ဒီးမော့ဆိုမြို့နယ်မှာ ကလေးငယ်တွေ ရေကျောက်ရောဂါ အဖြစ်များလာပြီး ကုသဖို့ ဆေးဝါးတွေလိုအပ်နေ

မေ ၊ ၁၁ ၊ ၂၀၂၄
SP (VOM)
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီကနေ ဒီကနေ့အထိ ကလေးတွေ အများစုဟာ ရေကျောက်ရောဂါ ကူးစက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီးမော့ဆိုမြို့နယ် ၊ အေနောင်ပုလဲကျေးရွာနေ ဒေသခံတယောက်က
” ရွာမှာ ကလေးအယောက် ရှစ်ဆယ်ကျော်လောက် အရေပြားအပူဖုတွေ ပေါက်ကြတယ် ၊ ပထမကတော့ အရေပြားပေါ်မှာ အနီစက်လေးတွေဖြစ်တယ် ၊ အနည်းငယ်ရက်ကြာလာတော့ အဲ့ဒီ အနီစက်လေးတွေက အရည်ကြည်တွေစုလာတယ် ၊ အဲ့နောက် အဖျားဝင်လာပြီး အစားသောက်ပျက်တယ် ၊ နားလည်တဲ့သူတွေပြောတာတော့ ရေကျောက် ရောဂါလို့ သိရတယ် ၊ လွန်ခဲ့တဲ့ ဖေဖော်ဝါရီကနေ ဒီကနေ့အထိဖြစ်နေတယ် ၊ အဲ့ဒီလိုဖြစ်နေတာ ဒီးမော့ဆို တနယ်လုံးနီးပါးဖြစ်နေတာပါ” လို့ပြောပါတယ်။
ဒါ့အပြင် ကယားပြည်နယ်၊ ဒီးမော့
ဆိုမြို့နယ်(အရှေ့ဘက်ခြမ်း) ဒေါတမကြီးကျေးရွာအုပ်စု၊ စစ်ဘေးရှောင်စခန်းက ကလေးငယ်တွေမှာည်း ရေကျောက်ရောဂါတွေ ဖြစ်ပွားနေတယ်လို့ဒေသခံတွေဆီက သိရပါတယ်။
အဲ့ဒီ ဒေသခံစစ်ဘေးရှောင်ကလေးတွေ ရောဂါ ခံစားနေရတာဟာ အချိန်အားဖြင့် (၂)ပတ်ကျော်လောက်ရှိနေပြီလို့ သိရပြီး ဆေးဝါးတွေနဲ့ စားနပ်ရိက္ခာတွေအပြင် အာဟာရရှိတဲ့ အစားအသောက်ပစ္စည်းတွေလည်း အရေးပေါ်အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီးမော့ဆိုမြို့နယ်မှာ တိုက်ပွဲအခြေအနေတွေအရ ကျေးလက်ကျန်းမာရေး ဌာနတွေအများစုက ယာယီပိတ်ထားတာကြောင့်လည်း ရေကျောက်ရောဂါ ဖြစ်ပွားနေတဲ့ လူနာရှင်တွေဟာ ကုသဖို့ အခက်တွေ့နေရတယ်လို့ သိရပါတယ်။
အဲ့ဒါကြောင့် ရေကျောက်ရောဂါနဲ့ ပတ်သက်ပြီး VOM က ကလေးရောဂါအထူးကု ဆရာဝန်တယောက်ကို မေးမြန်းထားပါသေးတယ်။
ကလေးကျန်းမာရေး အထူးကု ဆရာဝန်က
” ရေကျောက်ရောဂါဆိုတာ နွေဦးရာသီဖြစ်တဲ့ ဖေဖော်ဝါရီ ၊ မတ် ၊ ဧပြီ လတွေမှာ အဖြစ်များတယ် ၊ အဲ့ဒီရေကျောက်ရောဂါကို ဆေးပညာအရ (chicken pox ) လို့ခေါ်ကြတယ် ၊ အဲ့ဒီရောဂါဟာ ဗီရီဆယ်လာဇိုစတာ ဗိုင်းရပ်စ်(varicella zoster virus) ကြောင့် ဖြစ်ပွားတယ် ၊ နောက်ပြီး ကူးစက်မြန်ရောဂါတမျိုး ဖြစ်ပြီး အသက်အရွယ် မရွေးမှာ ဖြစ်ပွားနိုင်ပေမယ့် ၁၅ နှစ်အောက် ကလေးငယ်တွေမှာ အများဆုံး တွေ့ရတယ် ၊ ရေကျောက် (chicken pox ) ဟာ ကလေးငယ်လေးတွေမှာ အဖြစ်များတတ်ပေမယ့် ကာကွယ်ဆေး မထိုးထားတဲ့သူ ၊ ရေကျောက်ရောဂါတစ်ခါမှမဖြစ်ဖူးသူ ၊ ခုခံအားကျဆင်းနေတဲ့သူ နဲ့ ကိုယ်ဝန်ဆောင်တွေမှာလည်းဖြစ်တတ်တယ် ၊ ရောဂါ လက္ခဏာ ကူးစက်ပုံက ၊ လေထဲကနေတဆင့် အသက်ရူလမ်းကြောင်းမှ ကူးစက်နိုင်သလို ရောဂါပိုးရှိသူကို ထိတွေ့မိတာကနေလည်း ကူးစက်နိုင်ပါတယ် ၊ နောက်ပြီး ၊ ပိုးရှိနေသူနဲ့ အခန်း တစ်ခန်းထဲမှာ 15 minsအထက် နေလျှင်ပင် significant contact အဖြစ်သတ်မှတ်ပြီး ကူးနိုင်ချေများတယ်လို့ဆိုထားပါတယ် ၊ ရောဂါပိုး ကိုယ်ခန္ဓာအတွင်း ဝင်ရောက်ပြီး အချိန်မှ စလို့ နှစ်ပတ်အတွင်းမှာ ရောဂါကို ခံစားရနိုင်ပါတယ် ၊ ဒါ့အပြင် ရေကျောက်ရောဂါ ကူးစက်ခံရတဲ့သူတွေဟာ ၊ ကနဦးမှာ ဖျားတာ ခေါင်းကိုက်တာ အစားအ သောက်ပျက်တာတွေ အပြင် အနီစက်တွေပါ ကိုယ်ခန္ဓာအနှံထွက်ပါတယ် ၊ အနီစက်တွေက အဆင့်၃ဆင့်နဲ့ ပေါက်ပါတယ် ၊ပထမ အဆင့်က အနီရောင် အစက်လေးတွေ မျက်နှာ ဗိုက်တွေ ကျောဘက်တွေမှာထွက်ပြီး ၊ တကိုယ်လုံး ခြေတွေ လက်တွေအထိပြန့်ပါတယ်၊ နောက် အဆင့်က တစ်ရက် နှစ်ရက်ကြာရင် အနီစက်တွေမှာ အရည်တွေစုလာပြီး အရည်ကြည်ဖုလေး( blistered rash )တွေဖြစ်လာပါတယ် ၊ ဒီအဆင့်မှာ ယားတက်ပါတယ် ၊ နောက်ဆုံးအဆင့်က အရည်ဖုလေးတွေက ပေါက်ပြီး အမာရွတ်တွေ( blister scab ) ဖြစ်လာတာပါ ၊ ဒီ အဆင့်၃ဆင့်လုံးကိုလည်း တပြိုင်တည်းတွေ့ရတက်ပါတယ် ၊ ရေကျောက်ပေါက်ရင် များသောအားဖြင့်စိုးရိမ်စရာမရှိပေမယ့် တစ်ခါတစ်လေမှာ အဖျားကြီးပြီး တက်တာ ၊ ဦးနှောက်အမြှေးရောင်တာ ၊အဆုတ်ရောင်တာ ၊ အရေပြားပိုးဝင်တာတွေထိ ဖြစ်တက်ပါတယ် ၊ ကာကွယ်ဆေးအနေနဲ့ကတော့ ကလေး အသက် တစ်နှစ်ပြည့်မှစပြီးထိုးလို့ရတဲ့ 2 doses vaccination တွေ ရှိတယ် ၊ ကုသမှုအနေနဲ့ကတော့ ရေကျောက်ရောဂါလို့ သံသယ ရှိရင် နီးစပ်ရာဆေးရုံ ဆေးခန်းကိုပြသပြီး ဆရာဝန် ညွန်ကြားတဲ့အတိုင်း ကုသမှုခံယူကြပါ ” လို့ ပြောပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW