စစ်တွေမှာ ကုန်ဈေးနှုန်းတွေ အဆမတန် ဆက်လက် မြင့်တက်နေ



ဧပြီ ၂၁ – ၂၀၂၄
SN (VOM)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ပြီးခဲ့တဲ့ မတ်လ နောက်ဆုံးပတ်မှစပြီး ကုန်စျေးနှုန်းတွေ အဆမတန် မြင့်တက်လာနေတယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

နစကတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲ စတင်ဖြစ်ပွားတဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်ကစလို့ စစ်တွေမြို့ အပါအဝင် ရခိုင်ပြည်နယ် တခုလုံးရဲ့ ကုန်းလမ်း၊ ရေလမ်းတွေကို ပိတ်ဆို့ ဖြတ်တောက်ထားတာကြောင့် ပြည်မဘက်ကနေ တင်သွင်းရတဲ့ ကုန်စည်စီးဆင်းမှုတွေ မရှိတော့တဲ့အတွက် အခုလို ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။

“အခြေခံစားသောက်ကုန် စျေးနှုန်းတွေက တရိပ်ရိပ် မြင့်တက်လာနေတာ။ အရင်က တသိန်းအောက်ပဲရှိခဲ့တဲ့ ဆန်ကြမ်းတအိတ်တောင် နှစ်သိန်းကျော်အထိ ရှိနေပြီ။ ငွေကြေးမတတ်နိုင်သူတွေ၊ တနေ့လုပ်မှ တနေ့စားရတဲ့သူ‌တွေအတွက်ကတော့ ပိုပြီး ခက်ခဲနေတာပေါ့” လို့ ဒေသခံတယောက်က ပြောပါတယ်။

အခြေခံစားကုန်တွေထဲမှာ ကြက်ဥ တလုံး ၁၀၀၀ ကျပ်၊ ကန်စွန်းရွက် တစီး ၃၀၀၀ ကျပ်၊ ငရုပ်သီးစိမ်း ငါးကျပ်သား ၆၀၀၀ ကျပ်၊ စားသုံးဆီ တပိဿာ လေးသောင်းကျပ်၊ ရွှေ၀ါဆပ်ပြာ တပိုင်း ၃၅၀၀ ကျပ်အထိ ဈေးမြင့်တက်နေတယ်လို့ သိရပါတယ်။

“အခုက လက်ထဲ ပိုက်ဆံရှိရင်တောင် လိုချင်တဲ့ပစ္စည်းက ဝယ်လို့မရတာများတယ်။ တချို့ဆိုင်တွေဆို ရောင်းစရာမရှိလို့ ပိတ်ထားရတာတွေတောင် ရှိတယ်။ ဆန်တပြည်ကိုတောင် အခု တသောင်းဈေး ဖြစ်နေပြီ။ အခုကတော့ မငတ်ရုံတမယ် ချွေတာ စားသောက်နေရတာပေါ့။ ဒီ့ထက် ပိုဆိုးလာရင်၊ ကြာလာရင်တော့ ငတ်ဖို့ပဲ ရှိတော့တယ်” လို့ နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။

လက်ရှိ စစ်တွေမှာ ရွှေဘိုပေါ်ဆန်း တအိတ်ကို ကျပ် သုံးသိန်းဝန်းကျင်အထိ ပေါက်ဈေးရှိနေပြီး ကော်ဖီမစ်နဲ့ ငါးကတော့ ၀ယ်လို့ မရတော့ဘူးလို့ သိရပါတယ်။

စက်သုံးဆီဈေးကတော့ 92 တလီတာကို ကျပ် နှစ်သောင်းခွဲအထိ ရှိနေပြီး စစ်တွေမြို့ ဆီဆိုင်တချို့မှာ ဆီပြတ်လပ်မှုပြဿနာနဲ့ ရင်ဆိုင်နေရသလို တချို့ဆိုင်တွေကတော့ ဆီမရှိလို့ ပိတ်ထားရတဲ့ အခြေအနေအထိ ဖြစ်နေတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW