ပဲခူးတိုင်းရေဘေးကြောင့် ကျောင်း ၄၅၀ အထိပိတ်၊ သေဆုံးသူလေးယောက်ရှိလာ

 

ဇူလိုင် ၃၁ – ၂၀၂၄
GG (VOM)

ပဲခူးတိုင်းမှာ ဖြစ်ပွားနေတဲ့ရေကြီးနစ်မြုပ်မှုကြောင့် စာသင်ကျောင်းပေါင်း ၄၅၀ အထိ ပိတ်ထားရသလို ရေနစ်သေဆုံးသူလည်း လေးယောက်အထိရှိထားတယ်လို့သိရပါတယ်။

ရေကြီးနစ်မြုပ် မှုကြောင့် ပဲခူးတိုင်းအရှေ့ပိုင်းကပဲခူးမြို့အပါအဝင် မြို့နယ် ၉ ခုမှအခြေခံပညာကျောင်း ၁၈၉ ကျောင်းနဲ့ ပဲခူးတိုင်းအနောက်ပိုင်းတွင်ရှိ မြို့နယ် ၁၁ မြို့နယ်မှ အခြေခံ ပညာကျောင်း ၂၆၁ ကျောင်း ကို ယာယီပိတ်ထားရတာဖြစ်တယ်လို့သိရပါတယ်။

ေရနစ်သေဆုံးမှုအနေနဲ့ ပဲခူးမြို့က အသက်၁၆ နှစ်အရွယ် Grade 12 ကျောင်းသား တယောက်၊ အသက် ၈နှစ်အရွယ်ကလေးတယောက်နဲ့ အသက် ၄၀ အရွယ်အမျိုးသားတယောက်တို့ရှိထားပြီး ပဲခူးအနောက်ခြမ်းမှာဆိုရင် လက်ပံတန်းမြို့နယ်၊ ခမုံရဲစခန်းက အသက် ၂၇ နှစ်အရွယ် ရဲတပ်သားရေနစ်သေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

” ပဲခူးမှာက ၂၉ရက်နေ့ကတယောက်သေတယ်။မနေ့ကနှစ်ယောက်ထပ်သေတယ်။ကျောင်းသားလေးကစက်ဘီးစီးလာစဥ်ဓာတ်လိုက်ပြီးသေသွားတာ။ကလေးလေးကတော့လမ်းလျှောက်နေရင်ပြုတ်ကျပြီးဆုံးတာလို့သိရတယ်။အသက်ကြီးအမျိုးသားကတော့ အရက်သောက်ပြီးအပြင်သွားချိန်ရေနစ်သေတာပါ။ ရေကတော့ဒီနေ့နည်းနည်းပြန်ကျပါတယ်။ထပ်မတိုးတော့ဘူး။ ” လို့ ပဲခူးမြို့ဒေသခံတယောက်ကပြောပါတယ်။

ဲ ပဲခူးအရှေ့ခြမ်း ရေကြီးနစ်မြုပ် နေတဲ့မြို့တွေက ပဲခူး၊ဘုရားကြီး၊ရွှေကျင်၊ညောင်လေးပင်၊မဒေါက်အပါအဝင်မြို့နယ်အချို့မှာရေကြီးနေပြီး ပဲခူးအနောက်ပိုင်းမှာက သာယာဝတီ၊လက်ပံတန်း၊အုတ်ဖို၊မင်းလှ၊ဇီးကုန်း၊နတ်တလင်း၊ကြို့ပင်ကောက်၊ သုံးဆယ်၊မိုးညို အပါအဝင် မြို့နယ်အချို့မှာရေကြီးနေတာဖြစ်ပြီး လက်ရှိမှာတော့ရေထပ်မတိုးတော့ဘဲ အနည်းငယ်ပြန်လည်ကျဆင်းတဲ့အခြေအနေရှိတယ်လို့သိရပါတယ်။

မြစ်ရေ နဲ့ ချောင်းရေတွေ ထပ်မတိုးလာတော့ပေမယ့် မြို့နယ်အလိုက်ရှိရမယ့် စိုးရိမ်ရေအမှတ်ထက်မှာသာ ကျော်လွန်နေသေးတာကြောင့် ရေဘေးရှောင်စခန်းတွေမှာခိုလှုံနေရသူတွေအများအပြားရှိသလိ​ု နေအိမ်မှာပဲ ရေဘေးသင့်နေတဲ့ဒေသခံတွေအများအပြားရှိတဲ့အတွက် အစားအသောက်၊ရေသန့်၊ဆေးဝါးတွေ အဓိကလိုအပ်နေဆဲဖြစ်တယ်လို့သိရပါတယ်။

” ရေကထပ်မတက်လာပေမယ့် ရေဘေးကသင့်နေတုန်းပဲဆိုတော့အကူအညီတွေလိုအပ်ပါတယ်။ရွာဘက်တွေဆိုရင်လှေကရှားနဲ့ ဒေသခံတွေလည်းသွားလာမရအခက်ကြုံတယ်။လှူသူကျတော့လည်းနေ့တိုင်းမသွားနိုင်တော့ ထမင်းဘူးအပြင် ဆန်နဲ့ခေါက်ဆွဲခြောက်ဘာညာပဲလှူရတယ်။ရေကြီးတော့သူတို့လည်းချက်စားဖို့ကမလွယ်နဲ့အသင့်စားအစားအစာတွေအဓိကပိုလိုအပ်ပါတယ်။ရေသန့်ပေါ့။ ” လို့ သာယာဝတီဒေသခံကပြောပါတယ်။

ပဲခူးတိုင်းက မြန်မာနိုင်ငံရဲ့ အဓိက စပါးစိုက်ပျိုးမှုမှာ ဒုတိယအများဆုံး စပါးစိုက်ပျိုးတဲ့တိုင်းဖြစ်တာနဲ့အညီ ခုနှစ်ရေကြီးမှုကြောင့် ပဲခူးအနောက်ခြမ်းက ရေကြီးနစ်မြုပ်မှုအချိန်ကြာမြင့်တာကြောင့် မိုးစပါးစိုက်ခင်းအများအပြားနဲ့အခြားသီးနှံစိုက်ခင်းအများအပြား ရေနစ်ပျက်စီးမှုတွေရှိနေပါတယ်။

ဲတောင်သူအချို့မှာဆိုရင် မိုးစပါးစိုက်ခင်း အပြင် သိုလှောင်ထားတဲ့အရင်နှစ်မိုးစပါးအဟောင်းတွေလည်းရေနစ်မြုပ်ကာပျက်စီးမှုတွေရှိခဲ့ပါတယ်။

ဒါကြောင့် ဒေသခံပြည်သူတွေအနေနဲ့ ရေဘေးသင့်ဒဏ်ကို ခံစားရပြီးဒုက္ခရောက်ရသလို သီးနှံစိုက်ခင်းတွေ ပျက်စီးဆုံးရှုံးမှု ကြောင့်လည်း စီးပွားရေးထိခိုက်နစ်နာကာ ဆုံးရှုံးမှုကြီးမားတဲ့အခြေအနေဖြစ်နေပါတယ်။

ပဲခူးအနောက်ခြမ်းမှာ ရေကြီးနစ်မြုပ်မှုက ဇူလိုင်လ၁၅ ရက်လောက်ကတည်းက စတင်ဖြစ်ပွားခဲ့ကာလက်ရှိအထိ ရေကြီးနေတာဖြစ်ကြောင်း ၊ ပဲခူးအရှေ့ခြမ်းကတော့ ဇူလိုင်လ ၂၅ ရက်လောက်ကစပြီး ရေကြီးမှုဒဏ်ခံနေရတာ ခုချိန်ထိဖြစ်ပါတယ်။

#Voiceofmyanmar #vom #ပဲခူးတိုင်း #ရေကြီးမှု #သေဆုံးသူရှိ #ကျောင်း၄၅၀ပိတ်

Related posts

Leave a Comment

VOM News

FREE
VIEW