ထိုင်ဝမ်ကျွန်း ပတ်လည်ဝိုင်းရံပြီး တရုတ်စစ်တပ်က ကြည်း၊ ရေ၊ လေ တပ်ဖွဲ့တွေနဲ့ စစ်ရေးလေ့ကျင့်

ပေကျင်း၊ မေ-၂၃-၂၀၂၄
မျိုးဆက်(VOM)
ထိုင်ဝမ်ကျွန်းရဲ့ ခွဲထွက်ရေးလှုပ်ရှားမှုတွေအပေါ် ပြင်းထန်တဲ့ သတိပေးမှုအဖြစ် ထိုင်ဝမ်ကျွန်းကို ပတ်လည်ဝိုင်းရံပြီး နှစ်ရက်ကြာ စစ်ရေးလေ့ကျင့်မှုကို တရုတ်စစ်တပ်က ဒီနေ့ မေ ၂၃ ရက်တွင် စတင်လိုက်ပါတယ်။
တရုတ်နိုင်ငံက အန္တရာယ်များတဲ့ ခွဲထွက်ရေးသမားအဖြစ် ရှုမြင်ထားတဲ့ သမ္မတ လိုင်ကျင်းတီ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် သုံးရက်အကြာမှာ တရုတ်စစ်တပ်က ကျွန်းအနီး စစ်ရေးလေ့ကျင့်မှု စတင်နေတာဖြစ်ပါတယ်။
တရုတ်အရှေ့ပိုင်းစစ်ဌာနချုပ်မှ တပ်ဖွဲ့တွေ၊ ကြည်းတပ်၊ ရေတပ်၊ လေတပ်နဲ့ ဒုံးကျည်တပ်ဖွဲ့တွေ ပါဝင်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မတ် ၂၃ ရက် နံနက် ၇ နာရီၤ ၄၅ မိနစ်မှာ ထိုင်ဝမ်ကျွန်းအနီးတစ်ဝိုက်မှ စတင်ခဲ့ကြောင်း တရုတ်စစ်ဘက်က ထုတ်ပြန်ပါတယ်။
စစ်ရေးလေ့ကျင့်မှုကို ထိုင်ဝမ်ရေလက်ကြား၊ ထိုင်ဝမ်ကျွန်း မြောက်ဘက်၊ တောင်ဘက်၊ အရှေ့ဘက်နဲ့ ထိုင်ဝမ်ထိန်းချုပ်ထားတဲ့ ကင်မန်၊မက်ဆူ၊ ဝါကျူ၊ ဒေါယင်ကျွန်းများအနီးမှာ ပြုလုပ်နေကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထိုင်ဝမ်ကျွန်းကို ပိုင်ဆိုင်ကြောင်း တရုတ်နိုင်ငံက အခိုင်အမာဆိုထားပြီး ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းရေးမှာ လိုအပ်ပါက အင်အားသုံးမယ်လို့ ပြောဆိုထားပြီး လွန်ခဲ့တဲ့နှစ်ကလည်း ကျွန်းအနီးမှာ စစ်ရေးလေ့ကျင့်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။
တရုတ်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှု အဓိပ္ပါယ်မရှိတဲ့ ရန်စမှုဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ရှုတ်ချထားပါတယ်။ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ထိုင်ဝမ်ရေပိုင်နက်နဲ့ လေပိုင်နက်ကို တရုတ်စစ်တပ်က ကျူးကျော်ဝင်ရောက်မှု မြင့်တက်လာကြောင်း ထိုင်ဝမ်စစ်တပ်က ထုတ်ပြန်ထားပါတယ်။
Ref:BBC/CNA
Photo:Getty Images/Reuters

Related posts

Leave a Comment

VOM News

FREE
VIEW