မိုးကုတ်မှာ ဖုန်းလိုင်းတွေပြတ်ပြီး ကုန်စျေးနှုန်းလည်း မြင့်တက်နေသလို စစ်ရှောင်တွေလည်း လမ်းမှာပိတ်မိ

 

ဇူလိုင် ၅ – ၂၀၂၄
GG (VOM)

မိုးကုတ်မြို့ အနောက်ပိုင်းရော အရှေ့ပိုင်းမှာပါ တိုက်ပွဲတွေ လတ်တလော ငြိမ်သွားပေမယ့် တယ်လီဖုန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေပြီး စစ်ရှောင်ကြသူတွေလည်း လမ်းမှာပိတ်မိနေတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးကုတ်အနောက်ပိုင်းမှာတော့ နှစ်ဖက်တိုက်ပွဲမရှိတော့ဘဲ မိုးကုတ်အရှေ့ပိုင်းမှာသာ ရံဖန်ရံခါ ပစ်ခတ်မှုအချို့နဲ့ လက်နက်ကြီးပစ်ခတ်မှုရှိနေတာဖြစ်ကြောင်း၊ စစ်ရှောင်တွေဟာ အနောက်ပိုင်းအကျော် ကျောက်ဖားနဲ့ လိပ်ကျဘက်မှာပိတ်မိနေကြတာဖြစ်တယ်လို့သိရပါတယ်။

” မိုးကုတ်မှာ.ဆိုးဆိုးရွားရွားပစ်ခတ်တာမျိုးတော့မရှိတော့ဘူး။တခါတလေ လက်နက်ကြီးပစ်သံနဲ့သေနတ်သံတော့ကြားရတယ်။ ခုမနက်လည်းငြိမ်နေတယ်။အနောက်ပိုင်းမှာတော့ TNLA ဘက်ကသွားလာနေတာရှိတယ် “လို့ မိုးကုတ်မြို့အနောက် ပိုင်းနေထိုင်သူတယောက်ကပြောပါတယ်။

မိုးကုတ်မြို့မှာတိုက်ပွဲတွေ ငြိမ်နေပေမယ့် အရှေ့ပိုင်းနဲ့အနောက်ပိုင်းကတော့ ကူးလူးသွားလာနိုင်တဲ့ အခြေအနေ မရှိသေးသလို ဖုန်းလိုင်းတွေကလည်း MPT ၊ အော်ရီဒူးကပြတ်တောက်နေပြီး Atom နဲ့ Mytel ကလည်း လိုင်း ရတချက်မရတချက်ဖြစ်နေတယ်လို့သိရပါတယ်။

တိုက်ပွဲကြောင့် မိုးကုတ်ကို ကုန်စည်စီးဆင်းမှုတွေမရှိသလောက်ပြတ်တောက်သွားတဲ့အတွက် ကုန်စျေးနူန်းတွေလည်း မြင့်တက်နေပြီး ခရမ်းချဥ်သီးတပိဿာကို ၁၀၀၀၀ ကျပ်၊အာလူးတပိဿာ၂၀၀၀၀ ကျပ်၊ ကြက်သားနဲ့ ဝက်သားက တပိဿာကို ၃၀၀၀၀ မှ ၃၅၀၀၀ ကျပ်၊ ကြက်ဥတလုံး ၈၀၀ မှ ၁၀၀၀ ကျပ်ရှိပြီး ကုန်စိမ်းသီးနှံ တွေလည်း စျေးနူန်းမြင့်တက်နေတယ်လို့ဒေသခံတွေဆီက သိရပါတယ်။

“မနက်ပိုင်းကတော့ လိုအပ်တာဝယ်သူတွေနဲ့လူတော့ရှိပါတယ်၊ဝယ်ပြီးပြန်ကြ အိမ်မှာပဲနေကြတာ၊ ကြက်ဥဆိုမနက်အစောပဲဝယ်လို့ရတယ်/ မိုးလင်းရင်ကုန်ပြီ/ အထားခံတဲ့အာလူးတို့ တခြားပစ္စည်းတွေလည်း ဝယ်များတော့စျေးကိုတင်ရောင်းကြတာ၊တချို့လည်း ပုံမှန်ပဲရောင်းတာရှိတယ်။သူကတော့ အရင်ပစ္စည်းပြတ်တာပေါ့ ” လို့ မိုးကုတ်အရှေ့ပိုင်း ဒေသခံ တယောက်ကပြောပါတယ်။

မိုးကုတ်မှာ လက်ရှိ တိုက်ပွဲငြိမ်နေပေမယ့် ဒေသခံတွေအနေနဲ့ တကျော့ပြန် ဖြစ်ပွားလာမယ့်အခြေအနေကိုစိုးရိမ်ပေမယ့်လည်း မိုးကုတ်ကနေ စစ်ရှောင်ဖို့အတွက် လမ်းပိတ်နေတာကြောင့် အစားအစာတွေစုဆောင်းပြီးနေအိမ်မှာပဲ အခြေအနေကိုစောင့်ကြည့်ရင်ဆိုင်နေကြရတယ်လို့သိရပါတယ်။

မိုးကုတ်မှာ ဇွန် ၂၅ ရက်ကစပြီး TNLA ၊ PDF နဲ့ နစက တပ်တွေအကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ဇွန်လ ၃၀ ရက်မှာ မိုးကုတ်မြို့အနောက်ပိုင်းက ကျပ်ပြင်ရဲစခန်း၊ နစကတပ်စခန်း၊ တပ်ဖွဲဝင်တွေနဲ့အတူ လက်နက်တွေကိုပါ သိမ်းပိုက်နိုင်ခဲ့တယ်လို့ TNLA ဘက်က သတင်းထုတ်ပြန်မှုအရသိရပါတယ်။နစကဘက်ကတော့ မိုးကုတ်မြို့အခြေအနေနဲ့ပတ်သက်ပြီး သတင်းတစုံတရာထုတ်ပြန်တာမတွေ့ရှိရသေးပါဘူး။

မိုးကုတ်မြို့တိုက်ပွဲအတွင်းကိုရင်လေးတပါးနဲ့ပြည်သူ လေးယောက်ထက်မနည်းသေဆုံးပြီး ကိုရင်လေးပါးအပါအဝင် ၁၅ ယောက်ထက်မနည်းထိခိုက်ဒဏ်ရာရခဲ့ကာနေအိမ်တွေလည်း ထိခိုက်ပျက်စီးမှုရှိခဲ့ပါတယ်။

# Voiceofmyanmar# vom# မိုးကုတ်# တိုက်ပွဲ# စစ်ရှောင်# အရပ်သားသေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW