံး အဆောက်အဦပေါ်က အရိုးကျနေပြီဖြစ်တဲ့ ပိုင်ရှင်မဲ့ အလောင်း တလောင်း ၊ အောက်တိုဘာ ၃ ရက်က နန္ဒဝန်ရပ်ကွက် တိုင်းရုံးမြေနေရာ ​ပစ်ခတ်မှုဖြစ်စဥ်မှာ ပိုင်ရှင်မဲ့ ၃ လောင်း ၊ ဗိုလ်တေဇလမ်း မိဘမေတ္တာ လက်ဘက်ရည်ဆိုင်နား ပစ်သတ်ထား ပိုင်ရှင်မဲ့ ၃ လောင်း ၊ ကောရဗျရွာဝင်မှာ ပစ်သတ်ခံထားရတဲ့ ပိုင်ရှင်မဲ့ ၃ လောင်း ၊ အလုံ ဘူတာနားမှာ ပိုင်ရှင်မဲ့ ၁ လောင်း ၊ ပြီးခဲ့တဲ့ရက်ပိုင်းက နန္ဒဝန်ရပ်ကွက်ထဲမှာ ဆိုင်ကယ်မှောက်ပြီး သေနတ် ၁ လက် တွေ့ရတယ်ဆိုတဲ့ ပိုင်ရှင်မဲ့ ၂ လောင်း ၊ အပါအဝင် ပိုင်ရှင်မဲ့ အလောင်း ၃၀ ကျော် သဂြိုလ်ပေးခဲ့ရတယ် ၊ တချို့လည်း သဂြိုလ်ပြီးမှ ပိုင်ရှင်ပေါ်တယ် ၊ တချို့လည်း ဆေးရုံအသုဘအနေနဲ့ သဂြိုလ်လိုက်ရတယ် ” လို့ ပြောပါတယ်။

အဲ့ဒီလို ပိုင်ရှင်မဲ့ ရုပ်အလောင်းတွေ တွေ့ရတာနဲ့ ပတ်သက်ပြီး မုံရွာမြို့နယ် ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က
” ခေတ်ကာလ အခြေအနေကြောင့် မုံရွာမြို့ပေါ်နဲ့ မြို့နယ်ထဲကို အနယ်နယ် အရပ်ရပ်က လူမျိုးပေါင်းစုံ ၊ ပုံသဏ္ဍန်ပေါင်းစုံနဲ့ ခိုကပ်နေထိုင်လာတာတွေရှိတယ် ၊ ပိုင်ရှင်မဲ့ သေဆုံးသူ ဖြစ်စဥ်အများစုဟာ ယာဥ် အက်စီးဒင့်ကြောင့် သေဆုံးတာတွေ ပါဝင်သလို ၊ ပေါက်ကွဲမှုဖြစ်စဥ်နဲ့ ပစ်ခတ်မှုဖြစ်စဥ်တွေကြောင့်ပါတယ် ၊ အဲ့ဒီအပြင် ၉၆ ပါးနဲ့ လမ်းဘေး သေဆုံးတာတွေရှိတယ် ၊ ဖြစ်စဥ်အားလုံးကို သေမှုသေခင်းဖွင့် စစ်ဆေးနေတယ် “လို့ ပြောပါတယ်။

ဒါ့အပြင် မှတ်တမ်းတွေအရ ပြီးခဲ့တဲ့ ၂၀၂၁ မှာ ပိုင်ရှင်မဲ့အလောင်း ၇၀ ကျော် ၊ ၂၀၂၂ မှာ တရာကျော်နဲ့ ၂၀၂၃ မှာ ၄၀ ကျော်ရှိခဲ့ပြီး ဒီနှစ်ထဲမှာတော့ ပိုင်ရှင်မဲ့ အလောင်း ၁၄ ထက်မနည်း သဂြိုလ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

အဲ့ဒီ မုံရွာမြို့မှာတွေ့ရတယ်ဆိုတဲ့ ပိုင်ရှင်မဲ့ ရုပ်အလောင်းတွေကို သုခဟိတ ၊ ရုံးကြီးလူငယ် ၊ ရွှေဒေါန ၊ လယ်တီ ၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး အဖွဲ့ (မုံရွာ) စတဲ့ လူမှုကူညီရေးအသင်းအဖွဲ့တွေက ကုသိုလ်ဖြစ် ဝိုင်းဝန်းသဂြိုလ်ပေးခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ ၊ မြနန္ဒာသုဿန်မှာ ပိုင်ရှင်မဲ့အလောင်းသဂြိုလ်ပေးနေတဲ့မြင်ကွင်း(ဒေသခံ ပရဟိတတဦး)

Related posts

Leave a Comment

VOM News

FREE
VIEW