တိုက်ပွဲတွေကြောင့် ဒီပဲယင်းမြို့နဲ့ ဝန်းကျင်ကျေးရွာတွေက ဒေသခံနှစ်သောင်းကျော် စစ်ရှောင်နေရ

 

ဩဂုတ် ၁၈ – ၂၀၂၄
SS (VOM)

တိုက်ပွဲတွေကြောင့် စစ်ကိုင်းတိုင်း၊ ရေဦးခရိုင်၊ ဒီပဲယင်းမြို့နဲ့ အနီးတဝိုက် ကျေးရွာတွေက ပြည်သူ နှစ်သောင်းကျော် အရေးပေါ် စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။

သြဂုတ်လ ၁၅ ရက်နေ့မှ စတင်ကာ တိုက်ပွဲတွေ ပြင်းထန်လာတဲ့အတွက် ရေဦးမြို့နယ် (အနောက်ခြမ်း) က ကျေးရွာ ၁၅ ရွာကျော်နဲ့ ဒီပဲယင်းမြို့နဲ့ အနီး၀န်းကျင် ကျေးရွာတွေက ပြည်သူ နှစ်သောင်းကျော် စစ်ဘေး တိမ်းရှောင်နေကြရတာ ဖြစ်တယ်လို့ သိရပါတယ်။

“တိုက်ပွဲက ဩဂုတ် ၁၅ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ သုံးရက်အတွင်း ပြင်းပြင်းထန်ထန် ဖြစ်ခဲ့တာ။ အဲဒါကြောင့် ဒေသခံတွေ တော်တော်များများ အရေးပေါ် စစ်ရှောင်ကြရတယ်။ မနေ့ (ဩဂုတ် ၁၇ ရက်) ညနေပိုင်းမှာတော့ လက်နက်ကိုင်တပ်တွေက ဒီပဲယင်းကို ထိန်းနိုင်သွားပြီးလို့ ပြောတယ်။ ဒီမနက်တော့ နယ်မြေရှင်းလင်းရေးတွေ လုပ်နေတယ်။ လေကြောင်းရန် ရှိနေသေးလို့ ဒေသခံတွေကိုတော့ ၀င်ရောက်ခွင့်မပြုသေးဘူး” လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။

ဒီပဲယင်းမြို့ဟာ နစကရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ တည်ရှိရာ မုံရွာမြို့နဲ့ မိုင် ၃၀ ကျော်အကွာ မုံရွာ – ရေဦး ကားလမ်းနံဘေးမှာ တည်ရှိတာဖြစ်ပြီး နမခနဲ့ ဒီပဲယင်းမြို့အကြားမှာ ဘုတလင်မြို့ တမြို့သာခြားတယ်လို့ သိရပါတယ်။

ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေဟာ ဒီပဲယင်းမြို့ထက်ဝက်ကို အခု ၂၀၂၄ ခုနှစ်၊ နှစ်ဆန်းပိုင်းကတည်းက ထိန်းချုပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

ဒါအပြင် တချိန်တည်းမှာပဲ စစ်ကိုင်းတိုင်းအတွင်းက အင်းတော်နဲ့ ပင်လည်ဘူးမြို့တို့မှာလည်း လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ နစကတပ်တွေကြား တိုက်ပွဲ ပြင်းလျက်ရှိတယ်လို့ သိရပါတယ်။

Photo:CJ

#voiceofmyanmar #VOM #ဒီပဲယင်းမြို့ #အနီးတဝိုက်ကျေးရွာ #ပြည်သူနှစ်သောင်းကျော် #စစ်ဘေးရှောင်နေရ

Related posts

Leave a Comment

VOM News

FREE
VIEW