ဧပြီ ၂၀ – ၂၀၂၄
SN (VOM)
ကချင်ပြည်နယ်၊ ပူတာအိုမြို့၊ မူလာရှီးဒီရပ်ကွက်ရှိ မြန်မာ့စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ ပိုင်ဆိုင်တဲ့ Malikha Lodge Hotel မှာ ဒီကနေ့ ဧပြီ ၂၀ ရက်၊ မနက် ၆ နာရီဝန်းကျင်က မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မီးလောင်မှုကြောင့် ဘန်ဂလိုနှစ်ဆောင် ပြာကျသွားခဲ့ပြီး အခင်းဖြစ်ပွားရာ နေရာကို ပူတာအိုမီးသတ်စခန်းမှ မီးသတ်ယာဉ်တွေအပြင် နစက လုံခြုံရေး တပ်ဖွဲ့ဝင်တွေလည်း လာရောက် မီးငြှိမ်းသတ်ပေးခဲ့တယ်လို့ သိရပါတယ်။
“အဆောင် နှစ်ဆောင်တော့ မီးလောင်သွားတယ်။ မီးသတ်တပ်ဖွဲ့ဝင်တွေရော၊ ဒေသခံတွေရော၊ စစ်တပ်ကရော ဝိုင်းငြှိမ်းကြလို့ အချိန်မီ မီးထိန်းနိုင်လိုက်နိုင်တာ။ တခြား အဆောင်တွေတော့ ပါမသွားဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိမှာ မီးလောင်မှုကြောင့် လူထိခိုက်မှု ရှိ၊ မရှိ၊ ပျက်စီးဆုံးရှုံးမှုနဲ့ မီးလောင်ရတဲ့ အကြောင်းရင်းတို့ကို သက်ဆိုင်ရာက စိစစ်လျက်ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်ကလည်း ရခိုင်ပြည်နယ်၊ ငပလီမြို့၊ မြပြင်ရပ်ကွက်ရှိ ဦးတေဇပိုင် ထူးဟိုတယ် (ခေါ် ) Ngapali Palace Aureum Hotel ဝါယာရှော့ခ်ဖြစ်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါသေးတယ်။
အဲ့ဒီ့ ဖြစ်စဉ်မှာ ဧည့်သည်ဆောင်တချို့ကို မီးကူးစက်ခဲ့ပေမယ့် ဟိုတယ်က ပိတ်ထားတာကြောင့် မီးလောင်မှုဖြစ်ပွားချိန် ခရီးသွားဧည့်သည်တွေ မရှိတဲ့အတွက် လူထိခိုက်မှုမရှိသလို မီးကိုလည်း အချိန်မီ ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့တုန်းကလည်း ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပန်းဥယျာဉ်ရပ်ကွက်၊ ကန်ရိပ်သာလမ်း၊ ဦးတေဇပိုင် ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဟိုတယ်ရဲ့ ၇၀ ရာခိုင်နှုန်းလောက် မီးထဲပါသွားခဲ့ကာ လူ နှစ်ယောက် သေဆုံးခဲ့ပါတယ်။
ဓါတ်ပုံ ဒေသခံတဦး
ပူတာအိုရှိ ဦးတေဇပိုင် ဟိုတယ်မီးလောင်
