သတင်းထောက်ဟောင်း တယောက်က ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေဆီက သိန်းထောင်ချီ လိမ်လည်မှု ဖြစ်ပွားပြန်



စက်တင်ဘာ ၁ – ၂၀၂၄
SN (VOM)

သတင်းထောက်ဟောင်း တယောက်က လက်နက်ခဲယမ်းတွေ ဝယ်ယူပေးမယ်လို့ ဆိုကာ ဒေသတွင်း လက်နက်ကိုင်တပ်တွေဆီက ငွေသိန်းပေါင်း ထောင်နဲ့ချီ လိမ်လည်ခဲ့တယ်လို့ ဒေသတွင်း သတင်းဖော်ပြချက်အရ သိရပါတယ်။

အဲဒီ သတင်းထောက်ဟောင်းရဲ့ နာမည်ကတော့ ဘုန်းနိုင်ဖြိုး ဖြစ်တယ်လို့ သိရပြီး မုံရွာဇာတိဖြစ်ကာ အရင်က စကိုင်းနက် ရုပ်/သံ နယ်သတင်းထောက်နဲ့ မဇ္ဈိမ သတင်းဌာနတို့မှာ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ဖူးသူလည်း ဖြစ်တယ်လို့ သိရပါတယ်။

“ဘုန်းနိုင်ဖြိုးဟာ အဖွဲ့တွေ လိုအပ်နေတဲ့ လက်နက်ခဲယမ်းတွေ ဝယ်ယူဖို့ အချိတ်အဆက်ရှိတယ်၊ မှာပေးမယ်လို့ ဆိုကာ စရံတွေ တောင်းယူပြီး လိမ်လည်တယ်။ မှာယူထားတဲ့ လက်နက်အနည်းငယ်ရောက်ရင် ငွေပိုပေးနိုင်တဲ့သူတွေကို လက်ငင်းရောင်းချ အယုံသွင်းပြီး ထပ်မှာလိုရင်တော့ ငွေကြိုပေးဖို့ ပြောတယ်။ ကနဦး စရံကြိုပေးထားသူကိုတော့ လမ်းမှာ ကြာနေတယ်၊ လက်နက်တွေ အဖမ်းခံရတယ် စသဖြင့် အကြောင်းအမျိုးမျိုးပြပြီး လိမ်လည်နေတာ ဖြစ်တယ်” လို့ ဒေသတွင်းသတင်းမှာ ဖော်ပြထားပါတယ်။

ဘုန်းနိုင်ဖြိုးဟာ ကလေးပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း (၅) မှာ သတင်းနဲ့ ပြန်ကြားရေးလုပ်ခဲ့ပြီး ပြဿနာ အရှုပ်အရှင်းတွေကြောင့် ထုတ်ပယ်ခံခဲ့ရတယ်လို့လည်း သိရပါတယ်။

စစ်ကိုင်းတိုင်း မုံရွာ၊ မော်လိုက်၊ မင်းကင်း၊ ဘုတလင်၊ တမူးနဲ့ ကလေးမြို့ရှိ လက်နက်ကိုင်တပ်ဖွဲ့တွေဆီမှာ ၂၀၂၂ ခုနှစ်အတွင်း ငွေသိန်းထောင်ချီ လိမ်လည်သွားခဲ့တယ်လို့လည်း သိရပါတယ်။

ဘုန်းနိုင်ဖြိုးကို ၂၀၂၃ ခုနှစ်၊ နှစ်ဆန်းပိုင်းက မုံရွာပြည်သူကာကွယ်ရေးအဖွဲ့ တပ်ရင်းတခုက ဖမ်းဆီးမိခဲ့ပေမယ့်လည်း မုံရွာသားအချင်းချင်း ပြေလည်အောင် ညှိနှိုင်း ဆောင်ရွက်ပေးမယ် ဆိုတဲ့ သူ့ရဲ့ပြောစကားကို တပ်ရင်းမှ ရဲဘော်တွေက ယုံကြည်ကာ တရားခံတယောက်လိုမျိုး မလုပ်ဆောင်ခြင်းကို အခွင့်ကောင်းယူပြီး ပြန်လည် ထွက်ပြေး လွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။

ထွက်ပြေး တိမ်းရှောင်နေစဉ်အတွင်းမှာလည်း တခြားသော လက်နက်ကိုင် တပ်ဖွဲ့တွေဆီက အလားတူပုံစံမျိုးနဲ့ လိမ်လည်မှုတွေ ဆက်တိုက် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဘုန်းနိုင်ဖြိုးလိုပဲ အခု ၂၀၂၄ ခုနှစ်၊ မေလအတွင်းကလည်း သတင်းထောက်ဟောင်း သီဟဇော် (ခ) သီဟက ဒဂုံမြို့သစ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myothit Dragon People Defense Force -MDPDF) ဆီက ငွေကျပ် သိန်း ၂၀၀ ကျော် လိမ်လည်ခဲ့တယ်လို့ MDPDF က အထောက်အထားတွေနဲ့တကွ သတင်း ထုတ်ပြန်ခဲ့ဖူးပါတယ်။
ဒီဖြစ်စဥ်တွေနဲ့ ပတ်သက်လို့ ဝါရင့် သတင်းသမားတယောက်က “ဂျာနယ်လစ်ဆိုရင် ဂျာနယ်လစ်အတိုင်း၊ ကိုယ့်ရဲ့ Professional အတိုင်းပဲ ရပ်တည်တာ ကောင်းတာပေါ့။ အဲဒါတချက်ပေါ့။ နောက်တခုက ဝန်ကြီးဌာနတွေနဲ့သွားပြီး ကူးလူးဆက်ဆံပြီး အလုပ် လုပ်မိတဲ့အခါဆိုရင် ကိုယ့်ရဲ့ဒီဘက်က Professional အလုပ်ကို ထိခိုက်နိုင်တာပေါ့။ နောက်တချက်က အဲဒီဘက်တွေကို သွားကြတဲ့ ဂျာနယ်လစ်တွေပေါ့။ သူတို့လုံခြုံရေးအတွက် သွားကြတဲ့သူတွေကိုတော့ ဘာမှ ပြောစရာမရှိပါဘူး။ ဒါပေမယ့်လည်း တချို့က ဘယ်လိုဖြစ်လဲဆိုတော့ သူတို့မှာ နာမည်စာရင်းလည်း ပေါက်သေးတာမဟုတ်သေးဘဲ သွားကြတာမျိုးပေါ့။ သူတို့ဘာသာသူတို့ သွားကြပြီးမှ အခုကျမှ ဒီဘက် ပြန်လာချင်တယ်၊ ဘာညာဆိုပြီး တွေ့ရတာကျတော့ ဂျာနယ်လစ်တွေအတွက် သိက္ခာပိုင်းဆိုင်ရာ ထိခိုက်တယ်လို့ မြင်ပါတယ်” လို့ မှတ်ချက်ပြုထားပါတယ်။

နိုင်ငံရေးအပြောင်းအလဲကာလအတွင်း တဖက်နိုင်ငံထဲ ရောက်သွားကြတဲ့ သတင်းမီဒီယာသမားတွေထဲမှာ ခံယူချက် အမျိုးမျိုး ရှိနိုင်ပေမယ့် သတင်းသမားတယောက်အနေနဲ့ ကိုယ့်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပြီး သတင်းသမားစစ်စစ်တယောက်အဖြစ် ရပ်တည်ဖို့လည်း လိုအပ်တယ်လို့ သူက ပြောပါတယ်။

လတ်တလောကာလမှာ သတင်းရယူမှုအပိုင်း ကန့်သတ်ခံရမှုတွေ ရှိလာချိန်မှာ ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ သတင်းမီဒီယာပုံရိပ် ကျဆင်းကာ သတင်းလောကအပေါ် ယုံကြည်မှု လျော့နည်းသွားနိုင်ပြီး အဟန့်အတားတွေ ပိုမို ဖြစ်ပေါ်လာစေနိုင်တယ်လို့ သူက သုံးသပ်ပါတယ်။

Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW