တွန်းဇံနယ်မှာ ဒီကနေ့အထိ နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်

မေ ၊ ၂၅ ၊ ၂၀၂၄
SP ( VOM)
ချင်းပြည်နယ် မြောက်ပိုင်း ၊ တီးတိန်ခရိုင် ၊ တွန်းဇံမြို့နယ်မှာ ပြီးခဲ့တဲ့ မေ ၁၅ ရက်စလို့ ဒီကနေ့အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတာကြောင့် ယာယီတိုက်ပွဲရှောင်တွေဟာ မိုးထဲလေထဲမှာပဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
“တွန်းဇံမြို့ပေါ်မှာ နစက တပ်တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF တွေကြား တိုက်ပွဲအရှိန်က ရပ်မသွားသေးဘူး ၊ မြို့ရဲ့ ၅၀ ရာခိုင်နူန်းကို PDF တွေက ထိန်းချုပ်ထားသလို ၊ ကျန်တဲ့ မြို့နေရာ ၅၀ ရာခိုင်နူန်းကို နစက တပ်တွေက ထိန်းချုပ်ထားဆဲဖြစ်တယ် ၊ ယာယီတိုက်ပွဲရှောင်တွေကတော့ တွန်းဇံမြို့နယ်ရဲ့ အရှေ့ဘက်မှာရှိတဲ့ ကလေးမြို့နယ်ဘက်ကို တချို့လည်း သွားကြတယ် ၊ အဲ့ဒီအပြင် တွန်းဇံရဲ့ အရှေ့မြောက်ဘက်မှာရှိတဲ့ တမူးမြို့နယ်ဘက်ကိုလည်း သွားကြတယ် ၊ အများစုကတော့ တီးတိန်မြို့ပေါ်က ဘာသာရေး အဆောက်ဦးတွေမှာ ယာယီခိုလှုံနေကြတာ လူသုံးထောင်ဝန်းကျင်လောက်ရှိမယ် ၊ တချို့လည်း တွန်းဇံနယ်ထဲမှာ ပိတ်မိနေသေးတဲ့ လူတွေလည်း ရှိတယ် ” လို့ သင်းအုပ်ဆရာတယောက်က ပြောပါတယ်။
ဒါ့အပြင် ဒေသတွင်း လူမှုကွန်ရက်ပေါ်မှာ ဖော်ပြထားတာက ပြီးခဲ့တဲ့ မေ ၁၅ ရက်ကစလို့ ၂၃ ရက်အထိ တွန်းဇံမြို့ကို Chin National Army(CNA)က ဦးဆောင်ပြီး CDFs ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ မေ ၂၃ ရက် နစက လုံခြုံရေး တပ်ဖွဲ့ဝင် ၃၅ ယောက် ဖမ်းဆီးရမိထားတဲ့အပြင် လက်နက်ငယ် တရာကျော်ကိုလည်း သိမ်းဆည်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် အဲ့ဒီတိုက်ပွဲမှာ CDFs တပ်ဖွဲ့ဝင် ၁၁ ယောက်ထိခိုက်သေဆုံးပြီး ၊ တွန်းဇံမြို့နယ် မြန်မာ့စီးပွားရေး ဌာနပိုင် ငွေကျပ် သိန်းသုံးထောင်ကို သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ထားပါသေးတယ်။
ချင်းပြည်နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” တွန်းဇံနယ်ကို စစ်ကူတွေ တက်သွားသလို့ လေကြောင်း တိုက်ခိုက်ရေး အပါအဝင် ပစ်ကူတွေလည်း ဆောင်ရွက်နေတာရှိတယ် ၊ အခုအချိန်ထိတော့ တိုက်ပွဲအဖြေ မထွက်သေးဘူး ” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း ကလေးမြို့နယ် နဲ့ တမူးမြို့နယ်ဘက်က PDF တွေဟာ ရာဇဂြိုလ် ၊ စော်ဘွားရေရှင် ၊ ကျွန်းတောရေရှင် ၊ ဟိုင်နွဲ့ ၊ ဘုတ်တိုင် ၊ ခါမ်းပါတ်စတဲ့ တောင်ကြားလမ်းတွေကတဆင့် တွန်းဇံနယ်ထဲကို ဝင်ရောက်လာနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ ၊ တွန်းဇံနယ်တိုက်ပွဲရှောင်
(ဒေသခံတဦး)

Related posts

Leave a Comment

VOM News

FREE
VIEW