နိုင်ငံခြားငွေကြေး ရောင်းဝယ်တဲ့ NUGGETS Viber Group ကို တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူမယ်လို့ ဗဟိုဘဏ် ထပ်မံ ကြေညာ

 

ဩဂုတ် ၁၁ – ၂၀၂၄
SS (VOM)

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ဂုဏ်သိက္ခာ ကျဆင်းစေဖို့ မဟုတ်မမှန်တဲ့ သတင်းတွေ ထုတ်ပြန်ခဲ့တဲ့ နိုင်ငံခြားငွေကြေး ရောင်းဝယ်ရေး NUGGETS Viber Group ကို တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေး ကြေညာထားပါတယ်။

ဗဟိုဘဏ်အနေနဲ့ ပြီးခဲ့တဲ့ ဩဂုတ် ၉ ရက်ကလည်း ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီးဖြစ်ကာ အဲဒီကြေညာချက်မှာ ဒေါ်လာစျေး ဆွဲတင်တဲ့ NUGGETS စတဲ့ Viber Group တွေ၊ Hlaing Htet Arkar(nGa wAi)၊ ယူရိုဒေါ်လာ ရောင်းဝယ်ပို့ဆောင်သူများ ဆုံဆည်းရာ၊ ဒေါ်လာရောင်းသူဝယ်သူတိုက်ရိုက် (dollor buyer seller direct)၊ Su Myat Kyaw ၊ US vs BURMA Dollar kyat Trade ၊ ရွှေမင်းဂံငွေလဲဆိုင်၊ Khit Thit Media စတဲ့ Facebook Page တွေနဲ့ Group တွေ၊ Myo Zaw Aung – GOLD & CURRENCY, Khit Thit Media စတဲ့ Telegram Channel တွေကို အရေးယူသွားမှ ဖြစ်တယ်လို့ အသိပေးထားပြီး ဖြစ်ပါတယ်။

အဲဒီလို အသိပေး ထုတ်ပြန်ပြီးတဲ့နောက် NUGGETS Viber Group က ဗဟိုဘဏ်အပေါ် သိက္ခာကျဆင်းစေလိုတဲ့ ရည်ရွယ်ချက်နဲ့ မဟုတ်မမှန်တဲ့ သတင်းတွေ ထုတ်ပြန်ပြီး တရားမဝင် နိုင်ငံခြားငွေကြေး ရောင်းဝယ်ခြင်းကိုလည်း ဆက်လက် ဝန်ဆောင်မှုပေးသွားမှာဖြစ်တယ်လို့ ၎င်းတို့ရဲ့ NUGGETS Viber Group ကနေ ထပ်မံ ကြေညာလာတာကို တွေ့ရှိရတယ်လို့ ဗဟိုဘဏ်က ဆိုထားပါတယ်။

ဒါကြောင့် NUGGETS Viber Group ကို တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူနိုင်ဖို့အတွက် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေနဲ့ ဗဟိုဘဏ်တို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိတယ်လို့ ဩဂုတ် ၁၀ ရက်နေ့မှာ ထပ်မံ အသိပေးလာတာ ဖြစ်ပါတယ်။

လက်ရှိ ဈေးကွက်အတွင်း နိုင်ငံခြား ငွေကြေးဈေးနှုန်းတွေ မြင့်တက်ရခြင်းမှာ ငွေလဲလှယ်နှုန်း ကမောက်ကမဖြစ်စေလိုတဲ့ ရည်ရွယ်ချက်တွေ၊ ဈေးကစားလိုတဲ့ ရည်ရွယ်ချက်တွေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေဖြစ်တဲ့ Facebook ,Telegram ,Viber စတဲ့ Online Platform မျိုးစုံမှ အမှန်တကယ် အရောင်းအဝယ်မဖြစ်တဲ့ ဈေးနှုန်းတွေနဲ့ ပြည်သူလူထု ထင်ယောင်ထင်မှား ဖြစ်စေ‌ဖို့၊ နိုင်ငံခြားငွေဈေးကွက် ပျက်ပြားစေဖို့ ဆောင်ရွက်နေတာကြောင့် ဖြစ်တယ်လို့ ဗဟိုဘဏ်က ပြောဆိုထားပါတယ်။

ဒါနဲ့ ပတ်သက်လို့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ ဈေးကွက်ကျွမ်းကျင်သူတွေ၊ ငွေလဲလုပ်ငန်း လုပ်ကိုင်သူတွေကတော့ လက်ရှိ စျေးကွက်အတွင်း အမေရိကန်ဒေါ်လာ အပါအဝင် ငွေလဲဈေးနှုန်းတွေ မြင့်တက်လာရခြင်းမှာ ဗဟိုဘဏ်က ပြောဆိုထားသလိုမဟုတ်ဘဲ ကျပ်ငွေတန်ဖိုး အလွန်အမင်း ကျဆင်းလာပြီး စီးပွားရေးမဏ္ဍိုင်တခုလုံး ပြိုလဲလာခြင်းကြောင့် ဖြစ်တယ်လို့ တညီတညွတ်တည်း ပြောဆိုကြပါတယ်။

“Viber, facebook, telegram တွေသုံးပြီး နိုင်ငံတခုရဲ့ ငွေကြေးစနစ်ကို ဒုက္ခပေးလို့ရတယ် ဆိုတဲ့ အတွေးအခေါ်၊ ကျပ်ငွေဈေးတွေကျတာ မီဒီယာကြောင့်လို့ တထစ်ချ ယုံကြည်၊ ပြောဆိုနေသမျှ ကာလပတ်လုံး နိုင်ငံ့စီးပွားရေးက အဖတ်ဆယ်လို့ရမှာ မဟုတ်ဘူး။ တကယ့် အကြောင်းရင်းမှန်ကို လက်မခံနိုင်ဘဲ ဒီတိုင်းသွားနေဦးမယ်ဆိုရင် ရှေ့လျှောက် ပိုဆိုးဖို့ပဲရှိတယ်” လို့ စီးပွားရေး လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

နိုင်ငံရေးအပြောင်းအလဲ နောက်ဆက်တွဲကြောင့် ကုန်ထုတ်လုပ်မှုတွေ ကျဆင်းလာသလို နစကရဲ့ စီးပွားရေး စီမံခန့်ခွဲမှု အလွဲအမှားတွေကြောင့် မြန်မာနိုင်ငံရဲ့ ကျပ်ငွေတန်ဖိုးဟာ ဆက်တိုက် ကျဆင်းလျက်ရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ မေလကနေ အခု ၂၀၂၄ ခုနှစ်၊ မေလအထိ ကာလမှာ မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းက ၃၅ ရာခိုင်နှုန်းဝန်းကျင် ရှိနေတဲ့အပြင် မပြီးဆုံးနိုင်တဲ့ ထုတ်ပြန် ကြေညာချက်တွေကြောင့်လည်း ငွေကြေးတန်ဖိုး မတည်ငြိမ်တာတွေက ပိုဆိုးလာနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

လက်ရှိမှာ အမေရိကန်ဒေါ်လာဈေးဟာ ၆၁၀၀ ကျပ်ဝန်းကျင်ကို ရောက်ရှိနေပြီး သမိုင်းတလျှောက် စံချိန်တင် အမြင့်ဆုံးဈေးဖြစ်ကာ နိုင်ငံရေး အပြောင်းအလဲမဖြစ်ခင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့က တဒေါ်လာ ကျပ် ၁၃၀၀ ကျော်ဝန်းကျင်သာ ရှိခဲ့တာကြောင့် သုံးနှစ်ကျော်ကာလအတွင်း ငါးဆနီးပါး ဈေးမြင့်တက်လာတာ ဖြစ်ပါတယ်။

Photo:CJ

#voiceofmyanmar #VOM #ဗဟိုဘဏ် #NUGGETSViberGroup

Related posts

Leave a Comment

VOM News

FREE
VIEW