စက်ရုံအလုပ်သမားတွေ လုပ်ခတိုးမြင့်လာပေမယ့် လုပ်ငန်းခွင်မှာ ဖိနှိပ်မှုတွေနဲ့ ပိုမိုရင်ဆိုင်နေရ

 

မေ ၂၃ – ၂၀၂၄
SN (VOM)

စက်ရုံတွေမှာ လုပ်သားလိုအပ်ချက်အရ လုပ်ခတိုးမြှင့်ပြီး လုပ်သားခေါ်ယူ စုဆောင်းတာတွေရှိနေပေမယ့် တိုးထားတဲ့ လုပ်ခနဲ့မတန်အောင် မတရားခိုင်းစေမှု၊ လုပ်ငန်းခွင်ဖိနှိပ်မှုတွေ ရှိနေတယ်လို့ စက်ရုံအလုပ်သမားတွေနဲ့ အလုပ်သမားအရေး ဆောင်ရွက်သူတွေဆီက သိရပါတယ်။

ရန်ကုန်မြို့ရှိ စက်ရုံတချို့မှာ တရက်လုပ်ခလစာ မြန်မာကျပ်ငွေ ၄၈၀၀ အပြင် အပိုထောက်ပံ့ကြေး ၁၀၀၀ ကျပ်၊ ၂၀၀၀ ကျပ် စသဖြင့် တိုးမြှင့်ပေးလာတာတွေ ရှိသလို စက်ရုံတချို့ကတော့ တရက်လုပ်ခကို ကျပ် ၆၀၀၀ ကနေ ၇၅၀၀ ကျပ်လောက်အထိ တိုးမြှင့်ပေးလာတာတွေ ရှိပေမယ့် နားချိန် ခဏသာပေးပြီး အလုပ်ပိုခိုင်းတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

“အာဝါတီ (သတ်မှတ်ထုတ်ကုန်စံချိန်) တွေ ပိုတိုးပြီး အတောင်းခံရတယ်။ အာဝါတီမပြည့်ရင် အလုပ်ပိတ်ရက်မှာတောင် ပိုက်ဆံမရဘဲ အလုပ်သွားဆင်းပေးရတယ်။ OT ကြေး မရဘဲ သက်သက်သွားဆင်းပေးရတာ။ သူတို့က သူတို့ပေးထားတာနဲ့ တန်အောင် ခိုင်းချင်ကြတဲ့ သဘောပေါ့။ သူတို့ တိုးပေးတဲ့ပိုက်ဆံ ၁၀၀၀ ၊ ၂၀၀၀ ဆိုတာကလည်း တလုံးစာတွက်ရင် သုံးသောင်း၊ ခြောက်သောင်း၊ ဒါပဲရှိတာ။ ဒီခေတ် ကုန်ဈေးနှုန်းနဲ့က အိမ်စရိတ် တနေ့ တသောင်းလောက် ကုန်နေတာနဲ့ ဘာမှမထူးဘူး။ ဈေးသွားလို့ ပိုက်ဆံ တသောင်း ပါသွားလို့ရှိရင် ဆန်တပြည်နဲ့ ဆီ ၅၀ သားပဲရတယ်” လို့ ရွှေပေါက္ကံစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံ ဝန်ထမ်းတယောက်က ပြောပါတယ်။

လက်ရှိ အထည်ချုပ်စက်ရုံ တချို့မှာ အချိန်ပိုအလွန်အကျွံ လုပ်ကိုင်နေရပြီး နားရက်မရသလို အချိန်ပိုဆင်းဖို့ ငြင်းဆန်တဲ့အခါမှာလည်း ငွေကြေးဖြတ်တောက်တာတွေကြောင့် အခက်အခဲတွေ့နေရပြီး အလုပ်ချိန် သတ်မှတ်ချက်ကတော့ မနက် ၈ နာရီမှ ညနေ ၆ နာရီ၊ မိနစ် ၄၀ အထိ (အချိန်ပို ၂ နာရီအပါ) ပုံမှန်အလုပ်ချိန်ဖြစ်တယ်လို့ သိရပါတယ်။

တလလုံး ရက်မပျက်ရင် ရက်မှန်ကြေး နှစ်သောင်းကျပ်၊ နည်းပညာဆုကြေး A+၄၀၀၀၀ ကျပ်၊ A ၃၀၀၀၀ ကျပ်၊ B+ ၃၅၀၀၀ ကျပ်၊ C ၂၅၀၀၀ ကျပ်၊ အခြားဆုကြေး၊ နှစ်ကြေး တနှစ် ၂၀၀၀ ကျပ်၊ အချိန်ပိုကြေးတွေ သတ်မှတ်ပေးထားတာလို့ သိရပါတယ်။

A+, A, B+, B, C, D စတဲ့ စကားလုံးတွေဟာ အလုပ်သမားတဦးရဲ့ ကျွမ်းကျင်အဆင့် သတ်မှတ်ချက်တွေ ဖြစ်တယ်လို့ သိရပြီး A+ ဆိုတာကတော့ အကျွမ်းကျင်ဆုံးအဆင့် သတ်မှတ်ချက် ဖြစ်တယ်လို့ သိရပါတယ်။

“အလုပ်ချိန်က အချိန်ပို ၂ နာရီ အပါ ၁၀ နာရီလုပ်ရတယ်။ ညဆိုင်းတွေပါ ဆင်းရရင်တော့ အလုပ်ချိန်က တရက်ကို ၁၆ နာရီ ဖြစ်သွားရော။ သူတို့ ဆင်းခိုင်းတဲ့အတိုင်း အချိန်ပို မဆင်းဘူးဆိုရင် ဂရိတ်ကြေးတွေ အဖြတ်ခံရတယ်” လို့ လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန်ရှိ စက်ရုံဝန်ထမ်းတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ သင်္ကြန်ကာလအတွင်းကလည်း ဂရိတ်ကြေး (ကျွမ်းကျင်ကြေး) တွေကို အဆင့်လိုက် ဖြတ်ချထားကာ အတိအကျ ရှင်းပြခြင်းမရှိဘဲ အလုပ်သမားတွေရဲ့ လစာကို ကျပ် သုံးသောင်း ဝန်းကျင်ကနေ ကျပ် ငါးသောင်း ဝန်းကျင်အထိ နှုတ်ယူခြင်းတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ အလုပ်သမားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ စက်ရုံတွေဆီ VOM က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိခဲ့ပါဘူး။

ပြည်တွင်းအလုပ်သမားအရေး လှုပ်ရှားသူတွေကတော့ လက်ရှိမှာ စက်ရုံတချို့က တိုးပေးလာတဲ့ လုပ်ခပမာဏဟာ အဆမတန်မြင့်တက်နေတဲ့ ကုန်ဈေးနှုန်း အခြေအနေကြောင့် သိပ်ပြီး ထိရောက်မှုမရှိဘူးလို့ သုံးသပ်ကြပါတယ်။

“အလုပ်သမား တယောက်ရဲ့ လုပ်ခလစာဟာ အလုပ်ချိန် ၈ နာရီအတွက် ဗဟိုဘဏ်ပေါက်ဈေးနဲ့ ၃ ဒေါ်လာအထက် ရသင့်တယ်။ ဘယ်လောက်ပဲ ကုန်ဈေးနှုန်းတွေ တက်တက်၊ အလုပ်သမားတွေရဲ့ အနိမ့်ဆုံး အခကြေးငွေက ၃ ဒေါ်လာအောက် ရောက်မနေဘူးဆိုရင်တော့ ကုန်ဈေးနှုန်းနဲ့ လစာနဲ့ကြောင့် ဖြစ်နေတဲ့ အခက်အခဲတွေက ဖြေရှင်းပြီးသား ဖြစ်သွားမယ်။ စက်ရုံတချို့က လုပ်ခတိုးမြှင့်ပြီး လုပ်သားခေါ်ယူစုဆောင်းတာတွေ ရှိနေပေမယ့် အလုပ်သမားတွေ တကယ်ရသင့်တဲ့ ပမာဏထက် နည်းနေသေးတယ်” လို့ အလုပ်သမားအရေး လှုပ်ရှားသူ တယောက်က ပြောပါတယ်။

တိုးမြင့်လာတဲ့ ကုန်ဈေးနှုန်းနဲ့ အနည်းဆုံး အခကြေးငွေနှုန်းထား ပြင်ဆင်သတ်မှတ်ဖို့ ပျက်ကွက်ခဲ့တဲ့နှစ်တွေအရ အလုပ်သမားတဦးဟာ တရက်ကို အနည်းဆုံး ကျပ် တသောင်းကနေ တသောင်းနှစ်‌ထောင်အထိ ရသင့်တယ်လို့ သူက ပြောပါတယ်။

အဲဒီလို လုံလောက်တဲ့လုပ်ခ မရဘူးဆိုရင် ပြည်တွင်းက အလုပ်သမားတွေအနေနဲ့ ပြည်ပကိုထွက်ခွာမှုတွေ ဆက်ရှိနေမှာဖြစ်သလို စက်ရုံတွေအနေနဲ့ လုပ်သားရှားပါးမှုတွေ ထပ်ပြီး ကြုံနေရဦးမှာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ၂၀၁၈ ခုနှစ်၊ ဒေါ်လာပေါက်ဈေးဟာ ၁၂၀၀ နဲ့ ၁၃၀၀ ဈေးတန်းရှိခဲ့ပြီး အဲ့ဒီအချိန်က သတ်မှတ်ခဲ့တဲ့ အနိမ့်ဆုံး လုပ်ခလစာဟာ တရက်လုပ်ခ ၄၈၀၀ ကျပ် ဖြစ်ပါတယ်။

လက်ရှိ ၂၀၂၄ ခုနှစ်မှာ ဒေါ်လာပေါက်ဈေး ၄၀၀၀ ကျော်အထိ မြင့်တက်နေချိန် ၆ နှစ်နီးပါးကြာတိုင်တိုင် ၄၈၀၀ နဲ့သာ အလုပ်ရှင်တွေက ပေးချေလာခဲ့ကြတာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #စက်ရုံအလုပ်သမား #ဖိနှိပ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW