စူပါတိုင်ဖွန်း မုန်တိုင်းကြောင့် တရုတ်တောင်ပိုင်းမှာ စာသင်ကျောင်းနဲ့ အလုပ်တွေပိတ်ထားပြီး လေကြောင်းခရီးစဉ်တွေ ဖျက်သိမ်း

ပေကျင်း၊ စက်တင်ဘာ-၅-၂၀၂၄
မျိုးဆက်(VOM)
အပူပိုင်းမုန်းတိုင်း ယာဂီဟာ စူပါတိုင်ဖွန်းမုန်တိုင်းအဖြစ် အားကောင်းလာပြီး ဟိုင်နန်ပြည်နယ်ကို ဝင်ရောက်တိုက်ခတ်နေတာကြောင့် တရုတ်တောင်ပိုင်းက မြို့ကြီးတွေမှာ အလုပ်တွေ၊ စာသင်ကျောင်းတွေ ပိတ်ထားရပြီး လေကြောင်းခရီးစဉ်အချို့ကိုလည်း ဖျက်သိမ်းလိုက်ရပါတယ်။
ဟိုင်နန်မှာ စူပါတိုင်ဖွန်းမုန်တိုင်းတွေတို်ကခတ်မှုနည်းပါးပြီး ၁၉၄၉ ခုနှစ်ကတည်းက တိုင်ဖွန်းမုန်တိုင်း ၁၀၆ ကြိမ် ဝင်ရောက်တို်ကခတ်ခဲ့ရာ ကိုးကြိမ်သာ စူပါတိုင်ဖွန်းမုန်တိုင်းအဖြစ် သတ်မှတ်ခဲ့ပါတယ်။
တိုင်ဖွန်းမုန်တိုင်းဟာ တောင်တရုတ်ပင်လယ်ကိုဖြတ်၍ အနောက်ဘက်ကို ရွေ့လျားကာ ဟိုင်နန်ပြည်နယ်ကို တနာရီလေတိုက်နှုန်း ၂၀၉ ကီလိုမီတာနှုန်းနဲ့ ဆက်လက်ရွေ့လျားနေတယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။
ဟိုင်နန်အာဏာပိုင်တွေဟာ ဒီနေ့မနက် ၁၁ နာရီ မိနစ် ၃၀ ကစပြီး မုန်တိုင်းယာဂီနဲ့ပတ်သက်တဲ့ အရေးပေါ်တုံ့ပြန်မှုအဆင့်ကို အဆင့်ဆုံး တိုးမြှင့်လိုက်ပါတယ်။ တိုင်ဖွန်းမုန်တိုင်းဟာ မနက်ဖြန်မွန်းလွဲပိုင်းမှာတော့ ဟိုင်နန်အပြင် အိမ်နီးချင်း ဂွမ်ဒေါင်းပြည်နယ် ကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်မယ်လို့ ခန့်မှန်းထားပါတယ်။
ဟိုင်နန်ပြည်နယ်မြို့တော် ဟိုင်ကူမှာတော့ အလုပ် ၊ ကျောင်း၊ ဒေသဆိုင်ရာ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကို ဒီနေ့မွန်းတည့်ကစပြီး ရပ်ဆိုင်းခဲ့ပါတယ်။ မုန်တိုင်းဖြတ်ကျော်ဖွယ်ရှိတဲ့ ဟောင်ကောင်မှာတော့ တတိယအဆင့် မုန်တိုင်းသတိပေးချက်ကို ဒီနေ့ညနေ ၆ နာရီမှာ ထုတ်ပြန်သွားမှာဖြစ်ပါတယ်။
ဟောင်ကောင်ရှိ စာသင်ကျောင်းနဲ့ စီးပွားရေးလုပ်ငန်းတွေကို ဒီနေ့မှာပိတ်သိမ်းထားပြီး ဘက်ဂျက်လေကြောင်းလိုင်း ဟောင်ကောင်အိတ်စ်ပတ်ကလည်း ခရီးစဉ်ခြောက်ခုနဲ့ ဂရိတ်ဒါးဘေးလေကြောင်းလိုင်းကလည်း ခရီးစဉ်အချို့ ရွှေ့ဆိုင်းထားပါတယ်။
Ref:Reuters
Photo:Reuters/Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW