မြန်မာပြည် အလယ်ပိုင်းက ကွမ်းစိုက်တောင်သူတွေ စျေးကောင်းရပေမယ့် ရောင်းစရာကွမ်းရွက်မရှိ



မေ ၊ ၃၀ ၊ ၂၀၂၄
SP ( VOM)

မြန်မာပြည် အလယ်ပိုင်းက ထွက်ရှိတဲ့ ကွမ်းရွက်တွေဟာ အချိန်အခါမဟုတ် စျေးကောင်းရလာပေမယ့် ကွမ်းစိုက်တောင်သူတွေအဖို့ တင်ပို့ရောင်းချစရာ ကွမ်းရွက်ကုန်ကြမ်း မရှိဘူးလို့ ကွမ်းရွက်ဒိုင်တွေဆီက သိရပါတယ်။

မုံရွာဒေသခံ ကွမ်းစိုက်တောင်သူ တယောက်က
” ကွမ်းစိမ်းနဲ့ ကွမ်းနုဝါဆိုတာ မြန်မာပြည်အလယ်ပိုင်းမှာ စိုက်တာများတယ် ၊ မုံရွာ ၊ ရွှေဘို ၊ မတ္တရာ ၊ စဥ့်ကူး စတဲ့မြို့နယ်တွေဘက်မှာ အစိုက်များတယ် ၊ ဘုတလင်နဲ့ ကနီနယ်မှာလည်း တွင်းကွမ်းဆိုပြီး ထွက်ရှိတယ် ၊ အများစုက မုံရွာနားအနီးတဝိုက်မှာ ထွက်ရှိတယ် ၊ ကွမ်းရွက်ဆိုတာ နှစ်စဥ် ဆောင်းရာသီမှာ ကွမ်းရွက်စျေး တက်လေ့ရှိပြီး နွေရာသီနဲ့ မိုးရာသီတွေမှာ ကွမ်းရွက်စျေးကျတယ် ၊ ပြီးခဲ့တဲ့နှစ်ကစလို့ အချိန်အခါ မဟုတ် နွေရာသီမှာ ကွမ်းရွက်စျေးတွေကောင်းလာတယ် ၊ ဒါပေမယ့် ကွမ်းစိုက်တောင်သူတွေအဖို့ ရောင်းစရာ ကွမ်းရွက်မရှိဘူး ၊ ဘာကြောင့်လဲဆိုရင် ကွမ်းရွက်အများဆုံး ထွက်ရှိတဲ့ မုံရွာနားတဝိုက်က သက္ကယ်ကျင်း ၊ လယ်ဇင် ၊ တောပု ၊ နဂါးတွင်း ၊ ဂျပိုင် ၊ ထနောင်းတော ၊ ဇလုတ်ကွင်း စတဲ့နေရာ တော်တော်များများမှာ ကွမ်းခြံတွေ မီးရှို့ဖျက်ဆီးခံရတယ် ၊ မုံရွာဝန်းကျင်းမှာ သုံးနှစ်အတွင်း ကွမ်းခြံ နှစ်ထောင်ကျော်လောက် ဖျက်ဆီးခံရတယ် ၊ အလားတူ ဆားလင်းကြီးနဲ့ ယင်းမာပင်မြို့နယ်ဘက်တွေမှာလည်း ဖျက်ဆီးခံရတယ် ၊ အရာတော် ၊ ဝက်လက် ၊ ရွှေပန်းကုံးနယ်ဘက်တွေမှာလည်း ဖျက်ဆီးခံရတယ် ၊ ရွှေဘိုနဲ့ ဒီပဲယင်းကြား ကွမ်းခြံတွေလည်း ဖျက်ဆီးခံရတဲ့အထဲ ပါတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် ကွမ်းခြံလုပ်ငန်း သွင်းအားစု လုပ်ငန်းရှင်တယောက်က ” ကွမ်းတထောင်စိုက်မယ်ဆိုရင် မတည်ငွေ သိန်း ၃၀ ဝန်းကျင်ရှိတယ် ၊ နောက်လိုက် စိုက်ပျိုးဆေးဖို့းက ဆယ်ရက်တကြိမ် နှစ်သိန်းကျော်တယ် ၊ နောက်ပြီး ရေသွင်းဖို့ စက်သုံးဆီဖိုးတွေရှိတယ် ၊ အဲ့ဒါကြောင့် ကွမ်းခြံလုပ်ငန်းတွေ လျော့နည်းလာတာဖြစ်တယ် ” လို့ ပြောပါတယ်။

မုံရွာကွမ်းဒိုင်လုပ်ငန်းရှင်တယောက်က ” မုံရွာကွမ်းတွေက အထူးသဖြင့် ဖားကန့် ၊ ဟုမ္မလင်း ၊ ကလေး စတဲ့ ဒေသတွေပို့ရတယ် ၊ ပြီးခဲ့တဲ့ သုံးနှစ်ကျော်အတွင်း အဲ့ဒီဘက်တွေမှာ တိုက်ပွဲတွေကြောင့် ရေလမ်း ၊ ကုန်းလမ်းတွေ ဖြတ်တောက်ပိတ်ဆို့ ခံထားရတယ် ၊ အရင်က ကလေး ၊ ဟုမ္မလင်း ၊ ဖားကန့်ဘက်တွေကို နေ့စဥ် ကွမ်းခြင်း သုံးလေးထောင်ပို့ရတယ် ၊ အခုဆိုရင် လမ်းပန်းဆက်သွယ်ရေး အခက်ခဲကြောင့် ကွမ်းခြင်းတွေ ပို့တာရပ်နားထားရတယ် ၊ အဲ့ဒါကြောင့် ဖျက်ဆီးခံရတဲ့ ကွမ်းခြံလုပ်ငန်းရှင်တွေက အစားထိုး စိုက်တာမရှိသလောက်ဖြစ်နေတယ် ၊ အဲ့ဒါကြောင့် ကွမ်းရွက် ထွက်နူန်းလျော့နည်းလာတာဖြစ်တယ် ” လို့ ပြောပါတယ်။

ကွမ်းရွက်ဖြန့်ချီရေး အဝယ်ဒိုင်လုပ်ငန်းရှင်တယောက်က ” ဒီမနက် ကွမ်းရွက်အဝယ်ဒိုင် ပေါက်စျေးကတော့ ပန်းတနော် ပယ်ကြီး တပိတသာ နှစ်သောင်းခွဲ ၊ ပန်းတနော် ပယ်ကြီး ဆိုဒ်ပြည့်က တပိသာ နှစ်သောင်း ခုနှစ်ထောင် ၊ ပန်းတနော် ယာရှယ်ဆိုဒ်ပြည့်က တပိသာ နှစ်သောင်းကိုးထောင် ၊ ပန်းတနော် ယာရှယ် ထိပ်စက တပိသာကို သုံးသောင်းလေးထောင် ၊ ရိုးနီ ထိုင်ဝမ်ဆိုဒ်ပြည့် တပိသာ နှစ်သောင်းလေးထောင် ၊ မန္တလေး ကွမ်းနုဝါ နှစ်သောင်းလေးထောင် ၊ မုံရွာကွမ်းနုဝါ နှစ်သောင်း ခြောက်ထောင် ၊ မုံရွာ (မုံစိမ်း ယာရှယ် သုံးသောင်းတထောင့်ငါးရာ ၊ ကျိုက်ထို (ထိုကွမ်းယာအလှ) နှစ်သောင်း ခြောက်ထောင်ငါးရာ ၊ ကျိုက်ထိုယာလိပ် တသောင်းနှစ်ထောင် ၊ ကျိုက်ထို ယာအပြန့် နှစ်သောင်း ခုနှစ်ထောင် ဖြစ်တယ် ၊ လိုသလောက်ဝယ်မရဘူး ” လို့ ပြောပါတယ်။

ဟုမ္မလင်း ကွမ်းယာဆိုင်လုပ်ငန်းရှင်တယောက်က
” ကွမ်းရွက်ဝင်တာမရှိဘူး ၊ လေယာဥ်တခါဆင်းမှ ကွမ်းရွက် အချိန်နှစ်ဆယ်လောက်ပဲရတယ် ၊ လေယာဥ်တန်ဆာက ကွမ်းရွက်တပိသာ တသောင်းကျော်ပေးရတယ် ၊ ဟုမ္မလင်းမှာ မုံရွာကွမ်း တပိသာ ငါးသောင်းဝန်းကျင်ရှိတယ် ၊ ကွမ်းယာဆိုင်တွေက ပြန်ရောင်းတော့ ကွမ်းတထောင်ဖိုးမှ သုံးယာပဲပေးတယ် ” လို့ ပြောပါသေးတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW