နစက က အရေးပေါ်ကာလသက်တမ်း ခြောက်လ ထပ်တိုး

 

ဇူလိုင် ၃၁ – ၂၀၂၄
SN (VOM)

နစကဥက္ကဋ္ဌ ယာယီသမ္မတ တာဝန်ယူပြီး ကျင်းပတဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးက နိုင်ငံတဝန်း အရေးပေါ် အခြေအနေ ကြေညာမှုကို နောက်ထပ် ခြောက်လ တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

အာဏာထိန်းပြီး သုံးနှစ်ခွဲကြာတဲ့အထိ မကျင်းပနိုင်သေးတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့တာလို့ နစက က ဆိုပါတယ်။

“PDF တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အကြမ်းဖက် လုပ်ရပ်တွေကြောင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နိုင်ဖို့၊ရွေးကောက်ပွဲအတွက် ခိုင်လုံမှန်ကန်တဲ့ မဲစာရင်းတွေရရှိဖို့ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ စတာတွေအတွက် အရေးပေါ်ကာလ သက်တမ်းထပ်တိုးဖို့ မဖြစ်မနေလိုအပ်တယ်” လို့ နစကဥက္ကဋ္ဌက အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေအရ ဆေးခွင့်ယူကာ ဆေးကုသမှု ခံယူနေရတာကြောင့် နစကဥက္ကဋ္ဌက ယာယီသမ္မတ တာဝန်ယူခဲ့ခြင်းကိုလည်း အစည်းအဝေးမှာ ရှင်းပြခဲ့တယ်လို့ သိရပါတယ်။

နစကဥက္ကဋ္ဌ ဦးဆောင်ပြီး ကျင်းပခဲ့တဲ့ ဒီနေ့ အစည်းအဝေးကို ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ဒုတပ်ချုပ်စိုးဝင်းတို့နဲ့အတူ ကာလုံအဖွဲ့ဝင်တွေဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးတို့ တက်ရောက်ခဲ့ကြပေမယ့် နိုင်ငံခြားရေးဝန်ကြီးကတော့ တက်ရောက်ခြင်းမရှိဘူးလို့ သိရပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးတဲ့နောက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီလို့ ဆိုပြီး တနှစ်သက်တမ်းနဲ့ အုပ်ချုပ်ခဲ့ပြီးနောက်မှာ အရေးပေါ်ကာလ ခြောက်လ သက်တမ်းကို နစက က အကြိမ်ကြိမ် တိုးခဲ့တာဟာ အခုတကြိမ်နဲ့ဆို ခြောက်ကြိမ် ရှိပြီဖြစ်ပါတယ်။

#voiceofmyanmar #VOM #အရေးပေါ်ကာလ #သက်တမ်း #ခြောက်လ #ထပ်တိုး

Related posts

Leave a Comment

VOM News

FREE
VIEW