ယောကျ်ားလေးတွေ ပြည်ပထွက်အလုပ်လုပ်ခွင့်ဖြေလျှော့

ရန်ကုန် ၊ မေ ၈ – ၂၀၂၄
GG (VOM)
ပြည်အလုပ်အကိုင် အလုပ်ခေါ်စာအသစ်ခေါ်ယူမှုမှာ ယောကျ်ားလေးတွေကို ပြည်ပထွက်အလုပ်လုပ်ကိုင်ခွင့်ယာယီရပ်ဆိုင်းမှုနဲ့ပတ်သက်လို့ ဝေဖန်မှုတွေထွက်ပေါ်အပြီးမှာ အလုပ်သမားဝန်ကြီးဌာနဘက်က ဖြေလျှော့မှုအချို့ ပြုလုပ်ပေးလိုက်တယ်လို့သိရပါတယ်။
အဲ့ဒါကတော့ အမျိုးသားအားလုံးကို Demand အလုပ်ခေါ်စာအသစ်နဲ့ ပြည်ပထွက်အလုက်လုပ်ခွင့်မပိတ်တော့ဘဲ အသက်အပိုင်းအခြားတခုသတ်မှတ်ပြီး ဖြေလျှော့ပေးလိုက်တာဖြစ်ပါတယ်။
အသက် ၁၈ နှစ်မှ ၂၃ နှစ်အထိ ယောကျ်ားလေးတွေကို Demand အလုပ်ခေါ်စာအသစ်နဲ့ပြည်ပထွက်အလုပ်လုပ်ပြန်ပြုလိုက်ပြီး အသက် ၂၃ ကစပြီး ၃၁ နှစ်အထိအမျိုးသားတွေကတော့ ပြည်ပထွက်အလုပ်လုပ်ခွင့် ရပ်ဆိုင်းခံထားရဆဲဖြစ်ပါတယ်။
” အခု ပြန်ဖြေလျှော့ပေးတာကိုလည်း စာမထုတ်ဘူး။အေဂျင်စီတွေကိုအကြောင်းပြန်တာလို့ပဲသိရတယ်။အခုကအသက်ကို နှစ်ပိုင်းခွဲလိုက်ပြီးဖြေလျှော့တာ၊အရင်ယာယီရပ်ဆိုင်းတုန်းကလည်းစာမထုတ်ဘူး။ခုလည်းစာမထုတ်ဘူး၊တဦးချင်းပြောတဲ့ပုံစံပဲ ၊ ၃၁ နှစ်အထက်တွေရောအလုပ်လုပ်ခွင့်ရမှာလားဆိုတာလည်း သေချာတော့မသိဘူး၊ဝန်ကြီးဌာနမေးမှပဲသိမယ် ” လို့ မြန်မာနိုင်ငံပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်ရဲ့တာဝန်ရှိသူတဦးကပြောပါတယ်။
အမျိုးသားတွေအလုပ်ခေါ်စာအသစ်နဲ့ ပြည်ပထွက်အလုပ်လုပ်ခွင့်ကို အသက်အပိုင်းခြားအလိုက် တဆင့်လျှော့ပြီးပြန်ခွင့်ပြုပေးလိုက်ပေမယ့်လည်း ခွင့်ပြုပေးတဲ့အသက်အပိုင်းအခြားက နိုင်ငံခြားထွက် အလုပ်လုပ်မှုနည်းပြီး ကန့်သတ်ထားဆဲ အသက်အပိုင်းခြားကသာ အလုပ်လုပ်မှုပိုများတယ်လို့သိရပါတယ်။
” အခုပြန်ခွင့်ပြုတဲ့ ၁၈ – ၂၃ ဆိုတာ အလုပ်လုပ်သူထဲနည်းသေးတယ်။အဓိက ၂၅ အထက်ကနေ ၃၀ ကျော်ပေါ့ပြည်ပအသွားများတာ၊ အခုက အတိအကျလည်း ဘာရယ်လို့မသိရဘူး။ တကယ်လုပ်မယ်ဆိုလည်းအများပြည်သူရှင်းလင်းအောင်တရားဝင်စာထုတ်ပေါ့၊ခုတော့ အမျိုးမျိုးတွေလုပ်နေတာ ” လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီတခုရဲ့တာဝန်ရှိသူက မှတ်ချက်ပြုပါတယ်။
Demand အလုပ်ခေါ်စာအသစ်နဲ့ ယောကျ်ားလေးတွေ ပြည်ပထွက်အလုပ်လုပ်ခွင့်ကို မေလ ၁ ရက်ကစပြီး ယာယီရပ်ဆိုင်းကြောင်း အလုပ်သမားဝန်ကြီးဌာနက ကြေငြာအပြီး ၇ ရက်အကြာမှာ ဖြေလျှော့မှုကို ပြန်လုပ်လာတာဖြစ်ပါတယ်။
ယောကျ်ားလေးတွေကို အလုပ်ခေါ်စာအသစ်နဲ့ပြည်ပထွက်အလုပ်လုပ်ခွင့်ယာယီရပ်ဆိုင်းချိန်ကလည်း ဘာကြောင့်ရပ်ဆိုင်းတယ်ဆိုတဲ့အကြောင်းကို ဝန်ကြီးဌာနဘက်က တရားဝင်ထုတ်ပြန်ခဲ့ခြင်းမရှိသလို ယခုပြန်လည်ဖြေလျှော့မှုမှာလည်း တစုံတရာသတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။
ပြည်သူတွေကြားမှာပြောဆိုနေတာကတော့ လက်ရှိ ပြည်ပကို အလုပ်အကိုင်သွားရောက်လုပ်ကိုင်နေတဲ့ ယောကျ်ားလေးတွေထဲမှာ စစ်မှုထမ်းစာရင်းပါဝင်တဲ့ လူငယ်တွေ၊အသက်အပိုင်းအခြားတွေ ပါဝင်နေတာကြောင့် အလုပ်ခေါ်စာအသစ်နဲ့ ဝန်ကြီးဌာနဘက်က ယောကျ်ားလေးတွေအလုပ်လုပ်ကိုင်ခွင့်ပိတ်လိုက်တာဖြစ်နိုင်တယ်လို့ပြောဆိုနေကြ ပါတယ်။
ပြည်ပကိုအလုပ်သွားရောက်လုပ်ကိုင်မှုအများဆုံးနိုင်ငံတွေက ထိုင်း၊မလေးရှား၊ကိုရီးယား၊ဂျပန် နိုင်ငံတွေကအများဆုံးဖြစ်ပြီး စင်္ကာပူ ၊ဒူဘိုင်း၊ကာတာနိုင်ငံတွေကိုလည်း သွားရောက်မှုရှိနေပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW