ပြည်ပလုပ်သားတွေရဲ့ မိသားစုဆီ လွှဲပို့ငွေစာရင်းနဲ့ ပတ်သက်လို့ အေဂျင်စီတွေကို အလှည့်ကျ ခေါ်ယူစစ်ဆေးမယ်

 

ဩဂုတ် ၁၁ – ၂၀၂၄
SN (VOM)

ပြည်ပရောက် လုပ်သားတွေထံကနေ မိသားစုလွှဲပို့ငွေစာရင်းနဲ့ ပတ်သက်လို့ အေဂျင်စီတွေကို အလုပ်သမားဝန်ကြီးဌာန၊ နေပြည်တော်ရုံးကို အလှည့်ကျ ခေါ်ယူစစ်ဆေးသွားမယ်လို့ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) က သိရပါတယ်။

မိမိစေလွှတ်ခဲ့တဲ့ အလုပ်သမားတွေရဲ့ မိသားစုထံလွှဲပို့ငွေကို တရားဝင်ဘဏ်ကနေတဆင့် လွှဲပို့ထားတဲ့ အထောက်အထားတွေကို ယူဆောင်ကာ အလုပ်သမားဝန်ကြီးဌာန၊ နေပြည်တော်ရုံးချုပ်ကို အေဂျင်စီမှ မန်နေဂျင်းဒါရိုက်တာ (ဒါမှမဟုတ်) ဒါရိုက်တာအဖွဲ့ဝင် တယောက်ယောက်က ဩဂုတ်လ ၁၂ ရက် (မနက်ဖြန်) ကစပြီး အလှည့်ကျ သွားရောက်ရမယ် ဖြစ်တယ်လို့ သိရပါတယ်။

“ဒါက ကျွန်တော်တို့ဆီတော့ တိုက်ရိုက် မလာဘူး။ အေဂျင်စီကုမ္ပဏီတွေကို သူတို့ဘာသာသူတို့ ခေါ်တယ်လို့ ပြောတယ်။ ခေါ်တာတော့ သေချာတယ်။ ဘာခေါ်ပြောမလဲ၊ ဘာသတင်းထူးမလဲ ဆိုတာကိုတော့ မနက်ဖြန်ညနေမှ အကျိုးအကြောင်း သေသေချာချာသိရမှာပေါ့” လို့ MOEAF မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှာ ပြည်ပကို အလုပ်သမားစေလွှတ်တဲ့ အေဂျင်စီ ၂၄၉ ခု ရှိခဲ့ပြီး အဲဒီထဲက အလုပ်သမားအများဆုံးစေလွှတ်တဲ့ အေဂျင်စီ ၁၀ ခုကို ကနဦး ခေါ်ယူထားကာ အလုပ်သမားမှ မိသားစုလွှဲပို့ငွေပေးပို့ထားတဲ့ လူစာရင်းနဲ့ ငွေလွှဲပေးပို့ထားတဲ့ အထောက်အထားတွေကိုပါ တပါတည်း ယူဆောင်လာရမှာဖြစ်တယ်လို့ သိရပါတယ်။

လာရောက် ရှင်းလင်းတင်ပြမှု မရှိခြင်း၊ မိသားစုလွှဲပို့ငွေရရှိအောင် ကြပ်မတ်နိုင်မှု မရှိခြင်းတို့ကို စိစစ်တွေ့ရှိခဲ့ရင်တော့ စေလွှတ်ခြင်းလုပ်ငန်းစဥ်တွေကို ဆိုင်းငံ့မှာဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ပေးပို့ထားတဲ့ အကြောင်းကြားစာမှာ ဖော်ပြထားတယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

“စာရင်းမပြနိုင်ရင် အလုပ်သမား စေလွှတ်တာကို ယာယီ ဆိုင်းငံ့မယ်လို့တော့ အကြောင်းကြားစာမှာ ပါတယ်။ ကျွန်တော်တို့အတွက် တကယ်အခက်အခဲဖြစ်ရတာပေါ့။ တချို့ အလုပ်သမားတွေက သူတို့မိသားစုတွေဆီကို ပုံမှန် ငွေလွှဲတာမျိုးလည်း မရှိဘူး။ စုထားပြီးမှ သူတို့ အဆင်ပြေတဲ့အချိန်မှ သူတို့ အဆင်ပြေမယ့်နည်းလမ်းနဲ့ပဲ လွှဲချင်တဲ့နေရာကနေ လွှဲကြတာ။ မသွားခင် ကျွန်တော်တို့ဆီမှာ စာချုပ် ချုပ်သွားရတာမှန်ပေမယ့် ဟိုဘက်ရောက်သွားရင် ဆက်သွယ်လို့မရတော့ဘူး။ သူတို့သဘောနဲ့သူတို့ ဖြစ်သွားပြီ။ ဒါကို ကျွန်တော်တို့ အေဂျင်စီတွေက လိုက်ကြပ်မတ်ရမယ်၊ မကြပ်မတ်နိုင်ရင် ပိတ်မယ်တို့ ဆိုတာက တကယ် အဆင်မပြေဘူး” လို့ သူက ပြောပါတယ်။

နစကအနေနဲ့ ပြည်ပရောက် အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဇွန်လကစပြီး အေဂျင်စီတွေဆီက တောင်းယူနေတာဖြစ်ကာ အထူးသဖြင့် အလုပ်သမားက မိသားစုဆီ တရားဝင် ငွေလွှဲ၊ မလွှဲ သိရှိဖို့နဲ့ တရားဝင်ငွေပေးပို့ဖို့ ဖိအားပေးနေတာလည်း ဖြစ်ပါတယ်။

အေဂျင်စီတွေအနေနဲ့ အလုပ်သမားတွေကို စေလွှတ်ရုံတင်မကဘဲ မိသားစုဆီ ငွေလွှဲပို့အောင် ကြပ်မတ်ဆောင်ရွက်ဖို့ အလုပ်သမားဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ပြုလုပ်တဲ့ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း (MOEAA) ရဲ့ နှစ်ပတ်လည် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

နစကအနေနဲ့ ပြည်ပရောက် အလုပ်သမားတွေ လစာရဲ့ ၂၅ ရာခိုင်နှုန်းကို မိသားစုဆီ လွှဲပို့ဖို့နဲ့ လစာရဲ့ ၂ ရာခိုင်နှုန်းကို အခွန်ပေးဆောင်ဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။

Photo:CJ

#voiceofmyanmar #VOM #ပြည်ပလုပ်သား #မိသားစု #လွှဲပို့ငွေစာရင်း #အေဂျင်စီ #အလှည့်ကျ #ခေါ်ယူစစ်ဆေး

Related posts

Leave a Comment

VOM News

FREE
VIEW