ဆိုးလ်၊ ဧပြီ-၂၁-၂၀၂၄
မျိုးဆက်(VOM)
တောင်ကိုရီးယားအစိုးက ပြန်လည်ပြင်ဆင်မှုလုပ်ပေးတဲ့ ဆေးဘက်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုအစီအစဉ် အဆိုပြုချက်ကို တောင်ကိုရီးယား ဦးဆောင်ဆရာဝန်များအဖွဲ့က ပယ်ချလိုက်ပြီး ယခင်အတိုင်း သပိတ်မှောက်တာတွေ ဆက်လက်ဖြစ်ပေါ်နေပါတယ်။
ထောင်နဲ့ချီတဲ့ အငယ်တန်းဆရာဝန်တွေရဲ့ အလုပ်ထွက်မှုနဲ့ သပိတ်မှောက်မှုတွေကြောင့် တောင်ကိုရီးယား ဆေးရုံတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေ ပရမ်းပတာဖြစ်ခဲ့ပြီး လာမယ့်နှစ်ကစပြီး ဆေးကျောင်းဝင်ခွင့်ကို လူဦးရေနှစ်ထောင် တိုးမယ့်အစီအစဉ်အပေါ် သပိတ်မှောက်နေကြတာဖြစ်ပါတယ်။
ဒီကိစ္စအပေါ် အစိုးရရဲ့ ပထမအကြိမ် လိုက်လျောမှုအဖြစ် တက္ကသိုလ် ၃၂ ခုမှာ ကနဦးအဆိုပြုထားတဲ့ လူဦးရေး နှစ်ထောင်အစား တထောင်သာ လက်ခံမယ်လို့ ပြောင်းလဲလိုက်ပေမယ့် ကိုရီးယားဆေးဘက်ဆိုင်ရာအဖွဲ့(ကေအမ်အေ)က ဒီအစီအစဉ်ကို တပတ်အတွင်း ဖျက်သိမ်းဖို့ တောင်းဆိုထားပါတယ်။
“ ဒါဟာ အခြေခံကျတဲ့ ဖြေရှင်းချက်မဟုတ်တဲ့အတွက် ကိုရီးယားဆေးဘက်ဆိုင်ရာအသင်း အရေးပေါ်ကော်မတီက လက်မခံဘူးဆိုတာ ရှင်းရှင်းလင်းလင်း အသိပေးလိုပါတယ်” လို့ အသင်းပြောရေးဆိုခွင့်ရှိသူ ကင်ဆောင်ဂျန်က သတင်းထောက်တွေကို ပြောပါတယ်။
ဒါကို အဖြေရှာဖို့တပတ်ပဲ အချိန်ရတော့တယ်လို့ သူကပြောပါတယ်။ ဆေးကျောင်းဝင်ခွင့်တိုးမြှင့်လိုက်တာဟာ သက်ကြီးရွယ်အို လူ့အဖွဲ့အစည်းအတွက် ဆရာဝန်ရှားပါးမှုကို သက်သာစေမယ်လို့ တောင်ကိုရီးယားအစိုးရက အခိုင်အမာဆိုထားပေမယ့် ထိပ်တန်းဆရာဝန်တွေနဲ့ အငယ်တန်းဆရာဝန်တွေကတော့ ဒါဟာ ပညာရေးစနစ်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုအရည်အသွေးကို ကျဆင်းစေတယ်လို့ ဆိုထားကြပါတယ်။
Ref:CNA
Photo:AFP
သပိတ်မှောက်မှုတွေ အဆုံးသတ်ဖို့ တောင်ကိုရီးယားအစိုးရရဲ့ အဆိုပြုချက် ဆရာဝန်တွေ ပယ်ချ
