ဘန်ကောက်၊ မေ-၁၀-၂၀၂၄
မျိုးဆက်(VOM)
ထိုင်းနိုင်ငံမှာ အပးလှိုင်းကြောင့် ယခုနှစ်အတွင်း သေဆုံးသူ ၆၁ ယောက်ထိ မြင့်တက်လာပြီး ဒီအရေအတွက်ဟာ ၂၀၂၃ ခုနှစ် တနှစ်လုံးလုံးထက် သေဆုံးမှုပိုများကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
မကြာသေးမီ ရက်သတ္တပတ်တွေအတွင်း ထိုင်းနိုင်ငံအနှံ့အပြားမှာ ပြင်းထန်တဲ့ အပူလှိုင်းတွေ ကျရောက်ခဲ့ပြီး အပူချိန်မြင့်တက်လာမှုတွေနဲ့ ပတ်သက်ပြီး သတိပေးချက်တွေ ထုတ်ပြန်နေရပါတယ်။
၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး အပူလှိုင်းကြောင့် သေဆုံးသူ ၆၁ ယောက်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ် တနှစ်လုံးမှာ ၃၇ ယောက်သာ သေဆုံးခဲ့တယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း စိုက်ပျိုးရေးဗဟိုချက် ဒေသတွေမှာ သေဆုံးမှုအမြင့်ဆုံးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။ဧပြီလအတွင်းက လမ်ပန်ပြည်နယ်မှာ အပူချိန် ၄၄ ဒသမ ၂ ဒီဂရီစင်တီဂရိတ်ထိရှိခဲ့ပြီး မြို့တော်ဘန်ကောက်မှာလည်း အပူချိန်ဆိုးရွားစွာ မြင့်တက်နေပါတယ်။
အယ်နီညိုဖြစ်စဉ်ဟာ ယခုနှစ်အတွက် အပူဆုံးနွေရာသီဖြစ်ပေါ်စေပြီး အာရှဒေသဟာ ကမ္ဘာ့ပျှမ်းမျှထက် ပိုမိုပူပြင်းလာကြောင်း ကုလသမဂ္ဂရဲ့ ကမ္ဘာ့မိုးလေဝသအဖွဲ့က သတိပေးထားပါတယ်။
အထူးသဖြင့် မုတ်သုန်အဝင်နောက်ကျမှုက ထိုင်းနိုင်ငံရဲ့ အပူချိန်မြင့်တက်မှုကို ပိုမိုဆိုးရွားစေပါတယ်။ လူသားတွေအပေါ် ထိခိုက်စေတဲ့ ရာသီဥတုဖောက်ပြန်မှုတွေဟာ မကြခဏနဲ့ အချိန်ကြာကြာဖြစ်လာပြီး ပိုမိုပြင်းထန်မယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးထားပါတယ်။
Ref:AFP
Photo:CNA
ကမ္ဘာ့ပျှမ်းမျှထက် အာရှဒေသ ပိုမိုပူပြင်းနေ၊ အပူလှိုင်းကြောင့် ထိုင်းမှာ ၆၁ ယောက်သေဆုံး
