လျှပ်စစ်မီးပြတ်တောက်မှုနဲ့ လူမှုဒုက္ခအထွေထွေ

ရန်ကုန် ၊ မေ-၁၇-၂၀၂၄
SN (VOM)
နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့၊ လူနေမှုဘဝ အဆင့်အတန်းမီမီ နေထိုင်နိုင်ဖို့ဆိုတာ လျှပ်စစ်စွမ်းအင် ရရှိ၊ သုံးစွဲနိုင်တဲ့အပေါ်မှာ အဓိက မှီတည်နေတာပါ။
လျှပ်စစ်မီး ပုံမှန်မရဘူး၊ လုံလောက်စွာ မရဘူးဆိုရင် စီးပွါးရေးလုပ်ငန်းတွေကို ထိခိုက်မှာဖြစ်သလို လူနေမှုအဆင့်အတန်းကိုလည်း နိမ့်ကျစေမှာပါ။ လျှပ်စစ်မီး ပုံမှန်မရရင် ဒီဇယ်၊ ဓာတ်ဆီကို အစားထိုးသုံးစွဲရတဲ့အတွက် ထုတ်လုပ်မှုကုန်ကျစရိတ်တွေ တိုးလာမှာပါ။ နောက်ဆက်တွဲအနေနဲ့ ကုန်စျေးနှုန်းတွေ မလွဲမသွေ တက်လာမှာပါ။
ခုတလော လျှပ်စစ်မီး ဆိုးဆိုးဝါးဝါး ပျက်တဲ့အကြောင်း သတင်းတွေမှာ၊ ဆိုရှယ်မီဒီယာတွေမှာ အတော်လေး တွေ့နေရပါတယ်။ အထူးသဖြင့် ရန်ကုန်နဲ့ မန္တလေး၊ နေပြည်တော်လို မြို့ကြီးတွေမှာ လျှပ်စစ်မီးပျက်ချိန် များလာတာကြောင့် နေထိုင်၊ စားသောက်ရေး အတော့်ကို အဆင်မပြေဖြစ်နေကြပါတယ်။
လျှပ်စစ်မီးပြတ်တောက်မှုဟာ သင်္ကြန် ကာလမတိုင်မီကတည်းက အရင်ကထက် ဆိုးဆိုးရွားရွား ဖြစ်နေတာပါ။ သင်္ကြန်ကာလ နောက်ပိုင်းမှာလည်း ပြတ်တောက်မှု ပိုများလာနေတယ်လို့ ရန်ကုန်မြို့နေ ပြည်သူတွေက ပြောပါတယ်။
“လျှပ်စစ်မီးက သုံးနှစ်ကျော်ကာလအတွင်း ဆိုးဆိုးရွားရွားကို ပျက်နေတာ။ ပိုကောင်းလာတာ မရှိဘဲ ပိုဆိုးလာနေတာပဲ ရှိတယ်။ မီးလာလို့ ကပျာကယာပြင်ဆင်ပြီး ထမင်းအိုးလေး ထတည်လိုက်ရင် ထမင်းတောင် မကျက်သေးဘူး၊ မီးက ပြန်ပျက်သွားပြီ” လို့ ရန်ကုန်မြို့နေ ပြည်သူတယောက်က ပြောပါတယ်။
ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပြုပြင်မှာဖြစ်တာကြောင့် သင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းက မြို့နယ်တချို့မှာ မီးပြတ်မယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပို ရေးရှင်း (YESC) က သင်္ကြန်မတိုင်ခင်က ထုတ်ပြန်ခဲ့ပါတယ်။ ရန်ကုန်တိုင်းအတွင်းက သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတွေဆီ ဓာတ်ငွေ့ပို့လွှတ်နေတဲ့ ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ထိန်း သိမ်းပြုပြင်ခြင်းလုပ်ငန်းကို ဧပြီ ၁၀ ရက်ကနေ ၁၇ ရက်အထိ ဆောင်ရွက်မှာ ဖြစ်တာကြောင့် မီးပျက်ဦးမယ်လို့ ကြေညာခဲ့တာပါ။
ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေတဲ့ ကာလအတွင်း သဘာဝဓာတ်ငွေ့နဲ့ မောင်းနှင်နေတဲ့ ဓာတ်အားပေးစက်မှ ဓာတ်အားစနစ်အတွင်းကို ဓာတ်အားထုတ် လုပ် ပို့လွှတ်နိုင်မှု လျော့နည်းနေမည်ဖြစ်တယ်လို့ YESC က ထုတ်ပြန်ခဲ့တာပါ။
အဲဒီလို ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်လိုက်တာကြောင့် အလှည့်ကျ မီးရရှိနေချိန်တွေဖြစ်တဲ့ လျှပ်စစ်မီးလာချိန် လေးနာရီတိတိမှာ အပြည့်အဝ မီးရရှိလာလိမ့်မယ်လို့ မြို့နေလူထုက ခပ်ရေးရေး မျှော်လင့်ထားခဲ့တာပါ။ ဒါပေမယ့် သင်္ကြန်ကာလအပြီး နောက်ပိုင်းမှာလည်း လျှပ်စစ်မီးပြတ်တောက်မှုက ပိုပြီး ဆိုးရွားလာနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
“မီးက မလာတာက များနေတော့ ဘယ်အချိန်လာပြီး ဘယ်အချိန် ပျက်မယ်ဆိုတာတောင် အချိန်တွေ မမှတ်မိတော့ဘူး။ သူတို့ မီးပေးတဲ့အချိန်က မီးလာတဲ့အချိန်ပဲ၊ အဲ့လိုသာ မှတ်ထားလိုက်တော့တယ်” လို့ ပြည်သူတယောက်က ပြောပါတယ်။
အဲဒီလို လျှပ်စစ်မီးပြတ်တောက်မှုတွေ ရှိလာတာကြောင့် ရန်ကုန်မြို့က စက်မှုဇုန်တွေ၊ စက်မှုလက်မှုလုပ်ငန်းတွေနဲ့ တနိုင်တပိုင် အသေးစားလုပ်ငန်းတွေမှာ အပိုကုန်ကျမှုတွေ ရှိလာခဲ့တာပါ။ ရပ်တည်ဖို့လည်း ခက်ခဲလာတယ်လို့ သိရပါတယ်။ တနိုင်ငံလုံး လျှပ်စစ်မီး နာရီပိုင်းသာရရှိတဲ့အတွက် တနိုင်တပိုင် အသေးစားလုပ်ငန်းတချို့ ပိတ်သိမ်းရတဲ့အထိ ဖြစ်လာနေတယ်လို့ သိရပါတယ်။
လျှပ်စစ်မီးအသုံးပြု လုပ်ကိုင်ရတဲ့ မိတ္တူနဲ့ စာစီစာရိုက်လုပ်ငန်း၊ ရေခဲချောင်း၊ ရေခဲမုန့်လုပ်ငန်း စတာတွေမှာ တနေ့လုံး လျှပ်စစ်မီး တနာရီ၊ နှစ်နာရီလောက်သာ ရရှိတဲ့အတွက် အခက်အခဲတွေ ဖြစ်ပေါ်နေတာပါ။ အချိန်ပိုင်းသာ ရရှိတဲ့မီးကြောင့် လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်ဖို့ အဆင်မပြေဖြစ်လာတယ်လို့ မြောက်ဒဂုံမြို့နယ်က စာစီစာရိုက်၊ မိတ္တူလုပ်ငန်း လုပ်ကိုင်သူတယောက်က ပြောပါတယ်။
“ဒီနေ့ဆို မနက် ၉ နာရီလာပြီး ၁ နာရီမှ ပျက်ရမယ့်မီးက တနာရီလောက်ပဲလာသွားတယ်။ မနက် ၉ နာရီလာပြီး မနက် ၁၀ နာရီမှာပဲ ပြန်ပျက်သွားလိုက်တာ တနေကုန်ပဲ။ ဒီမီးနဲ့ လုပ်စားနေရတဲ့သူတွေ ဘယ်အချိန် အလုပ်သွားလုပ်ရတော့မလဲ။ ညဆိုလည်း ပျက်တာပဲ။ အရင်ကထက်ပိုပြီး ဆိုးလာပြီ။ မီးစက်နှိုးပြီး လုပ်ပြန်တော့လည်း ဆီဖိုးနဲ့ အခန်းငှားခ၊ ပြီးတော့ အလုပ်သမားစရိတ်က ရှိသေးတယ်။ ဒီကာလမှာလုပ်ဖို့က ဘယ်လိုမှမကိုက်တော့ဘူး။ ရှုံးတောင်ရှုံးတယ်။ အဲဒါကြောင့် လောလောဆယ်တော့ ဆိုင်ကို ခဏနားထားရတယ်” လို့ သူက ပြောပါတယ်။
အလားတူ အချိန်ပြည့် အအေးဓာတ်ပေးထားရတဲ့ ရေခဲချောင်းတွေ၊ ရေခဲမုန့်တွေဟာလည်း လျှပ်စစ်မီးပြတ်တောက်ချိန် ကြာမြင့်တဲ့အတွက် ပျက်စီးဆုံးရှုံးမှု‌တွေ ဖြစ်ပေါ်နေရတယ်လို့ သိရပါတယ်။
“အခုလိုနေပူတဲ့အချိန်မှာ ရောင်းရမှာပဲဆိုပြီး တင်ထားတဲ့ ရေခဲချောင်း၊ ရေခဲမုန့်တွေလည်း အကုန်အရည်ပျော်ပြီး ဘယ်လိုမှ ရောင်းလို့ အဆင်မပြေတော့ဘူး။ ရေခဲချောင်း၊ ရေခဲမုန့်တွေ မပြောနဲ့။ အအေးဘူးတွေတောင် မအေးဘူး။ အကုန်ရှုံးတာပဲ။ ရေခဲမုန့် လုပ်တဲ့ဆိုင်ဆို ရေခဲမုန့်တွေ အရည်ပျော်ကုန်လို့ သူတို့တလမ်းလုံးကို အလကား ဝေပစ်ရတာ။ ဆက်လည်း မလုပ်တော့ဘူး။ ဒီရာသီ နေပူလို့ ရေခဲချောင်း၊ ရေခဲမုန့်၊ အအေးတွေ ရောင်းရမယ်မထင်နဲ့။ မီးပျက်နေတာနဲ့ ဘာအလုပ်မှ အဆင်ပြေမှာမဟုတ်ဘူး” လို့ ရန်ကုန်မြို့က ကုန်စုံဆိုင်ပိုင်ရှင်တယောက်က ပြောပါတယ်။
အခုလို ရန်ကုန်မြို့တွင်း လျှပ်စစ်မီး မကြာခဏ ပြတ်တောက်နေတာနဲ့ ပတ်သက်လို့ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က ဇောတိက ဓာတ်ငွေ့ပိုက်လိုင်း ဓာတ်အားယိုစိမ့်မှုကြောင့် ဓာတ်အားထုတ်လုပ်မှု လျှော့နည်းနေတာ ဖြစ်တယ်လို့ မေ ၂၄ ရက်မှာ အသိပေး ထုတ်ပြန်ထားပါတယ်။ ရန်ကုန်တိုင်းအတွင်းရှိ သဘာဝဓာတ်‌ငွေ့သုံး ဓာတ်အားပေးစက်ရုံတွေဆီ ပို့လွှတ်လျက်ရှိတဲ့ ဇောတိက သဘာဝဓာတ်‌ငွေ့ပိုက်လိုင်း ယိုစိမ့်မှု ဖြစ်ပေါ်နေတာကြောင့် အခုလို လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်မှုတွေ ဖြစ်ပေါ်နေတာလို့ အကြောင်းပြထားပြန်တာပါ။ အဲဒီ ဓာတ်‌ငွေ့ပိုက်လိုင်း ယိုစိမ့်မှုကို ပြုပြင်နေချိန်အတွင်း ဓာတ်အားထုတ်လုပ်ပေးနိုင်မှု 55 MW ခန့် လျော့နည်းနေမှာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။
အဲဒီ သဘာဝဓာတ်‌ငွေ့ပိုက်လိုင်း ယိုစိမ့်မှု ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းကို ဘီးလင်းမြို့အနီးမှာ မေ ၁၅ ရက်မှ ၁၆ ရက်အထိ နှစ်ရက်ခန့် လုပ်ငန်း ဆောင်ရွက်သွားရမှာ ဖြစ်တယ်လို့ YESC က မနေ့ မေ ၁၅ ရက်၊ ညနေပိုင်းမှာ အသိပေးထားတာ ဖြစ်ပါတယ်။
သဘာဝဓာတ်‌‌ငွေ့ပိုက်လိုင်း အရေးပေါ် ထိန်းသိမ်းပြုပြင်နေစဉ် ကာလအတွင်းမှာတော့ ရန်ကုန်တိုင်းအတွင်းက ဇောတိက သဘာဝဓာတ်ငွေ့ကို အသုံးပြုမောင်းနှင်လျှက်ရှိတဲ့ ဓာတ်အားပေးစက်တွေက ဓာတ်အားစနစ်အတွင်း 55 MW ခန့် လျော့နည်းနေမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီလို လျော့နည်းသွားတဲ့ ဓာတ်အားထုတ်လုပ် ပို့လွှတ်မှုအစား နေ့ပိုင်းမှာ ရတနာသဘာဝဓာတ်‌ငွေ့ကို အသုံးပြု မောင်းနှင်ပြီး အလုံဓာတ်အားပေးစက်ရုံမှ 22 MW ခန့်နဲ့လည်းကောင်း၊ ညပိုင်းမှာ ဒီဇယ်ကိုအသုံးပြုပြီး သီလဝါဓာတ်အားပေးစက်နဲ့ သာကေတဓာတ်အားပေးစက်တို့မှ 50 MW ခန့်နဲ့လည်းကောင်း ထုတ်လုပ်မောင်းနှင်ပြီး အတတ်နိုင်ဆုံး ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ YESC က အသိပေးထားတာ ဖြစ်ပါတယ်။
“ဘယ်နေရာတွေအတွက် ဖြည့်ဆည်း ဆောင်ရွက်နေတာလဲတော့ မသိဘူးပေါ့။ ဒါပေမယ့် ဒီဘက်မှာတော့ ညနေ ၅ နာရီ ပျက်ရမယ့်မီးက ၃ နာရီ ၁၅ လောက်မှာ ပျက်သွားတယ်။ ပြန်ကို မလာတော့ဘူး။ မနက် ၉ နာရီ လာပြီး နေ့လယ် ၁ နာရီပျက်ရမယ့်မီးက မနက် ၉ နာရီလာပြီး မနက် ၁၀ နာရီ မိနစ် ၂၀ မှာ ပျက်သွားတယ်။ ၁၁ နာရီခွဲလောက်မှာ တချက် ပြန်လာပြီး ၁၂ ခွဲလည်းကျရော ပျက်သွားတာ ပြန်ကို မလာတော့ဘူး။ ပျက်ရမှာက နေ့လယ် ၁ နာရီထိုးမှ ပျက်ရမှာ။ ညဆိုလည်း အရင်က မီးမှန်ပေမယ့် အခု ညနေ ၅ နာရီ မီးလာရင် ည ၉ နာရီ ပုံမှန်ပျက်တယ်။ အဲ့ထက်စောရင် ည ၈ နာရီမှာ မီးပျက်တယ်။ ည ၁၁ နာရီလောက် ပြန်လာတယ်။ မနက် ၂ နာရီ လောက်ကျတော့ ပြန်ပျက်သွားတာ မိုးလင်းတဲ့အထိပဲ။ မီးလာချိန်ထက် ပျက်ချိန် ပိုများနေတာက မြန်မာပြည်ရဲ့ ထုံးစံလို ဖြစ်နေပြီ။ တခါတလေ မီးပျက်ရမယ့် အချိန်တွေမှာ ဘာကြောင့်မှန်းမသိ မီးလာပေးတာတော့ ရှိပါတယ်။ ဒါပေမယ့် အဲ့လိုလာပေးလို့လည်း ကျေးဇူး မတင်ပါဘူး။ ကိုယ့် ရပိုင်ခွင့်တွေထဲက မဖြစ်စလောက်လေး ပြန်ရတာမို့လို့။ မီးပျက်ချိန် တခါတလေ မီးလာပေးတာထက် မီးလာရမယ့်အချိန် မှန်မှန်လေးလာပေးရင်ပဲ ရပြီ” လို့ ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်နေ ပြည်သူတယောက်က ပြောပါတယ်။
မန္တလေးမြို့မှာလည်း အဲဒီလိုပဲ အခု ၂၀၂၄ ခုနှစ်‌၊ နွေရာသီကာလ အစမှာပဲ လျှပ်စစ်မီးပြတ်တောက်မှု အရင်ကထက်ပိုပြီး ဆိုးရွားလာနေတယ်လို့ ဒေသခံတွေဆီက စုံစမ်း သိရှိရပါတယ်။ မန္တလေးမြို့မှာ တရက်ကို လျှပ်စစ်မီး လေးနာရီပေး၊ ရှစ်နာရီပျက် အစီအစဉ်နဲ့ တနေ့ကို လျှပ်စစ်မီး ရှစ်နာရီပေးမယ်လို့ နစက က ကြေညာထားတာပါ။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ဇန်နဝါရီလမှ စတင်ကာ ရှစ်နာရီခြား တခါသာ လျှပ်စစ်မီးပေးနေတာ ဖြစ်တယ်လို့ သိရပြီး လက်ရှိမှာတော့ တရက်ကို လေးနာရီပြည့်အောင်တောင် မီးမရရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မန္တလေးမြို့ရှိ ပြည်သူတွေဟာ ရေတွင်းမှရေကို လျှပ်စစ်မီးနဲ့ ရေပြန်တင်ကာ အသုံးပြုနေကြရတာ ဖြစ်တယ်လို့ သိရပါတယ်။ လျှပ်စစ်မီး ပုံမှန် မရတဲ့အခါ ရေတင်ဖို့တောင် အချိန်လုံ‌လောက်မှု မရှိတဲ့အတွက် အဆင်မပြေဖြစ်နေကြတာပါ။
နေအိမ်တအိမ်ကို သောက်သုံးရေ လုံလောက်စွာ အသုံးပြုနိုင်ဖို့အတွက် ရေတင်ဖို့ ကြာချိန် ၂ နာရီမှ ၃ နာရီကြားဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် လျှပ်စစ်မီးမှာ ၁၅ မိနစ်လောက်သာလာပြီး ပြတ်တောက်သွားတဲ့ အချိန်တွေလည်း ရှိနေတာကြောင့် အခက်ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လျှပ်စစ်မီးပြတ်တောက်မှု အချိန် ကြာမြင့်လာတဲ့အတွက် မန္တလေးမြို့မှာ လျှပ်စစ်နဲ့ အလုပ်လုပ်ကိုင်နေရတဲ့ စီးပွားရေး လုပ်ငန်းတွေလည်း အခက်တွေ့နေရတာပါ။ ဒါအပြင် ဆိုလာ၊ ဘတ်ထရီအိုးနဲ့ မီးစက် ဈေးတွေလည်း မြင့်တက်လာတယ်လို့ သိရပါတယ်။
အဲဒီလိုပဲ အစိုးရ ရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေ အတွင်းက မြို့နယ်တွေမှာလည်း လျှပ်စစ်မီး ပြတ်တောက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ နေပြည်တော်မှာ သင်္ကြန်ကာလ နောက်ပိုင်း ရက်တွေကစလို့ နေ့ခင်းအချိန်တွေမှာ လျှပ်စစ်မီးပြတ်တောက်မှုတွေ ကြုံတွေ့နေရတာ ဖြစ်တယ်လို့ သိရပါတယ်။
“မီးက အရင်ကတော့ မှန်ပါတယ်။ သူများနေရာတွေ၊ မြို့တွေ မီးပျက်တယ်လို့ ကြားနေရပေမယ့် ဒီ နေပြည်တော်မှာကျတော့ တော်ရုံ မီးပျက်ခဲတယ်။ များသောအားဖြင့် မီးလာတယ်။ ဒါပေမယ့် သင်္ကြန်လည်းပြီးရော မီးက ဆိုးဆိုးရွားရွားကို ပျက်လာတာ။ နောက်တော့ ပြီးခဲ့တဲ့လ ဧပြီ ၂၅ ရက်နေ့ကစပြီး မီးပေးချိန် ပြောင်းသွားတယ်။ ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိကို ငါးရက်ခြားတခါ အလှည့်နဲ့ပေးတာ ဖြစ်သွားတယ်။ သူတို့ သတ်မှတ်ထားတဲ့ ရွာတွေကို အုပ်စုအလိုက် အလှည့်‌နဲ့ပေးတာမျိုးပေါ့။ ဒီရွာတွေက ဒီ ငါးရက်မှာ တနေကုန်၊ တညလုံး မီးလာနေတယ်ဆို တခြား နေ့ဘက် မီးပျက်ရမယ့် ရွာတွေက ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိပဲ မီးရမယ်၊ အဲ့လိုမျိုး။ ဒါပေမယ့် လူတွေက များသောအားဖြင့် နေ့ဘက်ပဲ အလုပ်လုပ်ကြရတာလေ။ ဒီ မီးက နေ့ဘက်ပေးမှ ပိုအဆင်ပြေမှာပေါ့။ ဒါပေမယ့် ရိုးရာမပျက်ပေါ့။ အဲ့ဒီ့ မီးလာရမယ့်အချိန်မှာ တချက်တချက် မီးပျက်တာကလည်း ရှိသေးတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ မဟာဓာတ်အားလိုင်းက လျှပ်စစ်မီး မရရှိဘဲ ပုဂ္ဂလိကကုမ္ပဏီတွေက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနေတဲ့ ဒေသတွေ ရှိပါတယ်။ အဲဒီ ဒေသတွေထဲမှာ တနင်္သာရီတိုင်းလည်း အပါအဝင်ဖြစ်ပါတယ်။ တနင်္သာရီတိုင်းဟာ မြန်မာနိုင်ငံမှာ သဘာဝဓာတ်ငွေ့ထွက်တဲ့‌ ဒေသဖြစ်ပေမယ့် လျှပ်စစ်ကိုစျေးကြီးပေး အသုံးပြုနေရတဲ့ ဒေသဖြစ်ပါတယ်။
တနင်္သာရီတိုင်းမှာ Petro & Trans ပုဂ္ဂလိကကုမ္ပဏီက လျှပ်စစ် ဖြန့်ဖြူးနေတာ ဖြစ်တယ်လို့ သိရပါတယ်။ မြို့နယ်တွေအလိုက် လျှပ်စစ်မီတာခတွေဟာ တယူနစ်ကို ၄၀၀ ကျပ်ကနေ ၃၀၀၀ ကျပ်ဝန်းကျင်ထိ ပေးသုံးနေရတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တနင်္သာရီတိုင်းရဲ့ အနည်းဆုံး ယူနစ်စျေးနှုန်းဖြစ်တဲ့ တယူနစ် ၄၀၀ နှုန်းဟာ ၂၄ နာရီပတ်လုံး လျှပ်စစ်မီးလုံးဝမပြတ်တဲ့ အိမ်နီးချင်းထိုင်းနိုင်ငံက လျှပ်စစ်မီတာ တယူနစ်နှုန်းနဲ့ အတူတူပဲဖြစ်တယ်လို့ သိရပါတယ်။
အခုလို လျှပ်စစ်ဓာတ်အားခကို ပြည်မကဒေသတွေနဲ့ မတူဘဲ ပုဂ္ဂလိကကုမ္ပဏီနှုန်းထားနဲ့ ဈေးကြီးပေးနေရပေမယ့် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်က မြို့နယ်လေးခုမှာ ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းကစလို့ လျှပ်စစ်မီး ပြတ်တောက်တာတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ အရင်က လျှပ်စစ်မီးရနေတဲ့ တချို့ကျေးရွာတချို့ဟာလည်း အခု ၂၀၂၄ ခုနှစ်အတွင်း လျှပ်စစ်မီးတွေ လုံးဝ ပြတ်တောက်ကုန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလို လျှပ်စစ်မီး ပြတ်တောက်နေတာဟာ စက်လေးလုံး ချို့ယွင်းနေတာကြောင့် ဖြစ်တယ်လို့ Petro & Trans ကုမ္ပဏီက ကြေညာထားပါတယ်။ ဒါကြောင့် အလှည့်ကျ မီးပေးမယ်လို့ ကုမ္ပဏီက ကြေညာထားပေမယ့်လည်း ကြေညာထားတဲ့အချိန်အတိုင်း လျှပ်စစ်မီး မရရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒါအပြင် မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်အတွင်းက ကျေးရွာတချို့မှာလည်း လျှပ်စစ်မီးအခက်အခဲဖြစ်‌ပေါ်နေတယ်လို့ သိရပါတယ်။ ဒီ အခက်အခဲကြောင့် သောက်သုံးရေ ရှားပါးမှု ပြဿနာတွေနဲ့ ကြုံတွေ့နေရတယ်လို့ ကျေးရွာအုပ်စုနေ ဒေသခံတွေက ပြောပါတယ်။
မိတ္တီလာမြို့နယ်၊ ဂဠုန်ကျေးရွာအုပ်စုမှာ ဂဠုန်၊ ရှင်မြို့၊ ရွာမ၊ ကန်ကော့၊ မြင်သာ၊ သဲတောလေး၊ ပျော်ဘွယ်လေး၊ အုတ်မြေကန် စတဲ့ ကျေးရွာ ရှစ်ရွာရှိတယ်လို့ သိရပါတယ်။ အဲဒီကျေးရွာတွေမှာ သုံးစွဲတဲ့ လျှပ်စစ်မီးက ရွှေစစ်သည်အုပ်စုလိုင်းဘက်ကနေ
သွယ်တန်းသုံးစွဲရတာလို့ ဒေသခံတွေဆီက သိရပါတယ်။
မီးပေးချိန်ဟာ နှစ်ရက်မှ တကြိမ်သာဖြစ်ပြီး ညနေ ၆ နာရီကနေ မနက် ၅ နာရီထိသာ ဖြစ်တယ်လို့ သိရပါတယ်။ လျှပ်စစ်မီးအခက်အခဲကြောင့် အခုလို ပူပြင်းတဲ့အချိန်မှာ လူတွေနဲ့ တိရစ္ဆာန်တွေဟာ သောက်သုံးရေအခက်အခဲ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
“သောက်သုံးရေကန်ကလည်း ခန်းခြောက်လာလို့ အခက်အခဲဖြစ်နေရတယ်။ လျှပ်စစ်မီးကိစ္စကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဆီကို တင်ပြတဲ့အခါ ကျေးရွာမီးလင်းရေးကော်မတီကို သက်ဆိုင်ရာမှာ တင်ပြဖို့ ပြောထားတယ်လို့ ပြောပါတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
နိုင်ငံရေး အပြောင်းအလဲဖြစ်တဲ့ ၂၀၂၁ ခုနှစ်ကစလို့ နိုင်ငံတဝန်း လျှပ်စစ်မီးပြတ်တောက်မှုဟာ ဆိုးဆိုးရွားရွားကို ဖြစ်ပေါ်နေခဲ့တာပါ။ အဲဒီလို ဖြစ်ပေါ်ခဲ့ရာကနေ လက်ရှိ အချိန်မှာတော့ အဆိုးတကာ့အဆိုးရွားဆုံး အခြေအနေကို ရောက်ရှိနေတာပါ။
မကြုံစဖူး လျှပ်စစ်မီး အဆိုးရွားဆုံး ပြတ်တောက်နေမှုကြောင့် နိုင်ငံတဝန်းက လျှပ်စစ်မီးအသုံးပြု လုပ်ကိုင်နေရတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ အသေးစားနဲ့ အလတ်စား စက်ရုံ၊ အလုပ်ရုံတွေ၊ ထိခိုက်မှုရှိနေသလို အိမ်ရှင်မများအတွက်လည်း မီးဖိုချောင်ကုန်ကျစရိတ် ပုံမှန်ထက်ပိုပြီး များလာနေတာ ဖြစ်ပါတယ်။
အခုလို လျှပ်စစ်မီးက ပြတ်တောက်မှုတွေဟာ ရွှေကျင်၊ ဘီလူးချောင်း (၁)၊ (၂)၊ (၃)၊ သဖန်းဆိပ် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံတွေက ထွက်ရှိတဲ့ ဓာတ်အားကို ပို့လွှတ်လျက်ရှိတဲ့ ၂၃၀ ကေဗီ၊ ၁၃၂ ကေဗီ ဓာတ်အားလိုင်းတွေ ဖျက်ဆီးခံထားရခြင်း၊ သဘာဝဓာတ်ငွေ ခွဲတမ်း လျော့နည်းရရှိမူအရ အပူစွမ်းအင်သုံးစက်ရုံတို့မှ စွမ်းအားပြည့် မောင်းနှင်ထုတ်လုပ်နိုင်မူ မရှိခြင်းတို့ကြောင့် သာမန် အချိန်ထက် မဂ္ဂါဝပ် ၁၀ဝ၀ ခန့် လျော့နည်းနေတဲ့အတွက် ဓာတ်အားခွဲဝေ ဖြန့်ဖြူးခြင်းတွေကို ဆောင်ရွက်နေရတာ ဖြစ်တယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရပါတယ်။
ဓာတ်အားပေးစက်ရုံတွေဆီက ထွက်ရှိလာတဲ့ ဓာတ်အားတွေကို ပို့လွှတ်လျက်ရှိတဲ့ ဓာတ်အားလိုင်းကြီးတွေကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေစပြီး အခု ၂၀၂၄ ခုနှစ်၊ မေလအထိ ဓာတ်အားလိုင်း တာဝါတိုင်တွေ ၇၁ ကြိမ် ဖောက်ခွဲဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ ဒါကြောင့် တာဝါတိုင်ပေါင်း ၈၉ တိုင် ပြိုလဲပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဓာတ်အားခွဲရုံကြီး ငါးရုံလည်း ဖောက်ခွဲဖျက်ဆီးခံခဲ့ရတဲ့အတွက် ဓာတ်အားပို့လွှတ်နိုင်မှုမရှိဘဲ ဓာတ်အားပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း ပြည်သူတွေရဲ့ ဓာတ်အားလိုအပ်ချက်ကို စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ပြင်ဆင်မှုတွေကို အချိန်နဲ့တပြေးညီ ဆောင်ရွက်ပေးခဲ့တာမှာ တာဝါတိုင်ပေါင်း ၄၉ တိုင်ကို အစားထိုး ပြင်ဆင်ပြီးစီးခဲ့ပြီးဖြစ်သလို တာဝါတိုင် ၄၀ ကိုလည်း ပြင်ဆင်ဖို့ ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
နိုင်ငံတဝန်း လျှပ်စစ်မီး ပြတ်တောက်နေတာဟာ ဓာတ်အားပေးလိုင်းတွေ ဖောက်ခွဲခံရတာတွေကြောင့်လို့ YESC ကပြောပေမယ့် လူထုကတော့ ဒီလိုဖောက်ခွဲခံရမှုတွေ ခပ်စိပ်စိပ်မဖြစ်လာခင် နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီး တနှစ်နီးပါးအကြာ ၂၀၂၂ ခုနှစ်၊ နှစ်ဆန်းပိုင်းတည်းက မီးပြတ်ချိန် များလာတာဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။ ၂၀၂၂ ခုနှစ်၊ နှစ်စပိုင်းမှစတင်ကာ ပြည်သူလူထုအနေနဲ့ လျှပ်စစ်မီးပြတ်တောက်မှုကို ဆိုးဆိုးရွားရွား ကြုံတွေ့ခဲ့ရတာဖြစ်ပြီး မတ်လမှစတင်ကာ လျှပ်စစ်မီးကို အုပ်စု (အေ) နဲ့ အုပ်စု (ဘီ) ခွဲပြီး အချိန်ဇယားနဲ့သာ ပေးခဲ့ခြင်းဖြစ်ပါတယ်။
ပြည်တွင်းရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုမှာ ရေအားလျှပ်စစ်ကို အများဆုံး အသုံးပြုလျက်ရှိတယ်လို့ သိရပါတယ်။ နိုင်ငံတွင်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်မှာတော့ နှစ်စဥ် ၁၅ ရာခိုင်နှုန်းခန့် တိုးတက်လျက်ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ လျှပ်စစ် ဓာတ်အားစက်ရုံပေါင်း ၆၄ ရုံရှိတယ်လို့ သိရပါတယ်။ ဒီစက်ရုံတွေကနေ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၇၀၀၀ ကျော် ထွက်ရှိနိုင်ပေမယ့်လည်း နေ့စဥ် မဂ္ဂါဝပ် ၃၀၀၀ ခန့်သာ ဖြန့်ဖြူးပေးနိုင်တယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်စာရင်းအရ တနိုင်ငံလုံး အတိုင်းအတာရဲ့ ၅၀ ရာခိုင်နှုန်းက လျှပ်စစ်ဖူလုံစွာ ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ၂၀၂၁ ခုနှစ်နောက်ပိုင်း လျှပ်စစ်မီးရရှိမှုဟာ အရင်ထက် ပိုမိုလျော့ကျလာခဲ့ပြီး အချိန်မှန် မီးပေးနိုင်ခြင်းမရှိတော့ဘဲ လျှပ်စစ်မီးလာချိန်ကို အချိန်နာရီနဲ့ သတ်မှတ်ပြီး ခွဲဝေပေးနေတာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်းကစလို့ မြန်မာတနိုင်ငံလုံး အဖက်ဖက်ကနေ ယိုယွင်းလာခဲ့တာမှာ နိုင်ငံတည်ဆောက်ရာမှာ အဓိက အခြေခံအဆောက်အဦတခုဖြစ်တဲ့ လျှပ်စစ်ဓာတ်အား ဖြန့်ဝေမှုအပိုင်းဟာ လက်ရှိမှာတော့ အဆိုးရွားဆုံးအခြေအနေကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။
လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခင်းအကျင်းတွေကြောင့် လျှပ်စစ်မီးက အရင်ကထက်ပိုပြီး အခြေအနေ ဆိုးလာဖို့ပဲရှိတယ်လို့ သုံးသပ်ပြောဆိုမှု ရှိနေပြီး မြန်မာပြည်သူလုထုကတော့ တနှစ်ထက်တနှစ် ပိုမို ပူပြင်းလာတဲ့ နွေရာသီကာလမှာ လျှပ်စစ်မီးကြောင့် ဖြစ်လာရတဲ့ အခက်အခဲပေါင်း များစွာကို အံတုရင်း ရှေ့ဆက်နေကြရဆဲ ဖြစ်ပါတယ်။
Photo Crd: CJ

Related posts

Leave a Comment

VOM News

FREE
VIEW