မြဝတီတိုက်ပွဲ ငြိမ်သွားလို့ နေရပ်ပြန်လာသူတွေ တပတ်ကဒ် သက်တမ်းကျော်ပါက ဒဏ်ကြေးဆောင်ရသလို ရွှေထည်သယ်လာရင် ဘတ်နှစ်သောင်း ဒဏ်ရိုက်ခံရ

မြဝတီ ၊ ဧပြီ ၂၃ – ၂၀၂၄
GG (VOM )
မြဝတီ မြို့မှာ တိုက်ပွဲတွေ ရပ်သွားတာကြောင့်ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်ကို စစ်ရှောင်သွားသူအများစု နေရပ်ပြန်လာရာမှာ တပတ်ကဒ်ကိုင်ဆောင်သူတွေ ရက်ကျော်ကြေးအဖြစ် တရက်ကို ဘတ်၁၀၀ မှ၅၀၀ ဒဏ်ကြေး ပေးဆောင်နေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
တပတ်ကဒ်သက်တမ်းရက်ကျော်ကြေးအပြင် ရွှေထည်ပစ္စည်းကို ထုတ်ပိုးယူဆောင် လာမှုကိုပါ စစ်ဆေးတွေ့ရှိပါက ဒဏ်ကြေးအဖြစ် ထိုင်းဘတ်ငွေ ၂၀၀၀၀ အထိ ဒဏ်ရိုက်မှုတွေရှိနေတယ်လို့သိရပါတယ်။
” တံတားထိပ် ထိုင်းကာစတန်တွေက ရွှေထုပ်တွေ့ရင် ဘတ်နှစ်သောင်း ဒဏ်ဆောင်ဖို့ဆိုပြီး တောင်းတယ်၊ ထိုင်းစကားတတ်လို့ ပြောဆိုဖြေရှင်းနိုင်ရင် ဘတ်နှစ်ထောင်ကနေ ဘတ် ငါးထောင်လောက်နဲ့ ဖြေရှင်းလို့ရကြတယ်၊ ထိုင်းစကားမတတ် ဖြေရှင်းမတတ်ရင်တော့ ဘတ် တသောင်းခွဲကနေ ဘတ် နှစ်သောင်း အထိ ပေးရတယ်၊ တံတားဖြတ်စာရွက် သက်တမ်းကျော်ရင်လည်း လူကတရက်ကို ဘတ် ၁၀၀ ပေးရတယ်၊ ကားအတွက်ဆိုရင် တရက်ကို ဘတ် ၅၀၀ ဒဏ်ဆောင်ရတယ် ” လို့ မြဝတီ ဒေသခံတယောက် ကပြောပါတယ်။
ဧပြီလ ၂၁ ရက်နေ့မနက်ပိုင်းကစပြီး မြဝတီ အမှတ်၁ ချစ်ကြည်ရေးတံတားကနေ မြဝတီမှာ မဲဆောက်ကို တပတ်ကဒ်နဲ့သွားရောက်ခွင့်ပိတ်ခဲ့ပေမယ့် မဲဆောက်ကနေ မြန်မာကို ပြန်လည်ဝင်ရောက်ခြင်းကိုတော့ခွင့်ပြုပေးခဲ့ကြောင်း၊ မဲဆောက်ကနေ မြဝတီကိုပြန်ဝင်ခွင့် ခွင့်ပြုထားပေမယ့်လည်း မဲဆောက်ရောက် စစ်ရှောင်တွေက မြဝတီတိုက်ပွဲ ကြောင့် နေရပ်မပြန်နိုင်ကြပါဘူး။
ဒါကြောင့် စစ်ရှောင်အများစု တပတ်ကဒ်သက်တမ်းကျော်လွန်တွေရှိနေတာဖြစ်ပေမယ့် ထိုင်းဘက်ကတော့ ဖြေလျှော့ပေးခြင်းမရှိဘဲ ရက်ကျော်ဒဏ်ကြေး၊ ရွှေထုတ်သယ်ဆောင်ခွင့်အတွက်ဒဏ်ကြေးကောက်ခံနေလို့ စစ်ရှောင်တွေ အဆင်မပြေဖြစ်နေရတယ်လို့ဆိုပါတယ်။
မဲဆောက်ဘက်ကို အမှတ် ၁ ချစ်ကြည်ရေးတံတားနဲ့ သောင်ရင်းမြစ်ကိုကူးပြီး စစ်ရှောင်သွားတဲ့ မြဝတီဒေသခံတွေ သောင်းဂဏန်းလောက်အထိရှိပြီး လက်ရှိမှာ တဝက်လောက်ကတော့ နေရပ်ပြန်လာနေကြပြီဖြစ်တယ်လို့သိရပါတယ်။
မြဝတီမှာ တိုက်ပွဲတွေ ရပ်စဲသွားတာကြောင့် စစ်ရှောင်အများစု နေရပ်ပြန်လာကြပေမယ့် မြဝတီမြို့ပေါ်မှာ အစိုးရဘဏ်နဲ့ ပုဂ္ဂလိကဘဏ်တွေ ပြန်ဖွင့်ခြင်းမရှိသေးတဲ့အပြင်
မြဝတီ မဲဆောက် အမှတ်၂ချစ်ကြည်ရေးတံတား ပြန်မဖွင့်သေးသလို အမှတ် ၁ ချစ်ကြည်ရေးတံတားကနေလည်း တပတ်ကဒ်နဲ့ မြဝတီမှမဲဆောက် ဝင်ရောက်ခွင့်ပိတ်ထားဆဲဖြစ် တယ်လို့သိရပါတယ်။
မြဝတီမှာ ဧပြီလ ၉ ရက်နေ့ကစပြီး ခလရ ၂၇၅ တပ်ရှိရာ မြို့ပြင်မှာ တိုင်းရင်းသားလက်နက်ကိုင်အကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက် ခလရ ၂၇၅ တပ်ဖွဲ့ဝင်တွေဟာ အမှတ် ၂ ချစ်ကြည်ရေးတံတားအောက်ကို တပ်ဆုတ်သွားခဲ့ချိန် ဧပြီလ ၁၁ ရက်မှာ တိုက်ပွဲရပ်သွားပါတယ်။
အဲဒီနောက် သင်္ကြ န်အပြီး ဧပြီလ ၁၉ ရက်နေ့ညပိုင်းမှာ ခလရ ၂၇၅ ရှိရာအမှတ်၂ချစ်ကြည်ရေးတံတားအနီးမှာ တိုက်ပွဲပြန်ဖြစ်ခဲ့ပြီး ၃ ရက်မြောက်နေ့ဖြစ်တဲ့ ဧပြီလ ၂၁ ရက်နေ့မှာတော့ တိုက်ပွဲတွေ ရပ်သွားတာ လက်ရှိ ဧပြီ ၂၃ ရက်နေ့အထိ ဖြစ်ပါတယ်။
ဧပြီလ ၁၉ ရက်နေ့ကနေ ဧပြီလ ၂၁ ရက်အတွင်း ဖြစ်ပွားခဲ့တဲ့ အမှတ်၂ချစ်ကြည်ရေးတံတားအနီးမှာ တိုက်ပွဲမှာ အရပ်သားဒေသခံ ခုနှစ်ယောက်ထက်မနည်းသေဆုံးခဲ့ပြီးလေးယောက်ထက်မနည်းထိခိုက်ဒဏ်ရာရပြီး ဆေးကုသမှုခံယူနေကြရသလို နေအိမ်အချို့လည်း လက်နက်ကြီးထိမှန်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW