ကျုံအိတ်တံတား ယာယီလမ်းကနေ ယာဉ်တွေ ဖြတ်သန်းလို့ရပြီ

မေ ၁၇ – ၂၀၂၄
GG (VOM)
မိုင်းခွဲခံရပြီး ပျက်စီးခဲ့တဲ့ ကျုံအိတ်တံတားဘေးကနေ ယာယီမြေသားလမ်းဖောက်လုပ်ပြီးစီးတာကြောင့် Express ကား၊ကားသေး၊ကုန်ကားတွေလည်း ဖြတ်သန်းခွင့်ပြုနေပြီလို့သိရပါတယ်။
ဒါကြောင့် ရန်ကုန်- မော်လမြိုင်လမ်းမှာလည်း တံတားရဲ့ တဖက်တချက်စီမှာကားတွေအများအပြားပိတ်မိနေကြတယ်လို့သိရပါတယ်။
ကျုံအိတ်တံတားကတော့ မေလ ၁၁ ရက်နေ့မှာမိုင်းခွဲဖျက်ဆီးခံခဲ့ရတာဖြစ်ပြီး ၇ ရက်မြောက်နေ့မှာ ကားတွေပြန်လည်ဖြတ်သန်းခွင့်ရရှိတာဖြစ်ပါတယ်။
ကျုံအိတ်တံတားရှောင်ကွင်းသွားရတဲ့ ကျေးရွာချင်းဆက် တောလမ်းမှာ ကားတွေသွားလာမှုများတဲ့အတွက် လမ်းမှာ နှစ်ညအိပ်ရလောက်တဲ့အထိ ကားတွေရာချီပြီးပိတ်မိမှုတွေဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။
” လမ်းကကျဉ်းတော့ ပိတ်တာပါ၊ လမ်းကကျဉ်းတော့တွဲကားကြီးတွေတအားတော့ ကားတွေက ကြပ်ကုန်တယ်၊ကားတွေကရှောင်ပေးကြပေမယ့်လည်း သွားမရတာပေါ့။အဲ့ဒါကြောင့် ကျနော်တို့တော့ နှစ်ညလောက်လမ်းမှာညအိပ်ခဲ့ရတယ်။ခုမနက်တော့ ကားပွင့်တာနဲ့ လမ်းမကြီးပေါ်ရောက်လာပြီ ” လို့လမ်းမှာ ညအိပ်ရတဲ့အထိ ပိတ်မိခဲ့တဲ့ကားသမားတယောက်ကပြောပါတယ်။
ရွာချင်းဆက်တောလမ်းမှာ ကားတွေပိတ်မိခဲ့စဉ်
စားရေးသောက်ရေးအခက်အခဲတွေ ကြုံခဲ့ရသလို သောက်ရေသန့်တွေလည်း ရှားပါးကြောင်း၊ ကားပေါ်ပါတဲ့အသီးအနှံတွေ၊ တောထဲကရှာဖွေရရှိတဲ့အသီးအနှံနဲ့ ဘုန်းကြီးကျောင်းက ကျွေးတဲ့ထမင်းကိုသာ မျှဝေစားသောက်ပြီး ကျော်ဖြတ်ခဲ့ရတယ်လို့ သူကထပ်မံပြောပါတယ်။
” နေချင်းပေါက်တဲ့လမ်းမို့ ပိုက်ဆံပဲယူခဲ့ပြီး ဘာမှမပါခဲ့ဘူး။ ငွေရှိတိုင်း ဘာမှလုပ်မရဘူးဆိုတာ အခုလိုဘဝမျိုးရောက်မှသိရတယ်။ နေပူဒဏ်ပြင်းထန်ပြီး ရေရှားပါတဲ့ အခုလိုလမ်းမှာ စားဖို့ထက် သောက်ဖို့ရေကိုသာ အဓိကထားရှာရတယ်။ ကားပေါ်ပါလာတဲ့ ငါးချဉ်၊ သက်ရက်သီး နဲ့ တောထဲက ရတဲ့ ပိန္နဲသီးကိုသာ ခွဲဝေစားသောက်ရတယ်၊ တခါတလေ ဘုန်းကြီးကျောင်းက ကျွေးတဲ့ ပိန္နဲသီးဟင်းနဲ့ ထမင်းကြမ်း စားရတယ် ” လို့ဆိုပါတယ်။
တောလမ်းက ကျဉ်းတဲ့အတွက် ကုန်ကားကြီးတွေများတဲ့အခါသွားလာဖို့မလွယ်ကူဘဲ ခုလိုညအိပ်ရတဲ့အထိ ကားတွေပိတ်ခဲ့သလို တိုက်ပွဲဖြစ်ပါကလည်း ကားတွေရှေ့ဆက်သွားလို့မရဘဲ အားလုံးပိတ်မိကြရတယ်လို့သိရပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW