ကျပ်ငွေတန်ဖိုး ကျဆင်းမှုနဲ့အတူ ရွှေ၊ ငွေ၊ စားသောက်ကုန်နဲ့ ဆေးဝါးတွေ ဈေးမြင့်တက်လာ

 

ဇူလိုင် ၃၁ – ၂၀၂၄
SN (VOM)

ကျပ်ငွေတန်ဖိုး ကျဆင်းပြီး နိုင်ငံစီးပွားရေး မတည်ငြိမ်မှုကြောင့် ရွှေ၊ ငွေ၊ စားသောက်ကုန်နဲ့ ဆေးဝါးတွေ အဆမတန် ဈေးမြင့်တက်လာတယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။

လက်ရှိ ပြင်ပ ရွှေဈေးကွက်အတွင်း အခေါက်ရွှေဈေး ငါးရက်ဆက်တိုက် အတက်ကြမ်းနေတာမှာ ဒီကနေ့ ဇူလိုင် ၃၁ ရက်မှာတော့ တကျပ်သား ခြောက်ဆယ့်ရှစ်သိန်းနှစ်သောင်းအထိ စံချိန်ချိုး ရောက်ရှိလာပြီး ရန်ကုန်ရွှေအသင်းဈေးနဲ့ ကျပ်သိန်း ၂၀ ကျော် ကွာဟလာတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်ကစလို့ အခေါက်‌ရွှေ ပြင်ပဈေး တရှိန်ထိုး မြင့်တက်လာခဲ့တာဖြစ်ပြီး ကျပ် ၆၂ သိန်းဝန်းကျင်ကနေ တရက်ကို ကျပ် သုံးသိန်းဝန်းကျင် ခုန်တက်နေတာ ဖြစ်ပါတယ်။

တဖက်မှာလည်း အခုတပတ်ထဲ အနည်းငယ် အကျဘက်ရောက်နေတဲ့ ကမ္ဘာ့ရွှေဈေးဟာ ဒီကနေ့ ဇူလိုင် ၃၁ ရက်မနက်ပိုင်းမှာ တအောင်စ ၂၄၀၅ ဒေါ်လာအထိ မြင့်တက်လာတာကို တွေ့ရပါတယ်။

အဲဒီလိုပဲ ငွေလဲ‌ဈေးကွက်မှာလည်း အမေရိကန်ဒေါ်လာဈေး တဒေါ်လာ ၅၄၀၀ ကျပ်ဝန်းကျင် ရောက်ရှိနေသလို စင်ကာပူ တဒေါ်လာ ၃၉၂၀ ကျပ်ဝန်းကျင်၊ ထိုင်းဘတ် ၁၄၇.၀၆ ကျပ်ဝန်းကျင်၊ တရုတ်ယွမ် ၇၃၀ ကျပ်ဝန်းကျင်ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

နိုင်ငံခြားငွေဈေးတွေဟာ ဇူလိုင် ၂၉ ရက်မှစတင်ကာ သုံးရက်အတွင်း အမေရိကန် တဒေါ်လာကို ၂၂၀ ကျပ်၊ စင်ကာပူ တဒေါ်လာကို ၂၀၀ ကျပ်၊ ထိုင်း တဘတ်ကို ၈ ကျပ်၊ တရုတ် တယွမ်ကို ကျပ် ၄၀ ကျော်၊ မလေးရှား တရင်းဂစ်ကို ၇၀ ကျပ်အထိ မြင့်တက်လာကြတယ်လို့ ငွေကြေးဈေးကွက်ထဲကနေ သိရပါတယ်။

“လက်ရှိ ဈေးကွက်ထဲမှာက ဒေါ်လာလာနဲ့ ဘတ် အဝယ်များနေတယ်။ အခုက ပြည်ပကို အလုံးအရင်းနဲ့ ထွက်နေကြတော့ ပြည်ပမှာ သုံးဖို့နဲ့ ဗီဇာကြေးသွင်းဖို့အတွက် ဒေါ်လာတွေ လိုက်ဝယ်နေကြတာ။ အဲဒါကြောင့် ရှားပါးပြီး ဈေးတက်လာတယ်ပြောရမယ်။ ဒါပေမယ့် အခုက အဝယ်ပဲရှိပြီး အရောင်းမရှိဘူးဖြစ်နေတယ်” လို့ ငွေလဲလုပ်ငန်း လုပ်ကိုင်သူတယောက်က ပြောပါတယ်။

ဒါအပြင် စားသောက်ကုန် ဈေးကွက်အတွင်းမှာလည်း ဆန်၊ ဆီ အစရှိတဲ့ အခြေခံစားကုန်ဈေးတွေ အရင်ကထက် နှစ်ဆနီးပါး မြင့်တက်နေပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဆန်ဈေးနှုန်းသတ်မှတ်ပြီး လက်လီဆိုင်တွေကို သတ်မှတ်ဈေးအတိုင်း ရောင်းချဖို့ ညွှန်ကြားထားပေမယ့်ပြင်ပ ဈေးကွက်အတွင်းမှာတော့ ဆန်ဈေးမကျသေးဘဲ တပြည် ၆၀၀၀ အထက် ပေးမှသာ အရည်အသွေးကောင်းတဲ့ဆန်ကို ရရှိပြီး ဆန်ကြမ်း တပြည်ဈေးကတော့ ကျပ် ၄၆၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

စားသုံးဆီဈေးကတော့ တန်းစီဈေး ၆၀၀၀ ကျပ်၊ ပြင်ပ ပေါက်ဈေး တပိဿာ ၁၂၀၀၀ ကနေ ၁၃၅၀၀ ကျပ်အထိ ရှိနေပြီး ဆိုင်အများစု ‌အရောင်းပိတ်ထားတဲ့အတွက် ၀ယ်ယူသုံးစွဲသူတွေ အနေနဲ့ အလွယ်တကူ ၀ယ်လို့မရဖြစ်နေတယ်လို့ သိရပါတယ်။

တခြား စားသောက်ကုန်တွေ အနေနဲ့ ကြက်သွန်နီ တပိဿာ ကျပ် ၃၀၀၀ နဲ့အထက်၊ ကြက်သွန်ဖြူ တပိဿာ ၁၅၀၀၀ ကျပ်၊ ခရမ်းချဉ်သီး တပိဿာ ကျပ် ၆၀၀၀ ၊ ကြက်ဥ တလုံး ၄၀၀ မှ ၅၀၀ ကျပ်၊ ဘဲဥ တလုံး ၅၀၀ ကျပ်ဖြစ်လာတယ်လို့ သိရပါတယ်။

ဒါအပြင် ဆေးဝါးဈေးကွက်မှာလည်း အများပြည်သူ သုံးစွဲမှုများတဲ့ အကိုက်အခဲပျောက်ဆေး၊ အာရုံကြောအားဆေး၊ အစာအိမ်ဆေး၊ လေဆေး၊ ဒဏ်ကြေလိမ်းဆေး စတဲ့ နိုင်ငံခြားမှ တင်သွင်းရတဲ့ အိမ်သုံးဆေးဝါး ဈေးနှုန်းတွေက အရင်ကထက် ငါးဆခန့် မြင့်တက်လာသလို နှလုံး၊ ဆီးချို၊ သွေးတိုးနဲ့ ကျောက်ကပ်ဆေးတွေ ဝယ်ရခက်နေတယ်လို့လည်း ပုံမှန်ဆေးဝယ်နေရသူတွေဆီက သိရပါတယ်။

မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း (MCCPMD) က ဆေးဝါးနဲ့ ဆေးပစ္စည်းတွေအတွက် သွင်းကုန်လိုင်စင်ကန့်သတ်မှုကို ပြန်လည် ဖြေလျော့ပေးထားပေမယ့် ဒေါ်လာဈေး မြင့်တက်မှုနဲ့အတူ ဆေးဝါးဈေးတွေ မြင့်တက်နေဆဲဖြစ်တယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။

#voiceofmyanmar #VOM #ကျပ်ငွေတန်ဖိုး #ကျဆင်း #ရွှေငွေ #စားသောက်ကုန် #ဆေးဝါး #ဈေးမြင့်တက်လာ

Related posts

Leave a Comment

VOM News

FREE
VIEW