မလေးရှား တော်ဝင်ရေတပ် ရဟတ်ယာဉ်နှစ်စင်း လေထဲမှာတိုက်မိပြိးနောက် လူ ၁၀ ယောက်သေဆုံး

ကွာလာလမ်ပူ၊ ဧပြီ-၂၃-၂၀၂၄
မျိုးဆက်(VOM)
မလေးရှားတော်ဝင်ရေတပ်ရဲ့ စစ်ရေးပြအခမ်းအနားအတွက် လေ့ကျင့်မှုအတွင်း ရဟတ်ယာဉ်နှစ်စင်း လေထဲမှာတိုက်မိပြီးနောက် လူ ၁၀ ယောက်သေဆုံးသွားပါတယ်။
ရဟတ်ယာဉ်တစင်းရဲ့ ပန်ကာနဲ့ အခြားရဟတ်ယာဉ်ကို ထိခိုက်မိပြီးနောက် မြေပြင်ပေါ်ကို နှစ်စင်းစလုံး ပျက်ကျခဲ့တာဖြစ်တယ်လို့ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။
ဒီမတော်တဆမှုဟာ ဧပြီ ၂၃ ရက် ဒေသစံတော်ချိန် မနက် ၉ နာရီ ၃၀ မိနစ်မှာ မလေးရှားရေတပ်အခြေစိုက် စခန်းတခုဖြစ်တဲ့ လူမွတ်မြို့မှာ ဖြစ်ပွားခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
“လေယာဉ်ပေါ်လိုက်ပါသွားသူတွေထဲက အသက်ရှင်ကျန်ရစ် ဘယ်သူမှမရှိပါဘူး။ ရုပ်အလောင်းတွေကို လူမွတ်ရှိ တပ်မတော်ဆေးရုံကို ပို့ထားပါတယ်” လို့ မလေးရှားတော်ဝင်ရေတပ်က ထုတ်ပြန်ပါတယ်။
လူခုနှစ်ယောက်လိုက်ပါတဲ့ HOM M503-3 ရဟတ်ယာဉ်ဟာ ပြေးလမ်းကြောင်းပေါ် ပျက်ကျခဲ့ပြီး လူသုံးယောက်လိုက်ပါတဲ့ Fennec M502-6 ရဟတ်ယာဉ်ကတော့ အနီးနားရှိ ရေကူးကန်ထဲကို ပျက်ကျခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မတ်လအတွင်းကလည်း မလေးရှားကမ်းခြေစောင့်တပ် ရဟတ်ယာဉ်တစင်းဟာ လေ့ကျင့်ပျံသန်းနေစဉ်အတွင်း မလေးရှားနိုင်ငံအန်ဆာကျွန်းမှာပျက်ကျခဲ့ပြီး လေယာဉ်မှူး၊ တွဲဖက်လေယာဉ်မှူးနဲ့ ခရီးသည်နှစ်ယောက်တို့ကို ငါးဖမ်းသမားတွေက ကယ်တင်ခဲ့ရပါတယ်။
Ref:BBC
Photo: Perak Fire and Rescue Department

Related posts

Leave a Comment

VOM News

FREE
VIEW