တောင်တွင်းမြို့နယ်မှာ ရာအိမ်မှူး သုံးယောက် ပစ်သတ်ခံရ



ဧပြီ ၊ ၂၁ ၊ ၂၀၂၄
SP ( VOM)

မကွေးတိုင်း ၊ တောင်တွင်းကြီးမြို့နယ် ၊ဆတ်သွားကျေးရွာမှာ ရာအိမ်မှူး တာဝန်ထမ်းဆောင်နေတဲ့ လူသုံးယောက် မနေ့ ဧပြီ ၂၀ ရက် ၊ ညနေပိုင်းက ပစ်သတ်ခံရလို့ သုံးလောင်းပြိုင် လူသတ်မှု ဖြစ်ခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” မနေ့ကညနေပိုင်း ၅ နာရီဝန်းကျင်မှာ ဆတ်သွားရွာက ရာအိမ်မှူး သုံးယောက် ပစ်သတ်ခံရတယ် ၊ အဲ့ဒီ ရာအိမ်မှူး သုံးယောက်က အောင်မင်္ဂလာကန်ထဲမှာ ငါးပက်နေတုန်း အမည်မသိ (စုံစမ်းဆဲ) လူတယောက်က ဆိုင်ကယ်တစီးနဲ့ရောက်လာပြီး ရာအိမ်မှူး သုံးယောက်စလုံးကို ပစ်သတ်သွားတယ် ” လို့ ပရဟိတသမားတယောက်က ပြောပါတယ်။

တောင်တွင်းကြီး မြို့နယ်လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က
” ဆတ်သွားရွာက ရာအိမ်မှူး သုံးယောက်ပစ်သတ်ခံရတယ် ၊ ဦးခင်မောင်အေး၊ အသက် ၆၅ နှစ် ၊ နဲ့ ဦးသန်းဌေး အသက် ၅၂ နှစ် တို့ နှစ်ယောက်က နေရာမှာတင် သေဆုံးတယ် ၊ နောက်ပြီး ရာအိမ်မှူး ဦးဟန်ဦးခိုင် အသက် ၄၂ နှစ်ဆိုသူကပါးစပ်ကနေ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက် ၊ ဝဲဘက်ဂုတ်ပိုး ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက် ၊ရရှိပြီး ( စိုးရိမ်ရ လူနာ ) ဖြစ်တာကြောင့် ၊တောင်တွင်းကြီးဆေးရုံကနေ တဆင့် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကို တက်ရောက် ဆေးကုနေရတယ် ” လို့ ပြောပါတယ်။

တောင်တွင်းကြီးမြို့ခံ တယောက်က
” ပြီးခဲ့တဲ့ (ဧပြီ ၁၈ ရက်) မနက်ပိုင်း ၊ ၁၀ နာရီဝန်းကျင်မှာ မကွေးတိုင်း ၊ တောင်တွင်းကြီးမြို့နယ် ၊ ထောက် ကြံ့ကွင်းကျေးရွာသုသာန်မှာ ဒေသခံတွေရဲ့ ပင့်ဖိတ်ချက်အရ ဘုန်းကြီး လေးပါး ကြွရောက်တော်မူပြီး သုဿန်မှာ နှစ်သစ်ကူး မေတ္တာဆုတောင်း အမျှဝေပွဲ ပြူလုပ်တယ် ၊ အဲ့ဒီ ဆုတောင်းပွဲပြုလုပ်နေချိန် အမည်မသိ (စုံစမ်းဆဲ) လူနှစ်ယောက်က ဆိုင်ကယ်တစီးနဲ့ ရောက်လာပြီး ဘုန်းကြီးတွေကို ပစ်ခတ်တယ် ၊ အဲ့ဒါကြောင့် ၊ ဝါးသုံးပြူးကျေးရွာ၊ သီရိမာလာကျောင်းတိုက်က ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တပညာဝံသ၊ သက်တော် (၇၃)နှစ်၊ ဝါတော် (၂၂) ဝါ ပျံလွန်တော်မူတယ် ၊ နောက်ပြီး ထောက်ကြံ့ကွင်းကျေးရွာ၊ အောင်မြေသာသနာကျောင်းတိုက်က ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တကုန္ဒလဇောတိ၊ သက်တော် (၄၅) နှစ်၊ ဝါတော် (၂၅) ဝါ က ဒဏ်ရာရတယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့)ကလည်း တောင်တွင်းကြီးမြို့ ၊ ရခိုင်ဘုရားဝန်းနားမှာ နေ့လယ် ၂ နာရီဝန်းကျင်က ထမင်းဆိုင်တခုမှာ ထမင်းစားနေတဲ့ပင်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းအောင် အပါအဝင် ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင် လူ သုံးယောက် ပစ်သတ်ခံရတယ်လို့ သိရပါတယ်။ ၊ အဲ့ဒီ အပြင် ဖေဖော်ဝါရီ ၁၂ ရက်က နတ်မောက်မြို့နယ် ၊ ကုလားရှင်စံပြကျေးရွာက အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဌေး ဆိုသူလည်း ပစ်သတ်ခံရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၂၆ ညဦးပိုင်း အချိန်မှာ သရက်ခရိုင်ထဲက အထက် မင်းလှမြို့နယ်နဲ့ မင်းတုန်းမြို့နယ်တွေမှာ ရပ်/ ကျေး အုပ်ချုပ်ရေးမှူးတွေ တပြိုင်းတည်း ပစ်သတ်ခံရလို့ မင်းတုန်းမြို့နယ်ထဲက တောင်ယံကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် မင်းလှ မြို့နယ်ထဲက လင်းကယ်ကျေးရွာ ၊ မီးလောင်ကုန်းကျေးရွာ ၊ ပေတောကုန်းကျေးရွာ ၊ ကဒေါင်းစောက်ကျေးရွာနဲ့ ကံ(အလယ်)ရွာ စတဲ့ကျေးရွာတွေမှာ ရပ် / ကျေး အုပ်ချုပ်ရေးမှူးတွေကို တချိန်တည်း တပြိုင်းတည်း ဆိုသလို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက နေအိမ်တွေမှာ ဝင်ရောက် ပစ်သတ်သွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်ကလည်း အောင်လံမြို့နယ်၊ ညောင်ပင်ဝိုင်းကျေးရွာအနီး ကျေးရွာချင်း ဆက်လမ်းပေါ်မှာ စားအုန်းဆီထုတ်ပြီး ပြန်လာတဲ့ ကင်မွန်းခြုံကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။

အဲ့ဒါကြောင့် ပြီးခဲ့တဲ့ ၂၀၂၁ နိုင်ငံရေး အခင်းအကျင်း ပြောင်းလဲဖြစ်ပေါ်ပြီးနောက် မကွေးတိုင်းမှာရှိတဲ့ မြို့နယ် ၂၆ မြို့နယ် ၊ မြို့ပေါင်း ၃၂ မြို့ ၊ ရပ်ကွက်ပေါင်း ၁၉၉ ရပ်ကွက် ၊ ကျေးရွာအုပ်စုပေါင်း ၁၅၃၈ အုပ်စု နဲ့ ကျေးရွာပေါင်း ၄၇၈၈ ရွာရှိခဲ့ရာက အခုဆိုရင် ဆော ၊ ကျောက်ထု ၊ ပေါက် ၊ ထီးလင်း ၊ ဂန့်ဂေါ ၊ ကျော ၊ ဆိပ်ဖြူ ၊ ရေစကြို ၊ မြိုင် စတဲ့ မြို့နယ်တွေမှာ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အသတ်ခံရတာေကြာင့် အခုထိ အုပ်ချုပ်ရေးမှူး နေရာ လုပ်ချင်သူ မရှိသေလာက် နည်းနေတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW