ဧရာဝတီတိုင်းထွက် ကွမ်းရွက်စျေး တပိဿာ ၄၅၀၀၀ အထိမြင့်တက်ပေမယ့် ခြံတွေပျက်စီးလို့အရှုံးပေါ်

 

ဇူလိုင် ၂၈ – ၂၀၂၄
GG (VOM)

ဧရာဝတီတိုင်းမှာ ရေကြီးနစ်မြုပ်ပြီး ကွမ်းခြံတွေထဲရေတွေ ပျက်စီးလို့ ကွမ်းအထွက်နူန်းလျော့ကျသွားတာကြောင့် တပတ်အတွင်းမှာတင် ကွမ်းတပိဿာကို ၃၀၀၀၀ ကျပ် လောက်မြင့်တက်သွားတယ်လို့သိရပါတယ်။

ဧရာဝတီတိုင်းမှာ မိုးဆက်တိုက်ရွာပြီး ကွမ်းခြံတွေရေနစ်ပြီးနောက်ဇူလိုင်လ ၂၁ ရက်ကစလို့ ကွမ်းရွက်စျေးက ဆက်တိုက်မြင့်တက်လာတာ ဒီနေ့အထိ ဖြစ်တယ်လို့သိရပါတယ်။

” ညောင်တုန်း၊ပန်းတနော်ကွမ်း​ကစျေးကွက်ဝင်တယ်။ရန်ကုန်မှာအဓိကပဲ။ဒီတော့ရန်ကုန်စျေးကွက်ကပစ္စည်းလိုသလောက်မရတော့စျေးကိုမြှင့်ဝယ်လာကြတာပေါ့။မတ္တရာကွမ်းကကွမ်းနုဝါဆိုပေမယ့်ရန်ကုန်ကစားသုံးသူမရှိဘူး။သူ့စျေးကွက်နဲ့သူပေါ့။အခုက ကွမ်းခြံတွေ ရေနစ်တောခြံတွေပျက်စီး၊အထွက်လျော့တော့စျေးကရက်ပိုင်းအတွင်းကိုထိုးတက်လာတာ။စျေးတက်လာလည်း ကွမ်းကသိပ်မရှိတော့ဘူး။ကွမ်းကောင်ူရှားတယ်။အရင် ထိုင်ဝမ်ရိုးနီအကြမ်းဆို၂၀၀၀ လောက်ရတာကိုအခု ၁၇၀၀၀ လောက်စျေးရှိတယ်။” လို့ ညောင်တုန်းမြို့နယ် ကွမ်းစိုက်ပိုင် ရှင်ကပြောပါတယ်။

ဧရာဝတီတိုင်းက ထွက်တဲ့အဓိကစျေးကွက်ဝင် ညောင်တုန်း -ပန်းတနော်(ရိုးညို)(ရိုးစိမ်း) ကွမ်းရွက်စျေးနူန်းဟာ ဇူလိုင်လ ၂၀ ရက်က ကွမ်းရွက်အရည်အသွေးပေါ်လိုက်ပြီး တပိဿာကိုမှ အနိမ့်ဆုံး ၅၀၀၀ ကျပ်ကနေ အမြင့်ဆုံး ၁၅၀၀၀ ကျပ်အထိသာရှိခဲ့တာဖြစ်ပါတယ်။

ညောင်တုန်း-ပန်းတနော်-ကျောင်းကုန်း-မအူပင်(ထိုင်ဝမ်ရိုးနီ)တွေကလည်း ဇူလိုင်လ ၂၀ ရက်တုန်းက ကွမ်းရွက်အရည်အသွေးပေါ်လိုက်ပြီး တပိဿာကိုမှ ၄၀၀၀ ကနေ ၁၁၀၀၀ ကျပ်သာရှိခဲ့ပါတယ်။

လက်ရှိ ဇူလိူင်လ ၂၈ ရက်မှာတော့ ညောင်တုန်း -ပန်းတနော်(ရိုးညို)(ရိုးစိမ်း) ကွမ်းရွက်စျေးနူန်းဟာ ကွမ်းရွက်အရည်အသွေးပေါ်လိုက်ပြီး တပိဿာကို အနိမ့်ဆုံး ၁၉၀၀၀ ကျပ်ကနေ အမြင့်ဆုံး ၄၅၀၀၀ ကျပ်အထိ မြင့်တက်လာတာဖြစ်ပါတယ်။

အလားတူ ညောင်တုန်း-ပန်းတနော်-ကျောင်းကုန်း-မအူပင်(ထိုင်ဝမ်ရိုးနီ)တွေကလည်း တပိဿာကို အနိမ့်ဆုံး ၁၇၀၀၀ ကျပ်ကနေ ၂၇၀၀၀ ကျပ်လောက်အထိ စျေးတန်းရှိလာတာ​ဖြစ်တယ်လို့သိရပါတယ်။

ကွမ်းရွက်စျေးအဆမတန်မြင့်တက်လာပေမယ့်လည်း ကွမ်းခြံအများစုရေကြီးနစ်မြုပ်နေတာကြောင့်အခင်းတွေပျက်စီးသွားတဲ့အတွက် ကွမ်းစိုက်တောင်သူတွေ အရှုံးနဲ့ရင်ဆိုင်နေရတယ်လို့သိရပါတယ်။

” ရေကြီးပြီး ခြံတွေရေမြုပ်တော့ ကွမ်းကမထွက်တော့ဘူး။အထွက်တွေကျပြီး ကွမ်းဒိုင်တွေကစျေးပိုပေးဝယ်တော့ စျေးတွေမြင့်တက်လာတာ။ တရက်ထက်တရက်ပိုတက်နေတာပေါ့။အခုစျေးထက်အများကြီးပိုတက်ရင်လည်း ေရာင်းလို့ဝယ်လို့မပြေတော့ဘူး။ကွမ်းစျေးတက်လည်း ခြံတွေမှာခူးဖို့ကသိပ်မရှိတော့ဘူး။ကွမ်းရွက်အကောင်းလည်းရှားပြီ။ကုန်းမြင့်ကခြံတွေတောင်ရေဝင်တာတွေရှိလာနေပြီ ။ရေတွေကြည့်ပြီးစိတ်မခိုင်သူကငိုသူငိုပေါ့။ဘာမှလုပ်မရဘူးလေ။လူတွေတောင်သူများလာကူညီထမင်းထုတ်ပေးလို့စားနေရတဲ့အချိန်ဒီကွမ်းခြံကိုဘာလုပ်ရမလဲ။ထိုင်ငေးနေရတယ်။ကွမ်းစျေးတက်လည်းရှုံးနေတာ။” လို့ ပန်းတနော် ကွမ်းစိုက်တောင်သူကပြောပါတယ်။

လက်ရှိအထိလည်း ညောင်တုန်း ၊ပန်းတနော်၊မအူပင်၊ကျောင်းကုန်းမြို့နယ်တွေမှာ ရေတွေကျဆင်းသွားခြင်းမရှိသေးတာကြောင့် ကွမ်းခြံတွေရေနစ်မြုပ်နေတယ်လို့သိရပါတယ်။

ကွမ်းစိုက်ပျိုးမှုကုန်ကျစရိတ်အနေနဲ့ ကွမ်းအပင် ၂၀၀၀ စိုက်ပျိုးမယ်ဆိုရင် စိုက်ပျိုးချိန်ကနေ သုံးလအကြာ ကွမ်းရွက်ခူးတဲ့အထိဆိုရင် သိန်း၂၀ လောက်ကုန်ကျမှုရှိတယ်လို့သိရပါတယ်။

#Voiceofmyanmar #vom #ဧရာဝတီတိုင်း #ကွမ်းစျေးမြင့်တက် #ကွမ်းခြံပျက်စီး

Related posts

Leave a Comment

VOM News

FREE
VIEW