နောင်ချို တောင်ခမ်းနဲ့ မိုးမောက် – ဗန်းမော် ကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေ

စက်တင်ဘာ ၄၊ ၂၀၂၄
Shy V (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်ရှည် တောင်ခမ်းဘက် နဲ့ ကချင်ပြည်နယ်၊ မိုးမောက် – ဗန်းမော် ကြား တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“လက်ရှိထိ နောင်ချို တောင်ရှည် တောင်ခမ်းဘက် တိုက်နေတုန်းပဲ။ စခန်းတွေက စစ်တပ်က ပြန်ရသွားတာတွေရှိတယ်။ တိုက်ပွဲကပြင်းထန်နေဆဲပဲ။ အဲဒီဘက်က အမြောက်တပ် ၂၀၆၊ ၃၅၄၊ ၄ဝ၆ ၊ ၉၀၂ တပ်တွေနဲ့ တပြိုင်ထဲ တိုက်ပွဲပြင်းထန်နေတာ” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
နစက တပ်ဖွဲ့ ဆီက TNLA တပ်ဖွဲ့ သိမ်းဆည်းရရှိထားတဲ့ သံချပ်ကာ ကားတွေကို စစ်မြေပြင်မှာ သုံးဖို့ စက်တင်ဘာ ၄ ရက်နေ့က အရှေ့တန်းကို ပို့နေတာလို့ သိရတယ်လို့ သူက ပြောပါတယ်။
“တောင်ခမ်းဘက် စစ်တပ်စခန်း နှစ်ခုက အဲဒီ လာတိုက်တဲ့နေ့မှာပဲ တောက အဖွဲ့တွေ (TNLA ပူးပေါင်းအဖွဲ့) ရသွားတာ။ ဘယ်စခန်းဆိုတာတော့ မသိဘူး။ အဲဒီစခန်း နှစ်ခုကို နစကတပ်တွေ ပြန်ရသွားတယ်ကြားတယ် ။ လက်နက်ကြီးတွေ တအားပစ်တာ။ အခု ပစ်နေတာက တခြား စခန်းတွေ ရှိသေးတယ်လေ။ စစ်တပ်က အင်အား ပေါင်းလိုက်တာ ထင်တယ်” လို့ စစ်ရှောင် မိန်းကလေး တယောက်ကပြောပါတယ်။
TNLA ဘက်ကတော့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) ကျောက်မဲမြို့ နဲ့ နောင်ချိုမြို့နယ်ရှိ တောင်ခမ်းတပ်စခန်း တိုက်ပွဲမှတ်တမ်းများ ဆိုပြီး သံချပ်ကာ ကားတွေ အသုံးပြုဖို့ ရှေ့တန်း ပို့ဆောင် နေပုံ အပါအဝင် မှတ်တမ်း ဗွီဒီယိုနဲ့ တကွ သတင်း ထုတ်ပြန်ထားပြီး နစကဘက်ကတော့ တစုံတရာ ထုတ်ပြန်တာမျိုးမရှိသေးပါဘူး ။
ဒေအပြင် ကချင်ပြည်နယ်၊ မိုးမောက် – ဗန်းမော် ကြားမှာလည်း နစက တပ်ဖွဲ့ နဲ့ KIA ပူးပေါင်း တပ်ဖွဲ့တို့အကြား နေ့စဉ်ရက်ဆက် တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဗန်းမော် နဲ့ မိုးမောက်ကြားမှာ တိုက်ပွဲ ပြင်းထန်နေတာ။ ၅ မိုင်၊ ၆ မိုင်၊ ၇ မိုင် တွေဘက်လေ။ လေယာဉ်ကို မျိုးစုံ နဲ့ ဗုံးလာကြဲတယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ တိုက်ပွဲမှာ နှစ်ဖက် စလုံး ထိခိုက်မှု တော်တော်များတယ်လို့ သိရတယ်လို့ သူက ပြောပါတယ်။
တိုက်ပွဲ ဖြစ်ပွားရာ ဒေသက အရပ်သားပြည်သူတွေက ဘေးလွတ်ရာ တိုက်ပွဲ ရှောင်နေကြရပြီး ထောက်ပံ့ ကူညီမှု မရသလို ကုန်ဈေးနှုန်းလည်း အဆမတန် ထိုးတက်နေတာကြောင့် ပိုမို ကြပ်တည်းလာတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။
မိုးမောက် – ဗန်းမော် ကြားမှာတော့ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၃ ရက်နေ့ကစ တိုက်ပွဲ ပြန်လည် ပြင်းထန်လာတာဖြစ်ပါတယ်။
Photo Crd # ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW