လားရှိုး နေရာတချို့မှာ Star Link Wifi အခမဲ့ အသုံးပြုနိုင်ပြီး မိုင်တဲလ် ဖုန်းလိုင်းတွေလည်း တချို့နေရာပြန်ရ

 

ဩဂုတ်လ ၁၈၊ ၂၀၂၄
Shy V (VOM)

လားရှိုးမှာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပြီးနောက် ဩဂုတ်လ လဆန်းပိုင်းကစ တချို့နေရာတွေ Star Link Wifi အခမဲ့ အသုံးပြုနိုင်ပြီး ယမန်နေ့ ဩဂုတ်လ ၁၇ ရက်နေ့ ညနေပိုင်းကစ မိုင်တဲလ် ဖုန်းလိုင်းတွေလည်း တချို့နေရာပြန်ရနေပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“ဖုန်းလိုင်း မရပေမယ့် “ဝ” ဆက်ဆံရုံးမှာ Star Link Wifi အခမဲ့ သွားသုံး လို့ ရတယ်။ မနက်ပိုင်း ကနေ ညနေ ပိုင်း အထိ ရတယ်။ တန်းစီရတယ်။ လူအရမ်းများရင် လိုင်းသုံး ပြီး ထွက်လာတဲ့ လူရှိမှ ဝင်ရတာ” လို့ ဒေသခံ လူငယ် တယောက် က ပြောပါတယ်။

မန်ဆူနဲ့ အောင် ဆေးရုံ ဘက်မှာလည်း Wifi အခမဲ့ သွားသုံး လို့ ရတယ်လို့ သူက ပြောပါတယ်။

ဖုန်လိုင်း၊ အင်တာနက်လိုင်းတွေ အားလုံး ပြတ်တောက်သွားပြီးေနာက် ဩဂုတ်လ ၄ ရက်နေ့ကစ လားရှိုး ဒေသခံ ပြည်သူတွေ မည်သူမဆို လားရှိုး “ဝ” ဆက်ဆံရေးရုံးမှာ ဂြိုလ်တု WIFI အခမဲ့ လာရောက် အသုံးပြုခွင့် ပေးခဲ့တာ ဖြစ်ပါတယ်။

“အရင်တပတ် ကတည်းက ကိုးကန့်တွေ ကားနဲ့ ကောလိပ် နားမှာ Star Link ဝိုင်ဖိုင် သုံးလို့ရအောင် လာထားပေးတယ်။ ညနေ ၄ နာရီ လောက်ထိ ရတယ်” လို့ ဒေသခံ အမျိုး သမီး တေယာက်က ပြောပါတယ်။

လားရှိုးမြို့ ပြန်လည် ထူထောင်ရေး အဖွဲ့ကတော့ ဩဂုတ်လ ၁၁ ရက်နေ့ကစ အများပြည်သူလူထုနဲ့ ဆိုင်တဲ့ နေရာတွေ ဖြစ်တဲ့ “အောင်” ပုဂ္ဂလိကဆေးရုံ၊ မန်ဆူရှမ်းကျောင်း၊ ရပ်ကွက် ၅ အောင်မင်္ဂလာဈေးအနီး တွေမှာ မနက် ၁၀ နာရီ ကနေ နေ့လယ် ၁၂ နာရီခွဲ အထိ တချိန်၊ မွန်းလွဲ ၂ နာရီ ကနေ ညနေ ၄ နာရီ အထိ တချိန် မည်သူမဆို အခမဲ့ အသုံးပြုနိုင်ဖို့ Star Link Wifi တပ်ဆင် ပေးထားကြောင်း လူမှုကွန်ယက်ကနေ ဒေသခံတွေကို အသိပေးထားပါတယ်။

“လားရှိး ရပ်ကွက် ၁၂ ဘက်နဲ့ မန်ဆူဘက်မှာ မိုင်တဲ ဖုန်း လိုင်း ရပြီ။ မနေ့ ညနေ ပိုင်းမှ ရတာ။ လိုင်းတော့ သိပ်မကောင်း သေးဘူး။ ဒါပေမယ့် ဆက်သွယ်လို့ ရပြီ။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။

မန်ဆူဘက်ကစပြီး မိုင်တဲလ် ဖုန်းလိုင်းတွေ ပြန်လည် ပြုပြင်နေပြီလို့ သိရတယ်လို့ သူက ပြောပါတယ်။

ဒီ ရက်ပိုင်းအတွင်း လားရှိုး ရပ်ကွပ် တချို့တွေမှာ မိုက်တဲလ်ဖုန်းလိုင်းတွေ ပြန်ရတော့မှာ ဖြစ်ကြောင်း လားရှိုး ပြန်လည်ထူထောင်ရေး ဆိုင်ရာတာဝန်ရှိသူတွေ နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

လားရှိုးမြို့ကို ပြီးခဲ့တဲ့ ဩဂုတ်လ ၃ ရက်နေ့ကစ ကိုးကန့် MNDAA တပ်ဖွဲ့တွေက ထိန်းချုပ်ထားပြီး မြောက်ပိုင်း မဟာမိတ်ညီနောင်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ ၂၀ နီးပါးထဲက လားရှိုးမြို့ဟာ မည်သူမဆို Wifi အခမဲ့ အသုံးပြုလို့ ရတဲ့ ပထမဆုံး မြို့ ဖြစ်ပါတယ်။

Photo Crd# Shy V, Lashio Reconstruction

#voiceofmyanmar #VOM #လားရှိုး #StarLinkWifi #အခမဲ့ #မိုင်တလ်ဖုန်းလိုင်း #အသုံးပြုနိုင်

Related posts

Leave a Comment

VOM News

FREE
VIEW