ဂွ-ငါးသိုင်းချောင်း ကုန်စည်လမ်းကြောင်း ပိတ်ထားလို့ ရခိုင်မှာ အခြေခံစားသောက်ကုန် ပိုမိုပြတ်လပ်လာ

 

ဩဂုတ် ၁၂ – ၂၀၂၄
SN (VOM)

ရခိုင်ပြည်နယ်ထဲကို ကုန်စည်တင်ပို့ရာမှာ ဧရာ၀တီတိုင်း ရေကြည်မြို့ကနေ ဂွ-ငါးသိုင်းချောင်းလမ်းအတိုင်း အခြေခံစားသောက်ကုန် သယ်ယူခွင့်ကို ဆက်လက် ပိတ်ပင်ထားတာကြောင့် ကုန်ဈေးနှုန်းတွေ အဆမတန် ထပ်မံ မြင့်တက်လာကာ ပစ္စည်းပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ကုန်သည်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ဂွ – ငါးသိုင်းချောင်း လမ်းမအနီး ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ ဩဂုတ်လ ပထမအပတ်ကစပြီး ရေကြည်မြို့ကနေ ရခိုင်ပြည်နယ်အတွင်း ပစ္စည်းတင်ပို့ခွင့်ကို ပိတ်ပင်ခံထားရတာဖြစ်တယ်လို့ သိရပါတယ်။

“သူတို့က တင်ပို့ သယ်ယူခွင့် ပိတ်ထားတယ်လို့ ကြိုပြောတာမဟုတ်ဘူး။ ဂိတ်ရောက်မှ ဆက်သွားခွင့်မပေးတာ။ ရေကြည်ကနေ ဂွမြို့ကို ဘာကုန်စည်တွေကိုပဲ ပို့ပို့ ဂွ – ငါးသိုင်းချောင်းလမ်း၊ ဗေဒါစစ်ဆေးရေးဂိတ် အဝင်အထွက်ကနေ ပြန်လွှတ်ခံနေရတယ်” လို့ ကုန်သည်တယောက်က ပြောပါတယ်။

ရခိုင်ပြည်နယ်ဘက်ကို စက်သုံးဆီ၊ ဆန်၊ စားသုံးဆီ၊ ကြက်သွန်၊ အာလူး၊ ငရုတ်နဲ့ မီးဖိုချောင်သုံး စားသောက်ကုန်တွေသာမက ဂေါ်ဖီ၊ ဖရဲသီး၊ ကန်စွန်းဥ၊ ပြောင်းဖူး၊ သစ်သီးမျိုးစုံ စတဲ့ စားနပ်ရိက္ခာ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ခွင့်ကို ပိတ်ထားတာလို့ ဆိုပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်ထဲမှာ 92 အောက်တိန်း တလီတာ ကျပ် တသောင်းခွဲ၊ ပရီမီယမ်ဒီဇယ် တလီတာ တသောင်းသုံးထောင်ကျပ် ပေါက်ဈေးရှိနေပြီး ဆန်ကြမ်း တအိတ် ခြောက်သောင်းကျပ်၊ စားသုံးဆီ တလီတာ တသောင်းတထောင်ကျပ်၊ ကြက်သွန်နီ တပိဿာ နှစ်သောင်းသုံးထောင်ကျပ်၊ ကြက်သွန်ဖြူ တပိဿာ လေးသောင်းကျပ်၊ ဝမ်းတီးနို့ဆီ တဘူး ၇၅၀၀ ကျပ်၊ ပရီမီယာကော်ဖီ တပါကင် နှစ်သောင်းနှစ်ထောင်ငါးရာကျပ် စသဖြင့် အသီးသီး ဈေးမြင့်တက်နေတယ်လို့ သိရပါတယ်။

“ဈေးတွေက အခြေခံလူတန်းစားတွေအတွက် ဘယ်လိုမှ လက်လှမ်းမမီတဲ့ဈေးတွေ ဖြစ်နေတာ။ လက်ထဲ ပိုက်ဆံရှိရင်တောင် ဝယ်လို့မရဘူး။ ဆေးဝါးဈေးတွေလည်း တက်တာပဲ။ ဒီကိုဂျင် တကတ်ကို ကျပ် ၆၀၀၀ ၊ ဘိုင်အိုဂျက်ဆစ် တကတ်ကို ကျပ် ၄၀၀၀ ဖြစ်နေပြီ” လို့ ဒေသခံတယောက်က ပြောပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်ကို ကုန်လမ်းခရီး တိုက်ရိုက်ရောက်တဲ့ ကြံခင်း၊ ဘက်ရဲ၊ လေးမျက်နှာ၊ ရေကြည်၊ ငသိုင်းချောင်း၊ သာပေါင်း၊ ချောင်းသာ စတဲ့ မြို့နယ်တွေမှာလည်း တိုက်ပွဲဖြစ်ပွားမှုတွေ ရှိနေတာကြောင့် ကုန်စည်စီးဆင်းမှု ပြတ်တောက်နေတယ်လို့ သိရပါတယ်။

ဒါအပြင် ရခိုင်ပြည်နယ်နဲ့ တဆက်တည်းရှိပြီး ရေလမ်း၊ ကုန်လမ်းခရီး တိုက်ရိုက်ရောက်တဲ့ ပုသိမ်၊ လပွတ္တာ၊ ငပုတော၊ သာပေါင်း၊ ငရုတ်ကောင်း၊ ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံ၊ ဘိုကလေး၊ ဒေးဒရဲ၊ ဖျာပုံ စတဲ့ ဒေသတွေမှာလည်း ကုန်စည်နဲ့ လူအဝင်အထွက်တွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေတာတွေရှိတယ်လို့ ကုန်စည်သယ်ယူရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။

Photo:CJ

#voiceofmyanmar #VOM #ရေကြည်မြို့ #ရခိုင်ပြည် #ကုန်စည်သယ်ယူခွင့် #ပိတ်ပင် #ဒေသခံ #အခက်တွေ့

Related posts

Leave a Comment

VOM News

FREE
VIEW