ကလေးမြို့နယ် မြောက်ပိုင်းမှာ နယ်မြေရှင်းလင်းရေးတိုက်ပွဲတွေကြောင့် ၁၂ ယောက်ထက်မနည်း သေဆုံး



မေ ၊ ၅ ၊ ၂၀၂၄
SP(VOM)

စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ် မြောက်ပိုင်း ၊ ပြည်တော်သာကျေးရွာနားမှာ မနေ့ မေ ၄ ရက်က နစက တပ်ဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF တွေကြား ပစ်ခတ်မှုတွေ ဖြစ်ပွားပြီး ထိခိုက်သေဆုံးသူတွေ များပြားခဲ့တယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” ကလေးမြို့နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီကစပြီး အခုထိ တိုက်ပွဲတွေဖြစ်နေတယ် ၊ တိုက်ပွဲဖြစ်တာ သုံးလကျော်နေပြီ ၊ မနေ့က ပြည်တော်သာရွာနားက တိုက်ပွဲမှာ လူ ၁၂ ယောက်ထက်မနည်း ထိခိုက်သေဆုံးတယ် ” လို့ ပရဟိတသမားတယောက်က ပြောပါတယ်။

ကလေးခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ကလေးမြို့နယ် မြောက်ပိုင်း ဆည်တော်ဦး ၊ ကျောင်းတိုက် ၊ နန်းချောင်း ၊ ပျဥ်းခုံကြီး ၊ ပျဥ်းခုံလေး ၊ ပျဥ်းတောဦး ၊ ပြည်တော်သာ ၊ လက်ပံချောင်း စတဲ့ ကျေးရွာတွေဘက်မှာ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတယ် ၊ မနေ့က ပြည်တော်သာရွာနားက ထိတွေ့တိုက်ပွဲမှာ အမျိုးသား ရုပ်အလောင်း ၁၂ လောင်းနဲ့ သေနတ် ၁၃ လက် အပါအဝင် ဒရုန်းတစီးသိမ်းဆည်းရမိတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် နာရေးကူညီမှု ပရဟိတသမား တယောက်က ” ဧပြီ ၂၇ ရက်က ဒရုန်းဗုံးထိမှန်သေဆုံးသူ လူငယ် လေးယောက် သဂြိုလ်ပေးခဲ့ရတယ်၊ သေဆုံးသူတွေကတော့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့က La Lring Liana ၁၉ နှစ် ၊ La Lchandama ၂၇ နှစ် ၊ TV Goldel Puia ၂၀ နှစ်နဲ့ နောက် နာမည်မသိလူငယ်တယောက် ၊ စုစုပေါင်း လေးယောက်ဖြစ်တယ် ” လို့ ပြောပါတယ်။

ပရဟိတသမားတယောက်က ” ပြီးခဲ့တဲ့ မတ် ၂၀ ရက် ၊ မနက် ၇ နာရီလောက်က ၊ ကလေးမြို့နယ် မြောက်ပိုင်း ပျဥ်းခုံကြီးရွာမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲလို့ ရွာခံလူ အမျိုးသား သုံးယောက် ထိမှန် သေဆုံးတယ် ၊ သေဆုံးသူတွေကတော့ Pu Thian Neih Thang ၅၇ နှစ် ၊ Pu Kawl Tin Kham ၅၇ နှစ်နဲ့ Pu Za San Hmung ၃၃ နှစ် တို့ဖြစ်တယ် ၊ နောက်ပြီး ဒဏ်ရာရသူ လေးငါးယောက်လောက်လည်းရှိတယ် ၊ ပြီးခဲ့တဲ့ မတ် ၁၆ ရက်က ပျဥ်းခုံလေးရွာမှာ ပေါက်ကွဲမှုဖြစ်လို့ လူသုံးယောက်သေပြီး ၊ လေးငါးယောက်လောက် ပြင်းထန် ဒဏ်ရာရတယ် ၊ သေဆုံးသူတွေကတော့ မ Angel Vanrempuii (၁၀နှစ်)၊ ဒေါ် Edenthari (၃၂နှစ်)၊ ဒေါ် Lalfamkimi (၆၂နှစ်) တို့ဖြစ်တယ် ၊ မတ် ၁၄ ရက်ည ၉ နာရီလောက်မှာ လက်ပန်ချောင်းရွာမှာ ရွာခံ Pi (ဒေါ်) Lalzuali ၆၂ နှစ် ဆိုသူနဲ့ (ဦး)Tv – Lalramdika ၄၂ နှစ် မြေးအဘွားတော်စပ်သူ နှစ်ယောက် ထိခိုက်သေဆုံးခဲ့ပြီး ရွာခံ ခြောက်ယောက် ဒဏ်ရာရတယ် ၊ အဲ့ဒီညက ၈ နာရီလောက်မှာလည်း နန်းချောင်းရွာထဲက ကလေးနှစ်ယာက်လည်း သေတယ်လို့သိရတယ် ၊ ပြီးခဲ့တဲ့ရက်ပိုင်းကလည်းကြို့သုံးပင်နဲ့ မွန်းလိုင် ဘက်က အသက် ၂၉ နှစ်အရွယ် Nu Cing Khawl Kim နဲ့ အသက် ၄၈ နှစ်အရွယ် Nu Cing Khawm Vung တို့နှစ်ယောက် နက်လက်ကြီးကျည်ထိမှန်ပြီး သေဆုံးတယ် ၊ နောက်ပြီး မွန်းလိုင်ရပ်ကွက် စာသင်ကျောင်းနားမှာနေတဲ့ လယ်နွမ်းသား (Lal Nun Thar) ၊ သူ့အစ်မ မိုင်ထျာန်ကျုယ် (Mai Than Cuai ) နဲ့ သူတို့ရဲ့ အိမ်နီးနားချင်းဖြစ်တဲ့ မိုင်မိုနီကာ (Mai Monica) ဆိုသူ သုံးယောက်လည်း လက်နက်ကြီး ကျည် ထိမှန်ပြီး နေရာမှာတင် သေဆုံးတယ် ၊ အဲ့ဒီအပြင် ကလေးမြို့နယ် မြောက်ပိုင်း ပြည်တော်သာ ၊ လက်ပံချောင်း စတဲ့ရွာတွေဘက်မှာ ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးထက်မနည်းရှိတယ်လို့ သိရတယ် ၊ ဘယ်အဖွဲ့က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဆိုတာ အခုထိမသိရသေးဘူး ” လို့ ပြောပါတယ်။

အဲ့ဒါကြောင့် ကလေးမြို့နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ သုံးလအတွင်း ထိတွေ့တိုက်ပွဲတွေကြောင့် ထိခိုက်သေဆုံးရသူ လူ တရာထက်မနည်းရှိနေပြီလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW