ဇူလိုင် ၂၄ -၂၀၂၄
GG (VOM)
မကွေးတိုင်းမှာ တပတ်အတွင်း အုပ်ချုပ်ရေးမှူးလေးယောက်နဲ့မိသားစုဝင်အပါအဝင် ငါးယောက်ထက်မနည်း အသတ်ခံခဲ့ရတဲ့အပြင် တိုက်ပွဲတွေလည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင် ၂၃ ရက်နေ့ က မကွေးတိုင်း ဆိပ်ဖြူမြို့နယ်၊ရွာသစ်ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ အောက်ဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဆိုသူတို့ သူတို့ရဲ့နေအိမ်တွေမှာ လာရောက်ပစ်သတ်ခံခဲ့ရတာဖြစ်ပါတယ်။
” ဟုတ်တယ်။မနေ့ကတရက်တည်း နှစ်ယောက်သတ်ခံရတာ။ရွာသစ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညွန့်လွင် နဲ့ အောက်ဆိပ်ရွာအုပ်ကြီး ဦးမြင့်ချိုပါ။ သူတို့အိမ်ကိုလာသတ်သွားတာ။ ညပိုင်းမှာပဲ။နှစ်ယောက်လုံးဆိပ်ဖြူဆေးရုံရင်ခွဲရုံမှာပါ။ ” လို့ ဒေသခံတယောက်ကပြောပါတယ်။
ဇူလိုင်လ ၁၈ ရက်နေ့ကလည်း မြို့သစ်မြို့နယ်၊ သီးကုန်းကျေးရွာက ရပ်ကျေး အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဦးနဲ့ သားဖြစ်သူ ကိုဝေဇော်ထွန်းတို့လည်း သူတို့ရဲ့နေအိမ်မှာပဲ သေနတ်နဲ့လာရောက်ပစ်သတ်ခံခဲ့ရပါတယ်။
ဇူလိုင်လ ၁၇ ရက်မှာလည်း မကွေးမြို့နယ်၊ လက်ပံရွာသစ်ကျေးရွာအနီးက သစ်ရာကောက်-ကိုးပင်လမ်းပိုင်းပေါ်မှာ လယ်ဘိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဆိုင်ကယ်စီးလာစဥ် ပစ်သတ်ခံရတယ်လို်သိရပါတယ်။
ဒါအပြင် တပတ်အတွင်းမှာ မကွေးတိုင်းထဲက မကွေးတိုင်း၊ မြစ်ခြေမြို့နယ်ထဲက PDF တွေနဲ့ ပြည်သူ့စစ်တွေ အကြားပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သရက်ခရိုင်၊ မင်းတုန်းမြို့နယ်ထဲမှာ စစ်ကားတစီးလည်း တိုက်ခိုက်ခံခဲ့ရတယ်လို့သိရပါတယ်။
နောက်ပြီး ဆိပ်ဖြူမြို့နယ်၊ချောက်မြို့နယ်၊မြိုင်၊ ဆားလင်းကြီး ၊ ချောက်၊ဂန့်ဂေါ ၊ပခုက္ကူမြို့နယ်တွေမှာလည်း PDF တွေနဲ့ နစကတပ်တွေအကြား ပစ်ခတ်မှုတွေရှိခဲ့ပါတယ်။
#Voiceofmyanmar #vom #မကွေးတိုင်း #အုပ်ကြီး #သတ်ခံရ