ထိုင်းဝန်ကြီးချုပ် ဆရက်သာ ရာထူးကနေ ဖယ်ရှားခံရ

 

ဘန်ကောက်၊ ဩဂုတ်-၁၄-၂၀၂၄
မျိုးဆက်(VOM)

ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်ကို ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက ဒီနေ့ ဩဂုတ် ၁၄ ရက်မှာ ရာထူးကနေ ဖယ်ရှားဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဝန်ကြီးချုပ်ဟာ သူ့ရဲ့ အစိုးရအဖွဲ့ထဲမှာ လာဘ်ပေးလာဘ်ယူမှုနဲ့ ထောင်ကျခဲ့ဖူးတဲ့ ရှေ့နေဟောင်းတယောက်ကို ဝန်ကြီးခန့်အပ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကျင့်ဝတ်စံနှုန်းတွေနဲ့ မကိုက်ညီသူတယောက်ကို အစိုးရအဖွဲ့မှာ ဝန်ကြီးခန့်လိုက်တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တာလို့ တရားရုံးက ဆိုပါတယ်။

အခုလို အမိန့်ချလိုက်တာကြောင့် အိမ်ခြံမြေသူဌေးကြီး ဆရက်သာဟာ ၁၆ နှစ်တာကာလအတွင်း ထုတ်ပယ်ခံလိုက်ရတဲ့ လေးယောက်မြောက် ထိုင်းဝန်ကြီးချုပ်ဖြစ်လာပါတယ်။ လက်ရှိမှာတော့ ဝန်ကြီးချုပ်သစ်ရွေးချယ်ဖို့ ပါလီမန်အစည်းအဝေး ခေါ်ရတော့မှာဖြစ်ပါတယ်။

ဒါဟာ မကြာသေးမီနှစ်များအတွင်း အာဏာသိမ်းမှုနဲ့ ကြုံတွေ့ခဲ့ရပြီး နိုင်ငံရေးမတည်မငြိမ်မှုတွေနဲ့ ဖြတ်သန်းခဲ့ရတဲ့ ထိုင်းနိုင်ငံအတွက် နောက်ထပ် နိုင်ငံမရေရာမှုတွေ ဖြစ်ပေါ်စေနိုင်တယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အများဆုံးအနိုင်ရရှိခဲ့ပြီး ဘုရင်စနစ်ကို ဝေဖန်မှုများကြောင့် အစိုးရဖွဲ့ခွင့် ပိတ်ပင်ခံခဲ့ရတဲ႔ Forward Party ပါတီကိုလည်း ဖျက်သိမ်းဖို့ တရားရုံးက ပြီးခဲ့တဲ့ သီတင်းပတ်မှာ အမိန့်ထုတ်ခဲ့ပါတယ်။

Ref:Reuters
Photo:Reuters

#Voiceofmyanmar #VOM #ထိုင်း #ဝန်ကြီးချုပ်ဆရက်သာ #ရာထူးဖယ်ရှားခံရ

Related posts

Leave a Comment

VOM News

FREE
VIEW