နေ့စားလုပ်အားခ ၆၈၀၀ ကျပ်ဟာ ခေတ်ကာလနဲ့ကိုက်ညီတဲ့ လုပ်ခလစာ မဟုတ်သေးဘူးလို့ ဆို

 

ဩဂုတ် ၁၀ – ၂၀၂၄
SS (VOM)

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက လက်ရှိ တိုးမြှင့် ခံစားခွင့်ပြုထားတဲ့ နေ့စားလုပ်အားခ ၆၈၀၀ ကျပ်ဟာ ခေတ်ကာလနဲ့ကိုက်ညီတဲ့ လုပ်ခလစာ မဟုတ်သေးဘူးလို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

အစိုးရဌာနတွေနဲ့ စက်ရုံ၊ အလုပ်ရုံတွေက နေ့စားဝန်ထမ်းတွေ၊ အလုပ်သမားတွေရဲ့ အလုပ်ချိန် ၈ နာရီအတွက် နေ့စဉ်လုပ်ခကို ၆၈၀၀ ကျပ်အဖြစ် တိုးမြှင့် သတ်မှတ်လိုက်တယ်လို့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက ထုတ်ပြန်လာပါတယ်။

ဒီသတ်မှတ်ချက်ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး အခု သြဂုတ်လ ၁ ရက်နေ့မှာ စတင် ခံစားခွင့်ရှိမယ်လို့ အမျိုးသားကော်မတီက အသိပေးထားပါတယ်။

လက်ရှိ ခေတ်ကာလ အခြေအနေအရ နေ့စဉ်ဆိုသလို မြင့်တက်လာတဲ့ ကုန်ဈေးနှုန်း၊ နေထိုင်စရိတ်နဲ့ လုပ်ငန်းခွင်အတွင်း ငွေကြေး ဖြတ်တောက်တာ၊ တခြားသော ပြင်ပ အဖွဲ့အစည်းတွေရဲ့ ငွေကြေး ကောက်ခံရတာတွေ ရှိနေတဲ့အတွက် တရက် ၈ နာရီ အလုပ်ချိန်အတွက် ကျပ် ၆၈၀၀ ပမာဏဟာ လုံလောက်မှု မရှိနိုင်တာကြောင့် ငွေကျပ်တသောင်းရရှိမှသာ ခေတ်ကာလနဲ့ကိုက်ညီတဲ့ လုပ်ခလစာ ဖြစ်မယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

“အခုခေတ် ကုန်ဈေးနှုန်းအခြေအနေက ကျပ် တသောင်းရရင်တောင် အဆင်မပြေနိုင်သေးပါဘူး။ အခု ၆၈၀၀ ပမာဏဆို ပိုဆိုးတာပေါ့။ လုပ်ငန်းခွင်ထဲမှာ ငွေကြေး ဖြတ်တောက်ခံရတာတွေ ရှိနေတဲ့အပြင်ကိုမှ ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့တွေက လစဉ်ကောက်ခံနေတဲ့ ကင်းကြေး၊ ဧည့်စာရင်းကြေးတွေ၊ တခြား အထွေထွေ စရိတ်တွေကလည်း ရှိသေးတယ်။ ‌ဒီအချက်‌တွေက ဝင်ငွေ၊ ထွက်ငွေ မလုံလောက်တဲ့ လူတန်းစားတွေအတွက် အပိုဖိအားတွေဖြစ်စေတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူအသီးသီးကလည်း အခုအချိန်အထိ ခေတ်ကာလအခြေအနေကို မျက်ကွယ်ပြုနေတုန်းပါပဲ” လို့ အလုပ်သမားအရေး ဆောင်ရွက်သူတယောက်က ပြောပါတယ်။

အခြေခံလုပ်ခလစာ ကျပ်တသောင်းဆိုတာဟာ ထောင်ချီတဲ့အလုပ်သမားထုအင်အားနဲ့ တွက်မယ်ဆိုရင် အလုပ်ရှင်တွေအတွက် များပြားတဲ့ ငွေပမာဏဖြစ်ပေမယ့် လက်ရှိ ခေတ်ကာလ အခြေအနေမှာ ရုန်းကန်နေရတဲ့ အလုပ်သမား တယောက်ချင်းအတွက်ကတော့ စိစစ်တွက်ချက်သုံးစွဲရမယ့် အခြေအနေမှာပဲ ရှိသေးတယ်လို့ ဆိုပါတယ်။

ပြဌာန်းထားတဲ့ ဥပဒေအရတော့ ခေတ်ကာလနဲ့ကိုက်ညီတဲ့ လုပ်ခလစာ ပြင်ဆင်သတ်မှတ်ရေးဟာ အလုပ်သမားထုက တောင်းဆိုရမှာမဟုတ်ဘဲ ဝန်ကြီးဌာနဘက်က နှစ်နှစ်ကိုတကြိမ် ပြန်လည်သုံးသပ်ရမှာ ဖြစ်ပေမယ့် လက်ရှိချိန်အထိတော့ လျစ်လျူရှုခံနေရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

“ခုခေတ်က ကော်ဖီမစ်တထုပ်တောင် ၄၀၀ ဖြစ်နေပြီလေ။ ကျွန်မတို့မှာ ကော်ဖီတထုပ်ကို ချွေတာပြီး နှစ်ခါခွဲသောက်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားဘူး။ ဟင်းစားဖိုးရအောင်ပဲ ချွေတာပြီးရင်း ချွေတာနေရတဲ့ဘဝ။ ဈေးတခါသွားရင်ပဲ တရက်ကို တသောင်းခွဲလောက် ကုန်နေတာ။ တက်နေတဲ့ ကုန်ဈေးနှုန်းနဲ့က လောက်ငှတယ်ရယ်လို့ မရှိဘူး။ ၆၈၀၀ မပြောနဲ့ ခုခေတ် ကုန်ဈေးနှုန်းနဲ့က တသောင်းတိုးပေးတောင် မလောက်သေးဘူး” လို့ စက်ရုံဝန်ထမ်းတယောက်က ပြောပါတယ်။

အနည်းဆုံး အခကြေးငွေနှုန်းထားတွေကို ၂၀၁၃ ခုနှစ်၊ အနည်းဆုံး အခကြေးငွေဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ (ဃ) နဲ့အညီ သုံးပွင့်ဆိုင် ကိုယ်စားလှယ်တွေ ညှိနှိုင်းဆွေးပွဲတွေပြုလုပ်ပြီး ဆုံးဖြတ်ခဲ့တာပါ။

အဲဒီနောက် ၂၀၁၈ ခုနှစ်၊ မေလ ၁၄ ရက်နေ့မှာ မြန်မာနိုင်ငံက အလုပ်သမားများအတွက် နေရာဒေသနဲ့ လုပ်ငန်းအမျိုးအစား မခွဲခြားဘဲ တနိုင်ငံလုံးတပြေးညီ တနာရီကို ၆၀၀ ကျပ်နှုန်းနဲ့ အလုပ်ချိန် ၈ နာရီ (တရက်) အတွက် ၄၈၀၀ ကျပ်ကို ပြည်ထောင်စုအစိုးရအဖွဲ့ အတည်ပြုချက်နဲ့ အမျိုးသားကော်မတီက သတ်မှတ်ခဲ့ပါတယ်။

အဲဒီလို ၄၈၀၀ ကျပ် သတ်မှတ်ခဲ့တဲ့အပေါ် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစပြီး အပိုထောက်ပံ့ကြေး ၁၀၀၀ ကျပ်ကို အလုပ်လုပ်တဲ့ ရက်တွေနဲ့ ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နဲ့ အလုပ်ပိတ်ရက် အက်ဥပဒေအရ ခံစားခွင့်ပြုခဲ့ပါတယ်။

အခုအခါမှာတော့ တရက်လုပ်ခ ၄၈၀၀ ကျပ်အပေါ် အပိုထောက်ပံ့ကြေး ၁၀၀၀ ကျပ်၊ နှစ်ကြိမ် တိုးမြှင့်ပေးလိုက်တာကြောင့် အလုပ်သမားတွေရဲ့ နေ့စဉ်လုပ်ခဟာ ၆၈၀၀ ကျပ်အဖြစ် ခံစားခွင့်ရရှိလာပါတယ်။

နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်လာမှုကြောင့် အခြေခံစားကုန်တွေကို ဈေးနှုန်းကြီးမြင့်စွာနဲ့ ဝယ်ယူစားသောက်နေရချိန်မှာ အပိုထောက်ပံ့ကြေး ၁၀၀၀ တိုးပေးတာက မပြောပလောက်တဲ့ ပမာဏ ဖြစ်တယ်လို့ ဝန်ထမ်းအသိုင်းအဝိုင်းက ရှုမြင်ကြပါတယ်။

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီကတော့ တနေ့လုပ်ခ ၆၈၀၀ ကျပ်နဲ့ ပတ်သက်လို့ ဒီသတ်မှတ်ချက်ဟာ အလုပ်သမား ၁၀ ယောက်အောက်ရှိတဲ့ လုပ်ငန်းငယ်တွေ၊ မိသားစု တပိုင်တနိုင် လုပ်ငန်းတွေနဲ့ သက်ဆိုင်ခြင်းမရှိစေရဘူးလို့ ထုတ်ပြန်ထားပါတယ်။

Photo:CJ

#voiceofmyanmar #VOM #နေ့စားလုပ်အားခ #၆၈၀၀ကျပ်

Related posts

Leave a Comment

VOM News

FREE
VIEW