တိုက်ပွဲတွေ ထပ်မဖြစ်ပေမယ့် ကရင်ပြည်နယ် ကျုံဒိုးက စစ်ရှောင်တွေ နေရပ်မပြန်နိုင်သေး

ရန်ကုန်၊ ဧပြီ ၂၀ – ၂၀၂၄
GG (VOM)
ကရင်ပြည်နယ် ကျုံဒိုးမှာ KNU၊KNLA ၊PDF ပူးပေါင်းတပ်တွေနဲ့ နစက စစ်တပ်အကြား မနေ့က ဧပြီလ ၁၉ ရက်နေ့ မနက်ပိုင်းမှာတိုက်ပွဲ ပြင်းထန်ခဲ့ပေမယ့် ဒီနေ့ ဧပြီလ ၂၀ ရက်မှာတော့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ငြိမ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ကျုံဒိုး တိုက်ပွဲက မနေ့ကမနက်ပိုင်းမှာ ဖြစ်ပွားခဲ့ပြီး နေ့လယ် ၁၂ နာရီလောက်စပြီး ဒီနေ့အထိ အပစ်ခတ်ငြိမ်သွားတာဖြစ်တယ်လို့သိရပါတယ်။
” မနေ့ကနေ့ခင်းထဲက ငြိမ်သွားတာ ဒီနေ့အထိအေးဆေးပါပဲ။ တိုက်ပွဲမရှိဘူး၊ မရှိဘူးဆိုပေမယ့် ရွာတွေထဲတော့ မနေရဲကြသေးဘူး။စစ်ရှောင်တွေကလည်းပြန်မလာရဲကြသေးဘူး။မြို့ထဲလည်း ဝယ်စရာရှိတာဝယ် အိမ်ပြန်ကြတာ၊အရင်လိုစည်ကားနေတာမျိုးမဟုတ်ဘူး ” လို့ ဒီနေ့ရဲ့အခြေအနေကို ကျုံဒိုးမြို့ခံတဦးကပြောပြပါတယ်။
မြဝတီကို စစ်ကူလာရောက်တဲ့ စစ်ကြောင်းကို KNU ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်ရာကနေ ကျုံဒိုးမြို့နယ်မှာရှိတဲ့ နစကရဲ့ ခမရ ၅၄၅ နဲ့ ခမရ ၅၄၆ တပ်နဲ့ပါ ထိတွေ့ပြီး ဧပြီလ ၁၉ ရက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲကြောင့် ကျုံဒိုးက ဒေသခံရာနဲ့ချီပြီး ဘားအံအပါအဝင် နေရာအချို့ကို စစ်ဘေးတိမ်းရှောင်နေကြရဆဲဖြစ်တယ်လို့သိရပါတယ်။
” ပစ်ခတ်မှုမှာ လေယာဉ်တွေလည်းလာတယ်။မြို့ပြင်က ခမရ ၅၄၅ နဲ့ဖြစ်တာ၊မြို့ထဲထိတော့မဟုတ်ဘူး။ တိုက်ပွဲဖြစ်တဲ့ဘက်က နေထိုင်သူတွေက ထွက်ပြေးကြတယ်။မြို့ထဲမှာရှိတဲ့သူတွေကလည်း ပစ်ခတ်ကြတယ်ဆိုတော့ စိုးရိမ်ပြီးထွက်ပြေးရှောင်ကြတာပေါ့။ မြို့ကတော့အခုတိတ်ဆိတ် နေတာပေါ့။အပြင်ထွက်သူသိပ်မရှိဘူး ” လို့ ကျုံဒိုးဒေသခံတယောက်ကပြောပါတယ်။
လက်ရှိ ကျုံဒိုးမြို့နယ်မှာ ပစ်ခတ်မှုမရှိ တိုက်ပွဲငြိမ်နေပေမယ့် ဒေသခံတွေကတော့ တိုက်ပွဲထပ်မံဖြစ်ပွားလာမှာကို စိုးရိမ်တာကြောင့် စစ်ဘေးရှောင်သူတွေက နေရပ်ပြန်လာခြင်းမရှိသေး ဘူးလို့သိရပါတယ်။
ကျုံဒိုးမြို့ဟာ နစကအတွက် မြဝတီကို စစ်ကူပို့ဖို့အတွက် အဓိကကျတဲ့ လမ်းကြောင်းအဖြစ်ရှိနေလို့ PDF ပူးပေါင်းတပ်တွေကလည်း မြဝတီကို နစက တပ်တွေစစ်ကူပေးပို့ခြင်းကို ကြားဖြတ်တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။
ကော့ကရိတ်မြို့မှာလည်း တိုက်ပွဲတွေပြင်းထန်နေပြီး တမြို့လုံးနီးပါး စစ်ဘေးတိမ်းရှောင်နေကြရတဲ့အပြင် လက်နက်ကြီးကျရောက်လို့နေအိမ်မီးလောင်မှုတွေရှိနေတဲ့အပြင် မြို့ပျက်ကြီးသဖွယ်ဖြစ်နေတာကြောင့် နေအိမ်၊ဈေးဆိုင်ဖောက်ထွင်းမှုတွေပါကြုံနေရတယ်လို့သိရပါတယ်။
လက်ရှိ မြဝတီ အမှတ်၂ချစ်ကြည်ရေးတံတားမှာ စစ်တပ်နဲ့တိုင်းရင်းသားလက်နက်ကိုင်တွေ တိုက်ပွဲဖြစ်ပွားနေတာကြောင့် မြဝတီကို နစက တပ်တွေစစ်ကူသွားရောက်နိုင်မယ့်လမ်းကြောင်းတွေမှာ KNU ဦးဆောင်ပူးပေါင်းတပ်တွေက နေရာယူပြီး ကြားဖြတ်တိုက်ခိုက်မှုတွေဆက်တိုက်လုပ်နေပါတယ်။
Photo – MMKK

Related posts

Leave a Comment

VOM News

FREE
VIEW