ဘီးလင်း-ဖာပွန် လမ်းပေါ်က တံတားတစင်း မိုင်းခွဲခံရလို့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေ

မေ ၇ – ၂၀၂၄
SN (VOM)
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဘီးလင်း-ဖာပွန် ကားလမ်းမပေါ်ရှိ တံတားတစင်း မနေ့ မေ ၆ ရက်၊ မနက်ပိုင်းက မိုင်းခွဲဖျက်ဆီးခံခဲ့ရတာကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီ တံတားဟာ ဘီးလင်းမြို့နယ်၊ နတ်ကြီးကျေးရွာအုပ်စု၊ ပျဉ်သာကျေးရွာအနီး ဘီးလင်း-ဖာပွန် ကားလမ်းမပေါ်၊ မိုင်တိုင်အမှတ် ၁၆/၂ နဲ့ ၁၆/၃ ကြားမှာရှိတဲ့ ကညင်ပင်ကွင်းတံတားဖြစ်ပြီး မနေ့ မနက် ၆ နာရီ၊ မိနစ် ၂၀ ဝန်းကျင်က မိုင်းခွဲဖျက်ဆီးခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
“တံတားတစင်းလုံး ပြိုကျသွားတာ။ ကားနဲ့ ဆိုင်ကယ်တွေရော၊ လူတွေရော ဘယ်လိုမှ သွားလို့မရတော့ဘူး။ ဒီ တံတားက ရွှေလုပ်ငန်း၊ သစ်လုပ်ငန်း လုပ်ကိုင်တဲ့သူတွေရော၊ ရွာသူရွာသားတွေပါ အဓိက အသုံးပြုနေရတဲ့ တံတားပါ။ အခုတော့ သွားရေးလာရေး အခက်အခဲတော့ ဖြစ်သွားတာပေါ့။ အလုပ်အကိုင်တွေပါ ထိခိုက်ကုန်တာပေါ့” လို့ ဒေသခံတယောက်က ပြောပါတယ်။
မိုင်းခွဲဖျက်ဆီးခံခဲ့ရတဲ့ ကညင်ပင်ကွင်းတံတားဟာ အရှည် ပေ (၈၀)၊ တံတားအကျယ် (၂၄) ပေရှိတဲ့ သံကူကွန်ကရစ်အမျိုးအစား တံတားဖြစ်ကာ အလယ်ကနေ ကျိုးကျပျက်စီးသွားတယ်လို့ သိရပြီး ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ နစကအပြင် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေဘက်ကပါ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
“တံတားက လုံးဝ သွားလာလို့မရအောင် ပျက်စီးသွားတာ။ ဘယ်သူတွေ ဖောက်ခွဲလိုက်တယ်ဆိုတာတော့ တိတိကျကျမသိဘူး။ ရွာထဲမှာ အမျိုးမျိုး ပြောနေကြတာတော့ ရှိပေမယ့် မသေချာလို့ ဘာမှ မပြောချင်ဘူး။ အခုတော့ ရွာချင်းဆက်လမ်းတွေကတဆင့် ပတ်ပြီး သွားလာနေကြရတယ်” လို့ နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့ကလည်း သထုံမြို့နယ်၊ တံတားဦးကျေးရွာအနီး ရန်ကုန်- မော်လမြိုင်ကားလမ်းမပေါ်က အရှည် ၁၅ ပေရှိ တံတားတစင်း ဖောက်ခွဲခံရမှု ဖြစ်ပွားခဲ့ပြီး တံတားလက်ရန်းနဲ့ ကုန်တင်ကားတစီး ပျက်စီးမှုအနည်းငယ် ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့ကလည်း ဘီးလင်းမြို့နယ်၊ နတ်ကြီးကျေးရွာအုပ်စု၊ ပျဉ်သာကျေးရွာအနီး ဘီးလင်း – ဖာပွန်လားလမ်းပေါ်က အရှည်ပေ ၁၂၀ ရှိတဲ့ သံကူကွန်ကရစ်တံတားတစင်း ဖောက်ခွဲဖျက်ဆီးခံခဲ့ရပြီး တံတားကျိုးကျ ပျက်စီးသွားတာကြောင့် လူနဲ့ မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာလို့ မရတော့ဘူးလို့ သိရပါတယ်။
အဲဒီလိုပဲ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်ကလည်း သထုံမြို့နယ်၊ မိုးကောင်းရွာ၊ ရန်ကုန်- မော်လမြိုင်လမ်းပေါ်က အလျား ၃၇ ပေ၊ အကျယ် ၄၈ ပေရှိ မိုးကောင်းတံတား မိုင်းခွဲဖျက်ဆီးခံရပြီး တံတားတစင်းလုံး ပြိုကျပျက်စီးသွားတာကြောင့် လက်ရှိအချိန်မှာ လမ်းပန်းဆက်သွယ်ရေးအတွက် မြေဖို့ပြီး အသုံးပြုနေရတယ်လို့ သိရပါတယ်။
Photo Crd :CJ

Related posts

Leave a Comment

VOM News

FREE
VIEW