လားရှိုး နဲ့ မြစ်ကြီးနားမှာ ပတ်စ်ပို့ရက်ချိန်းယူထားသူတွေ တောင်ကြီး၊ ရန်ကုန်၊ မန္တလေးမှာ ပြုလုပ်နိုင်

 

ဩဂုတ် ၁၄၊ ၂၀၂၄
Shy V (VOM)

လားရှိုး နဲ့ မြစ်ကြီးနားမှာ မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ဖို့ ဇူလိုင်လ နောက်ပိုင်း ရက်ချိန်းရထားသူတွေ တောင်ကြီး၊ ရန်ကုန်၊ မန္တလေး တွေမှာ ဩဂုတ်လ ၁၃ ရက်နေ့ကစ ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက သိရပါတယ်။

လားရှိုး မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ရုံးခွဲမှာ ဇူလိုင်လ ၅ ရက်နေ့ နောက်ပိုင်း ရက်ချိန်း ရယူထားပြီး နိုင်ငံကူးလက်မှတ် လျှောက်ထားမယ့် သူတွေ အနေနဲ့ ဩဂုတ်လ ၁၃ ရက်နေ့ကစ ရန်ကုန်ရုံးနဲ့ တောင်ကြီးရုံး တွေမှာ ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း ပန်ကြားချက်မှာ ဖော်ပြထားပါတယ်။

“လားရှိုးက ဌာနဆိုင်ရာ ရုံးတွေကတော့ အကုန်လုံး တောင်ကြီးဘက် ရွှေ့ထားတယ်လို့ ကြားတယ်။ ပညာရေး ဌာနကတော့ အရင်ရက်တွေ ကတည်းက ကလေးတွေကို ကျောင်းတက်ဖို့ ထောက်ခံချက် တွေ ပေးနေတာ တွေ့ရတယ်။ တခြားဌာနတွေ လည်း လိုအပ်တာတွေ လုပ်ပေးမှာပါ။ လောလော ဆယ်တော့ ရှမ်း/မြောက် ဘက်က ဒေသခံတွေ အနေနဲ့ မှတ်ပုံတင် လဲလှယ်တာတွေ၊ သက်တမ်းတိုးတာတွေတော့ မရသေးဘူး” လို့ ဌာနဆိုင်ရာနဲ့ နီးစပ်သူ အမျိုးသမီး တယောက်က ပြောပါတယ်။

တချို့ ဒေသခံတွေရဲ့ အိမ်ထောင်စုတွေက ပန်းခင်းစီမံကိန်း ဆိုပြီး လာရောက် ကောက်ယူသွားပြီး ရုံးမှာ ပျောက်သွားကာ မှတ်ပုံတင်လဲလှယ် ထားဆဲ သူတွေလဲ ပြန်ထုတ်ယူမရ တာကြောင့် အခက်အခဲ ဖြစ်နေကြတယ်လို့ လားရှိုး ဒေသခံ တယောက်ကလည်း ပြောပါတယ်။

လားရှိုးမြို့က စစ်ဘေးရှောင်ပြည်သူ တွေအနေနဲ့ ယာဉ်လိုင်စင် နဲ့ ယာဉ်မောင်းလိုင်စင် တွေ သက်တမ်းတိုး ဖို့လိုတယ်ဆိုရင် တောင်ကြီး၊ အောင်ပန်း၊ မန္တလေး စတဲ့မြို့တွေမှာ လုပ်လို့ရတယ်လို့ သိရတယ် ဆိုပါတယ်။

ဒါအပြင် မြစ်ကြီးနား မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ရုံးခွဲမှာ ဇူလိုင်လ ၂၂ ရက်နေ့ နောက်ပိုင်း ရက်ချိန်း ရယူထားပြီး နိုင်ငံကူးလက်မှတ် လျှောက်ထားမယ့် သူတွေ ဩဂုတ်လ ၁၃ ရက်နေ့ကစ မန္တလေးရုံးမှာ ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ပြည်သူတွေဆီ အသိပေးပန်ကြားထားပါတယ်။

လက်ရှိ မြစ်ကြီးနား နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး အတွက် ၂၀၂၄ စက်တင်ဘာလ ၂၄ ရက်နေ့နောက်ပိုင်း နဲ့ လားရှိုး နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး အတွက် ၂၀၂၅ ဇန်နဝါရီလ ၁၇ ရက်နေ့ နောက်ပိုင်း ရက်ချိန်း ရယူနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

Photo: Shy V

#Voiceofmyanmar #VOM #လားရှိုး #မြစ်ကြီးနား #ပတ်စ်ပို့ရက်ချိန်း

Related posts

Leave a Comment

VOM News

FREE
VIEW