မြင်းခြံနယ်က ယာယီတိုက်ပွဲရှောင်တွေ နီးစပ်ရာမြို့တွေပေါ်တက်ပြီး အလှူခံစားသောက်နေရ



မေ ၊ ၂၁ ၊ ၂၀၂၄
SP (VOM)

မြင်းခြံနယ်မှာ ဒီရက်ပိုင်းအတွင်း ယာယီတိုက်ပွဲရှောင်နေရသူ ခုနှစ်ထောင်ဝန်းကျင်ရှိနေပြီး ၊ တချို့ဟာ စားဝတ်နေရေး ခက်ခဲလာတာကြောင့် စစ်ကိုင်းနဲ့ မန္တလေးမြို့ပေါ်တွေမှာ လှည့်လည် အလှူခံစားနေရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စစ်ကိုင်းမြို့ခံတယောက်က ” မြင်းခြံနယ် ၊ ဧရာဝတီမြစ်ဘေးမှာရှိတဲ့ ရွာစဥ်တွေက ယာယီတိုက်ပွဲရှောင်နေရသူတွေဆိုပြီး မိန်းကလေးတွေ လေးငါးယောက် တဖွဲ့ ပုဆိုးခြုံတွေနဲ့ မြို့ပေါ်မှာ အလှူလာခံကြတယ် ၊ အဲ့ဒီလို အလှူလာခံတာ ဆယ်လေးငါးဖွဲ့လောက်ရှိတယ် ၊ သူတို့ကိုမေးကြည့်တော့ ပြီးခဲ့တဲ့ မေ ၁၀ ရက်နောက်ပိုင်းမှာ ၊ ကိုင်း၊ ဂင့်ဂဲ၊ ဥဒယ၊ ကန်တော်၊ ရန္တပို၊ တောပု၊ ညောင်တို၊ သိမ်တိုင်၊ မရိုးကုန်း စတဲ့ကျေးရွာတွေဘက်မှာ နစကတပ်ဖွဲ့တွေ နယ်မြေရှင်းလင်းရေး လာလုပ်တယ် ၊ အဲ့ဒီ အချိန် ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေနဲ့ ပစ်ခတ်မှုတွေဖြစ်တယ် ၊ အဲ့ဒါကြောင့် နေရပ်စွန့်ပြီး ယာယီတိုက်ပွဲရှောင်နေရတယ် ၊ အဲ့ဒီလို တိုက်ပွဲရှောင်နေရသူ လူဦးရေ ကလေး / လူကြီး လေးငါးထောင်ထက်မနည်းရှိတယ် ၊ တိုက်ပွဲရှောင်နေရတဲ့ ရက် ၊ ဆယ်ရက်ဝန်းကျင်ရှိလာပေမယ့် ဘယ်အဖွဲ့အစည်းကမှ အခုထိ ကူညီပေးတာ မရှိသေးဘူး ၊ အဲ့ဒါကြောင့် အနီးနားကမြို့ပေါ်တွေမှာ လာပြီး အလှူခံရတာဖြစ်တယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် မန္တလေးမြို့ခံ တယောက်က ” ​ဒီရက်ပိုင်း မြင်းခြံနယ်က တိုက်ပွဲရှောင်တွေဆိုပြီး မြို့ပေါ်မှာ အလှူခံလာကြတာ ရှိတယ် ၊ သူတို့ကို မေးမြန်းကြည့်တဲ့အခါ မြင်းခြံနယ်ဘက်ကလို့ ပြောတယ် ၊ ဘယ်ရွာဆိုတာ မပြောဘူး ၊ တချို့အဖွဲ့တွေဆို နေပူကြီးထဲမှာ ကလေးငယ်တွေပါ လက်ဆွဲခေါ်လာကြတယ် ၊ မန္တလေးမြို့ခံတွေက တကယ့် တိုက်ပွဲရှောင် ဒုက္ခရောက်နေတဲ့သူတွေဆိုရင် အဝတ်အထည်နဲ့ စားသောက်စရာတွေ ကူညီပေးကြတယ် ၊ ခုတလော မန္တလေးမှာ အဲ့ဒီလို တိုက်ပွဲရှောင်နေရလို့ ဆိုပြီး အလှူခံလာတဲ့သူေတွများလာတယ်” လို့ ပြောပါတယ်။

စစ်ကိုင်းမြို့ပေါ်မှာ အလှူခံနေတဲ့ ယာယီတိုက်ပွဲရှောင် တယောက်က
” မြင်းခြံနယ် ၊ မရိုးကုန်းနဲ့ သိမ်တိုင်ရွာဘက်က လာတာဖြစ်တယ် ၊ ရွာမှာက နှစ်ဘက် စစ်ကြောင်းတွေ မကြာခဏ ဝင်ရောက်တယ် ၊ ဘယ်အဖွဲ့က စစ်ကြောင်း လာလာ ၊ ရွာခံတွေက ထွက်ပြေးတိမ်းရှောင်နေရတယ် ၊ အဲ့ဒီလို ပြေးရတာ ပြီးခဲ့တဲ့ တနှစ်အတွင်း အကြိမ်ရေ သုံးဆယ်ကျော်လောက်ရှိတယ် ၊ အဲ့ဒါကြောင့်ရွာမှာ လုပ်ကိုင်စားသောက်စရာ မရှိတော့ဘူး ၊ လူများစုကတော့ ကိုယ်နဲ့ နွှယ်ရာ နွယ်ရာ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေရတယ် ၊ တချို့ကျောင်းတွေက ခိုလှုံသူများပြီး ဆွမ်းခံကျွေးနိုင်တဲ့ အားနည်းလာတာကြောင့် လူတွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ မြို့ပေါ်တက်ပြီး အလှူခံစားသောက်နေရတာ ဖြစ်တယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက မြင်းခြံမြို့နယ် ၊ ဆုံကျေးရွာမှာ ကလေး / လူကြီး အယောက် သုံးဆယ်ကျော် တချိန်တည်း ၊ တပြိုင်တည်း အသတ်ခံရပြီးနောက်ပိုင်း ရွာရှည်ကျေးရွာ အပါအဝင် ရွာပေါင်း ခုနှစ်ရွာထက်မနည်း နစက လုံခြုံရေး အဖွဲ့တွေက စစ်ကြောင်းထိုး ရှင်းလင်းနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ၊ အညာဒေသ တိုက်ပွဲရှောင် မြင်းကွင်း တခု (ဒေသခံတဦး)

Related posts

Leave a Comment

VOM News

FREE
VIEW