ဘင်္ဂလားဒေ့ရှ်မှာ ဆန္ဒပြပွဲတွေ ပိုမိုဲပြင်းထန်လာပြီးနောက် အစိုးရအလုပ်ခွဲတမ်းအများစု ပယ်ဖျက်ပေးပြီ

 

ဒါကာ၊ ဇူလိုင်-၂၂-၂၀၂၄
မျိုးဆက်(VOM)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့တဲ့ အကြမ်းဖက်ဆန္ဒပြမှုများ ဖြစ်ပွားပြီးနောက် အစိုးရအလုပ်အကိုင် ခွဲတမ်းအများစုကို ပယ်ဖျက်လိုက်ကြောင်း တရားရုံးချပ်က ဆုံးဖြတ်လိုက်ပါတယ်။

၁၉၇၁ ခုနှစ်မှာ ပါကစ္စတန်နိုင်ငံဆီကနေ လွတ်လပ်ရေးရယူခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ပြန်တွေရဲ့ ဆွေမျိုးတွေအတွက် အစိုးရအလုပ်အကိုင်တွေရဲ့ သုံးပုံတပုံထားရှိမှုအပေါ် နိုင်ငံတဝန်းမှာ ကျောင်းသားတွေဦးဆောင်ပြီး ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

တရားရုံးရဲ့ ဆုံးဖြတ်ချက်အရ စစ်ပြန်တွေရဲ့ ဆွေမျိုးများအတွက် အစိုးရအလုပ်အကိုင်တွေရဲ့ ၅ ရာခိုင်နှုန်းကိုသာ ခွဲတမ်းထားရှိတော့မှာဖြစ်ပြီး ဆုံးဖြတ်ချက်ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ရက်ပိုင်းအတွင်းအ ကောင်အထည်ဖော်မှာဖြစ်တယ်လို့ ဥပဒေရေးရာဝန်ကြီးက ပြောပါတယ်။

ဒါပေမယ့် ကျောင်းသားခေါင်းဆောင်တွေကတော့ ဆက်လက်ဆန္ဒပြမယ်လို့ ကတိပြုထားပါတယ်။ ကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေထဲမှာတော့ မကြာသေးမီရက်ပိုင်းအတွင်းက သေဆုံးသွားတဲ့ ဆန္ဒပြသူတွေအတွက် တရားမျှတမှုရရှိရေး၊ ဖမ်းဆီးထားတဲ့ ဆန္ဒပြခေါင်းဆောင်တွေကို ပြန်လွှတ်ပေးရေး၊ မိုဘိုင်းအင်တာနက်ဝန်ဆောင်မှုတွေ ပြန်ပေးရေးနဲ့ အစိုးရဝန်ကြီးတွေ ရာထူးကနေ နုတ်ထွက်ရေးတို့ ပါဝင်ပါတယ်။

ဝန်ကြီးချုပ်ရှိတ်ဟာစီနားရဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ၂၀၁၈ ခုနှစ်က ဖျက်သိမ်းခဲ့တဲ့ အလုပ်အကိုင်ခွဲတမ်းစနစ်ကို အောက်တရားရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ ပြီးခဲ့သည့်လက ပြန်လည်အသက်သွင်းပြီးနောက် ဆန္ဒပြပွဲများ စတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

Ref:BBC
Photo:Reuters

#Voiceofmyanmar #VOM #ဘင်္ဂလားဒေ့ရှ် #အလုပ်အကိုင်ခွဲတမ်း #လျော့ချ #ဆ္ဒပြပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW