မြဝတီတိုက်ပွဲကြောင့် ထိုင်းဘက်ခြမ်းက တပတ်ဝင်ခွင့်ကဒ်ကိုင်ဆောင်သူတွေကို ဝင်ခွင့်ပိတ်

မြဝတီ ၊ ဧပြီ ၂၁ – ၂၀၂၄
KT ၊ GG (VOM)
မြဝတီမြို့မှာ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အကြား တိုက်ပွဲအခြေအနေက ညကနေ မနက်ပိုင်းအထိတိုက်ပွဲပြင်းထန်ခဲ့ပေမယ့် ၉ နာရီကျော်လောက်ကစပြီး အပစ်ခတ်မရှိ တိုက်ပွဲငြိမ်သက်သွားတယ်လို့သိရပါတယ်။
လတ်တလောမှာ တိုက်ပွဲငြိမ်သက်သွားပေမယ့် ထိုင်းအစိုးရကတော့ အမှတ် ၁ ချစ်ကြည်ရေးတံတားကနေ မြဝတီမှ မဲဆောက်ကို ၇ ရက်သက်တမ်းနဲ့ဝင်ရောက်မှုကို ပိတ်လိုက်ပြီး ပတ်စ်ပို့စာအုပ်ကိုင်ထားသူတွေကိုသာ လတ်တလောပေးဝင်ကြောင်း၊ ထိုင်းကနေ မြဝတီပြန်မယ့်သူတွေကိုတော့ ပြန်ခွင့်ပြုပေးနေတယ်လို့သိရပါတယ်။
မြဝတီတိုက်ပွဲကြောင့် ထိုင်းဘက်ခြမ်းက တပတ်ဝင်ခွင့်ကဒ်ကိုင်ဆောင်သူတွေကို ဝင်ခွင့်ပိတ်
” ၇ ရက်နေ့ထိုင်ခွင့်တွေကို မြဝတီကနေ မဲေဆာက်ဘက်ဝင်ခွင့်ပိတ်လိုက်တာ၊ စာရွက်ကုန်လို့လည်းပြောကြတယ်၊ ထိုင်းဘက်မှာမြန်မာတွေဝင်ရောက်မှုအရမ်းများနေလို့ဆိုပြီး ထိုင်းလဝကဘက်ကပိတ်တယ်လို့လည်းပြောနေကြတယ်။ ဘာကြောင့်ဆိုတာတော့သေချာမသိရသေးပေမယ့် ခုထိတော့မဲဆောက်ဘက်ကိုအမှတ် ၁ တံတားကနေထွက်လို့မရသေးပါဘူး။ စစ်ရှောင်တွေကလည်းတအားကိုများလာနေတယ် ” လို့ မြဝတီမြို့ခံတဦးကပြောပါတယ်။
မြဝတီတိုက်ပွဲကြောင့် ထိုင်းဘက်ခြမ်းက တပတ်ဝင်ခွင့်ကဒ်ကိုင်ဆောင်သူတွေကို ဝင်ခွင့်ပိတ်
လက်ရှိမြဝတီ အမှတ်၂ ချစ်ကြည်ရေးတံတားဘက်နဲ့ ခလရ ၂၇၅ တပ်ရှိရာမြို့ပြင်မှာပါ ပစ်ခတ်မှုတွေ ငြိမ်သွားပေမယ့် မြဝတီမြို့ခံထောင်နဲ့ချီပြီး မဲဆောက်ဘက်ကို စစ်ရှောင်သွားကြသလို ထပ်မံပြီး စစ်ရှောင်ဖို့အတွက်လည်း မြဝတီသောင်ရင်းမြစ်ကမ်းစပ်ဂိတ်တွေမှာ ေဒသခံထောင်နဲ့ချီ စောင့်ဆိုင်းနေကြတယ်လို့သိရပါတယ်။
လက်ရှိမှာ ထိုင်းဘက်ကို သောင်ရင်းမြစ်ကူးပြီး စစ်ရှောင်ရောက်ရှိလာသူ မြဝတီဒေသခံ ၃၀၀၀ ကျော်အထိရှိနေပြီး နောက်ထပ်လာမယ့်စစ်ရှောင်တွေကိုတော့ထိုင်းဘက်က အကန့်အသတ်နဲ့လက်ခံတဲ့ပုံစံဖြစ်နေတယ်လို့ဆိုပါတယ်။
“တိုက်ပွဲညပိုင်းမငြိမ်ဘူး ၊ည ၈ နာရီလောက်ထဲကပြန်ဆော်တာ၊တညလုံးပဲ၊ ပြီးတော့ခဏငြိမ်ပြီး မနက်ပိုင်းပြန်စဖြစ်တယ်၊ မနက်က ၈ နာရီလောက်တချက်ဖြစ်တယ်။အခုငြိမ်သွားပြန်ပြီ၊ လေယာဥ်ကတခါလာရင်လေးလုံးကျဲကျဲချတာ ၊စစ်ရှောင်တွေက တော်တော်ကိုများတယ်။ ကမ်းနဖူးဂိတ်တွေ ကာစီနိုဂိတ်တွေပေါ့။ အဲ့မှာကမ်းကူးဖို့စောင့်နေတာလူတွေစုပြုံလို့၊ ကြည့်ရတာဟိုဘက်ကလည်း အရေအတွက်နဲ့လက်ခံတာဖြစ်မယ်။ တပြုံတည်းအကုန်လုံးကိုကမ်းကူးလက်မခံဘူး။နည်းနည်းချင်းပဲလက်ခံတဲ့သဘောရှိတယ်။အကုန်လုံးဆိုလူထောင်ချီရှိတယ်။၉၉၉ ဂိတ်နဲ့၁၂ ဂိတ်မှာပိုများတယ် ” လို့ မြဝတီမြို့ ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသူတဦးက လက်ရှိအခြေအနေကို ပြောပါတယ်။
မြဝတီတိုက်ပွဲအတွင်းမှာ လက်နက်ကြီးထိမှန်သူနဲ့ တိုက်ပွဲအကြား ပစ်ခတ်ခံရသူအပါအဝင် ဒေသခံအရပ်သား ခုနှစ်ယောက်အထိသေဆုံးမှုရှိထားပြီး ထိခိုက်ဒဏ်ရာရသူငါးယောက်ထက်မနည်းလည်းရှိနေတယ်လို့သိရပါတယ်။
“မနေ့ကတော့ ဖြစ်ဖြစ်ခြင်းဆုံးတာ ၄ ယောက်ပေါ့ ၊အခုက စိုးရိမ်အဆင့် ဆေးရုံတင်ထားသူထဲကထပ်ဆုံးတာ ပေါ့။ အခုသဂြိုလ်ဖို့လည်းလုပ်နေတယ်။မြဝတီဆေးရုံရင်ခွဲရုံမှာပဲ။ လက်နက်ကြီးကျလို့ဒဏ်ရာရသူထဲက ထပ်ဆုံးတာပေါ့ ” လို့ သူကထပ်မံပြောပြပါတယ်။
လက်ရှိ မြဝတီမြို့ပြင်တိုက်ပွဲလည်းငြိမ်နေသလို မြို့ထဲလည်းတိုက်ပွဲကူးစက်လာတာမရှိကြောင်း၊ BGF တပ်တွေကတော့ မြို့ဝင်အအထွက်နဲ့လမ်းဆုံတွေမှာ လုံခြုံရေးအင်အားတိုးချထားပြီး အထိုင်ချကာ စောင့်ကြပ်နေတယ်လို့သိရပါတယ်။
မြဝတီမြို့တွင်းမှာတော့ ပတ်စ်ပို့ရုံးအပါ အစိုးရရုံးအချို့ လုပ်ငန်းလည်ပတ်တာမျိုးမတွေ့ရပေမယ့် ဒေသခံတွေကတော့ သွားလာလှုပ်ရှားမှုရှိနေတယ်လို့သိရပါတယ်။
ထိုင်း မြန်မာ အမှတ်၂ချစ်ကြည်ရေးတံတားအနီးတိုက်ပွဲနဲ့ပတ်သက်ပြီး နစက ဘက်ကလည်း မနေ့က ဧပြီ၂၀ ရက်နေ့ညနေပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။
ထုတ်ပြန်ချက်မှာKNU အဖွဲ့၊ KKO (ခွဲထွက်)အဖွဲ့နဲ့ PDF ပူးပေါင်းအဖွဲ့တွေက ထိုင်း-မြန်မာ အမှတ်(၂)ချစ်ကြည်ရေးတံတား အနီး လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေကို လက်နက်ကြီးနဲ့ အဝေးမှပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop ဗုံး ပစ်ချတိုက်ခိုက်ခြင်းတို့ပြုလုပ်ခဲ့ပြီး သာလွန်အင်အား အသုံးပြု တိုက်ပွဲများဖော်ဆောင်ခဲ့တယ်လို့ နစက ကဆိုပါတယ် ။
ခုလိုတိုက်ပွဲဖော်ဆောင်လာမှုအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်ရေးအေးချမ်းရေး၊ မလိုလားအပ်သော လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပေါ်လာမှုမရှိစေရေးအတွက် ထိန်းထိန်းသိမ်းသိမ်းနဲ့ ပြန်လည်တုံ့ပြန်ဆောင်ရွက်နေပြီး လေကြောင်းပစ်ကူ ပစ်အားရယူကာ အကြမ်းဖက်မှု တန်ပြန်နှိမ်နှင်းရေးလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာမှာ ဧပြီလ ၂၀ ရက်နေ့ ၅ နာရီမှာ တဖက်အဖွဲ့အစည်းေတွ အကျအဆုံးများစွာနဲ့ အနောက်ဘက်ကို ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဓါတ်ပုံ ဒေသခံများ

Related posts

Leave a Comment

VOM News

FREE
VIEW