ဖားဆောင်းနဲ့ မိုးဗြဲမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး လွိုင်ကော်နဲ့ ဖယ်ခုံတို့မှာလည်း တိုက်ပွဲတချို့ ဖြစ်ပွားနေ



မေ ၇ – ၂၀၂၄
SN (VOM)

ကရင်နီပြည်နယ် ဖားဆောင်းနဲ့ မိုးဗြဲမြို့တို့မှာ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေပြီး လွိုင်ကော်နဲ့ ဖယ်ခုံမြို့နယ်တို့မှာလည်း တိုက်ပွဲတချို့ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖားဆောင်းမြို့အခြေစိုက် နစက တပ်ရင်းတွေ ဖြစ်တဲ့ ခလရ (၁၃၅) ၊ ခလရ (၁၃၄) တပ်တွေနဲ့ မြို့တွင်းရှိ မီးသတ်ရုံး၊ ဘုန်းကြီးကျောင်းတွေမှာ တပ်စွဲထားတဲ့ နစက တပ်ဖွဲ့တွေကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နဲ့ ပူးပေါင်းတပ်တွေက စစ်ဆင်ရေးတွေ ဆက်လက် ပြုလုပ်ခဲ့တာကြောင့် ထိတွေ့တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

“တိုက်ပွဲတွေကတော့ ဒီမနက်အထိ ပြင်းထန်နေတုန်းပဲ။ လက်နက်ကြီး ကျတာတွေ၊ လေကြောင်းက တိုက်ခိုက်တာတွေလည်း ရှိတယ်။ မြို့ခံတွေကတော့ ရှောင်နေကြတာကြာပြီ” လို့ ‌ဖား‌ဆောင်းမြို့က ဒေသခံတယောက်က ပြောပါတယ်။

ကရင်နီ ပူးပေါင်းတပ်တွေဘက်က ဖားဆောင်းမြို့ကို သိမ်းပိုက်နိုင်ရေးအတွက် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်း ဖားဆောင်းမြို့မှာ နစကတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား ပြင်းထန်တဲ့ ထိတွေ့တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ပုံမှန်ထိတွေ့မှု နေ့စဉ်ရှိခဲ့ကာ နစကဘက်မှ လေကြောင်းတိုက်ခိုက်မှု ခပ်စိပ်စိပ် လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီလိုပဲ မိုးဗြဲမြို့အခြေစိုက် ခမရ (၄၂၂) တပ်နဲ့ တဆက်တည်း နစကရဲ့ ခြေကုပ်စခန်းတွေကို ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်ကစပြီး KNDF တပ်တွေနဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာမှာ ထိတွေ့တိုက်ပွဲတွေဟာ ဧပြီလ တလလုံး ပြင်းထန်ခဲ့သလို လက်ရှိအချိန်အထိလည်း ဖြစ်ပွားနေဆဲဖြစ်တယ်လို့ သိရပါတယ်။

မိုးဗြဲမြို့အခြေစိုက် ခမရ (၄၂၂) တပ်နဲ့ အဲဒီတပ်ကို ဝန်းရံထားတဲ့ ကာကင်းတွေကို တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက် ထိတွေ့တိုက်ပွဲတွေ နေ့စဉ်နီးပါး အပြင်းအထန်ဖြစ်နေခဲ့ပြီး လွိုင်ကော်၊ ဒီးမော့ဆို၊ ဖယ်ခုံ ရှိ နစကတပ်တွေကလည်း လက်နက်ကြီးပစ်ကူတွေနဲ့ တောက်လျှောက် ပစ်ခတ်ခဲ့တယ်လို့ KNDF က သတင်းထုတ်ပြန်ထားပါတယ်။

ဒါအပြင် ဖယ်ခုံမြို့မှ မိုးဗြဲမြို့ကို စစ်ကူသွားရောက်တဲ့ နစကရဲ့ စစ်ကြောင်းတွေနဲ့လည်း ဖယ်ခုံ – မိုးဗြဲ လမ်းမကြီးတလျှောက် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေသလို ဖယ်ခုံနဲ့ ဆောင်းပြောင်းကျေးရွာအနီးမှာလည်း နှစ်ဖက် ထိတွေ့တိုက်ပွဲတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

အလားတူ လွိုင်ကော်မြို့မှာလည်း ပြီးခဲ့တဲ့ ဧပြီလအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နစကတပ်တို့အကြား ထိတွေ့တိုက်ပွဲတွေ မကြာခဏဆိုသလို ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“လွိုင်ကော်မှာ တစ်လေးလုံးစစ်ဆင်ရေး စတင်ခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်နေ့ကတည်းက ခုထိကို တိုက်ပွဲတွေ မပြတ်သေးတာပါ။ ကြိုကြား ကြိုကြား ဖြစ်နေဆဲပေါ့။ လျှပ်စစ်မီးနဲ့ ဖုန်း၊ အင်တာနက်တွေလည်း ခုထိ ပြန်မရသေးဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။

လွိုင်ကော်အပါအဝင် စစ်ရေးပြင်းထန်တဲ့ ဒေသတွေမှာ နစကဘက်က လျှပ်စစ်မီးနဲ့ ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ထားတာကြောင့် ဒေသခံတွေအနေနဲ့ အခက်အခဲတွေ ဖြစ်နေရတယ်လို့ သိရပါတယ်။

လွိုင်ကော်မြို့မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေ နေ့စဉ် ရှိနေတာကြောင့် စစ်ရှောင် ပြည်သူတွေအနေနဲ့ နေအိမ်ပြန်တာတွေ မပြုလုပ်ကြဖို့နဲ့ ပစ္စည်း ပြန်လည် ယူဆောင်တာတွေကိုလည်း တတ်နိုင်သမျှ ရှောင်ရှားကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။

လက်ရှိ တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ နစကဘက်ကတော့ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ကုလသမဂ္ဂမြန်မာရုံးရဲ့ ပြီးခဲ့တဲ့ မေ ၄ ရက်နေ့ ထုတ်ပြန်ချက်အရ မြန်မာပြည်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒေသခံပြည်သူ သုံးသန်းကျော်အထိ ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW