မျောက်ကျောက်ရောဂါကြောင့် ပြည်ပက ပြန်ဝင်လာသူအားလုံး ခရီးသွားရာဇဝင် ဖြည့်ရမယ်

 

 

သြဂုတ်၂၂ ၊ ၂၀၂၄

Ms(VOM)

 

ကမ္ဘာ့ ကျန်းမာရေးအဖွဲ့  (WHO) က နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး  အရေးပေါ် အခြေအနေ အဖြစ်  ကြေညာထားတဲ့ မျောက်ကျောက်ရောဂါ Mpox နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လာမယ့် ပြည်ပကပြန်လာသူအားလုံးကို ခရီးသွားရာဇဝင် ဖြည့်ရတော့မှာဖြစ်ပြီး   ကျန်းမာရေးဆိုင်ရာ  အချက်အလက် ဖြည့်သွင်းမှု (HDCs) ဖောင်ပုံစံ သစ်ကို ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်ကလည်း ယနေ့မှာထုတ်ပြန်လိုက်ပါတယ်။

 

မျောက်ကျောက်ရောဂါ နဲ့ပတ်သက်တဲ့ ကျန်းမာရေးဆိုင်ရာအချက်အလက်တွေ ဖြည့်စွက် ဖောင် ကို မြန်မာနိုင်ငံထဲဝင်ရောက်လာမယ့် သူတွေအတွက် လေကြောင်း ၊ ရေကြောင်းနဲ့ နယ်စပ် ဂိတ် စတဲ့ ပြည်တွင်းပြည်ပ အဝင်အထွက်နေရာတွေမှာ ဖြန့်ဝေပေးထားမှာ ဖြစ်ပြီး  သက်ဆိုင်ရာ ဝင်ပေါက် လူဝင်မှုကြီးကြပ်ရေးကောင်တာများ ကိုမဖြတ်သန်းခင်လေဆိပ်က  ကျန်းမာရေး ဝန်ထမ်းတွေ ထံ အချက်အလက်ဖြည့်စွက်ပြီး ကျန်းမာရေးကောင်တာများ မှာ ပေးအပ်ခဲ့ရမယ်လို့ဆိုပါတယ်။

 

မျောက်ကျောက်ရောဂါဆိုင်ရာ ကျန်းမာရေး အချက်အလက်ဖြည့်ရမယ့် (HDCs) ဖောင်ပုံစံ အထဲတွင်  သွားရောက်ခဲ့ရာနိုင်ငံ ၊  ဆိုက်ရောက်ချိန် ၊ လေယာဉ်ခရီးစဉ် အမှတ်စတဲ့အချက်အလက်တွေနဲ့ မျောက်ကျောက်ရောဂါ အတည်ပြုလူနာရှိတဲ့နိုင်ငံတွေကို သွားရောက်တာရှိမရှိ ၊ အတည်ပြုလူနာတွေနဲ့ ၂၁ရက်အတွင်းထိတွေ့တာရှိမရှိ နဲ့ ဖျားနာခြင်း ၊ မျောက်ကျောက်ရောဂါ လက္ခဏာတွေ တွေ့ရှိမှု ၊ သံသယဖြစ်ဖွယ်ရှိမရှိ စတဲ့ အချက်အလက်တွေကို မှန်ကန်စွာဖြည့်စွက် ရမယ်လို့ပါ ရှိပြီး မမှန်မကန်ဖြည့်သွင်းထားတာ ရှိပါက အရေးယူခံရမယ်လို့လည်းဖော်ပြ ပါရှိပါတယ်။

 

”  မျောက်ကျောက်ရောဂါ အချက်အလက်က အခုမှ ထုတ်လိုက်တာ သက်ဆိုင်ရာ ပြည်ပဝင်ပေါက်၊ နယ်စပ် နဲ့ ဆိပ်ကမ်းတွေကို ဖြန့်ဝေပေးသွားမှာပါ စာရွက်ရပြီဆိုတာနဲ့ မြန်မာနိုင်ငံကို ပြန်ဝင်လာမယ့်သူတွေအားလုံး အချက်အလက်ဖြည့်စွက် ရမယ်။ ဒါက ရောဂါကာကွယ်ရေးလုပ်ငန်းစဉ် အတွက်ပါပဲ”လို့ ကျန်းမာရေးဌာန က ဝန်ထမ်းတယောက်ကပြောပါတယ်။

 

မျောက်ကျောက်ရောဂါက ပြီးခဲ့တဲ့ သြဂုတ်လ၂၁ရက်နေ့ မှာ ထိုင်းနိုင်ငံအတွင်း ရောဂါကူးစက်ထာကြောင်း သံသယလူနာတွေ့ရှိထားတယ်လို့ ထိုင်းသတင်းတွေကဖော်ပြနေသလို အရှေ့တောင်အာရှ နိုင်ငံတွေထဲက ဖိလစ်ပိုင်နိုင်ငံမှာလည်း အတည်ပြုလူနာတွေ့ပြီး ဖြစ်လို့ မြန်မာနိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေကနေ ရောဂါပိုးကူးစက်တာတွေ မဖြစ်စေဖို့ ပြည်တွင်းက လေဆိပ် ၊ နယ်စပ် ဝင်ဂိတ်/ ထွက်ဂိတ်တွေ မှာ  မျောက်ကျောက်ရော ဂါပိုးစစ်ဆေးတာကို အရှိန်အဟုန်မြှင့်ပြီး ပြုလုပ်မယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက  အသိပေးထားပါတယ်။

 

၂၀၂၄ခုနှစ် အတွင်း မှာ မျောက်ကျောက်ရောဂါက အာဖရိကနိုင်ငံတွေမှာ ရောဂါကူးစက်မှုအရှိန်မြင့်လာသလို ၊ ရောဂါမျိုးကွဲအသစ်တစ်ခုအနေနဲ့ပါ ထပ်မံတွေ့လာကာ အဲ့ဒိ့ ရောဂါမျိုးကွဲအသစ်က နယ်စပ်ဖြတ်ကျော်နဲ့ နိုင်ငံတကာကူးစက်ပျံ့နှံ့တာတွေပါရှိနေလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က Mpox( မျောက်ကျောက်)ရောဂါ ကို နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် သြဂုတ်၁၄ မှာ ကြေညာခဲ့ပါတယ်။

 

 

Mpox( မျောက်ကျောက်)ရောဂါ ရဲ့ လက္ခဏာတွေ က ဖျားပြီး မျက်နှာ ၊ လက် ၊ ခြေထောက် ၊ ပါးစပ် နဲ့ လိင်အင်္ဂါတွေမှာ အနီကွက်တွေနဲ့အတူ အရည်ကြည်ဖုတွေပေါက်တာ ၊ ပြန်ရည်အိတ်တွေရောင်ရမ်းတာ ၊ ခေါင်းကိုက်တာ ၊ ကြွက်သားနာကျင်ကိုက်ခဲတာ ၊ မောပန်းနွမ်းနယ်တာစတဲ့ လက္ခဏာတွေရှိတာ ဖြစ်ပြီး လိင်ကနေ တစ်ဆင့်ကူးစက်တာ၊ အရေပြားထိတွေ့တာ၊ မျက်နှာချင်းဆိုင်အနီးကပ်တွေ့ဆုံတာ ၊ ရောဂါပိုးကပ်ငြိတဲ့ အရာဝတ္ထုတွေကို ကိုင်တွယ်ထိတွေ့တာ ၊ ရောဂါပိုးကူးစက်ခံံရတဲ့ တိရစ္ဆာန်နဲ့ တိုက်ရိုက်ထိတွေ့ ခံရတာတွေကနေ အဓိက ကူးစက်နိုင်တယ်လို့ ဆိုထားပါတယ်။

 

ဒါကြောင့် ပြည်သူတွေ အနေနဲ့  မျောက်ကျောက်ရောဂါပိုး တွေ့ကြောင်းအတည်ပြုထားတဲ့ နိုင်ငံနဲ့ဒေသတွေကနေ လွန်ခဲ့တဲ့ရက်၂၁ရက် အတွင်းပြန်လာသူတွေ ၊ အဆိုပါပြန်လာသူတွေနဲ့ ထိတွေ့မိတာရှိပြီး ဖျားနာသံသယရှိပါက နီးစပ်တဲ့ ကျန်းမာရေးဌာနကို အမြန်ဆုံးသတင်းပို့ပြီး ကုသမှုခံယူဖို့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

 

Photo –  myanmar cdc, ygn airport

 

#Voiceofmyanmar #VOM #မျောက်ကျောက် # ကျန်းမာရေးဖောင်  #လူဝင်မှုကြီးကြပ်ရေး #ပြည်ပနိုင်ငံကပြန်လာသူ #ဖျားနာသံသယ #သတင်းပို့ကုသ

Related posts

Leave a Comment

VOM News

FREE
VIEW