နမ့်ခမ်းမှာ လက်နက်ကြီးကျလို့ ၁၁ ယောက်သေပြီး ၁၁ ဒဏ်ရာရ

စက်တင်ဘာ ၆၊ ၂၀၂၄
Shy V (VOM)
တရုတ် – မြန်မာ နယ်စပ်၊ နမ့်ခမ်းမြို့မှာ ဒီနေ့ စက်တင်ဘာ ၆ ရက် နေ့မနက် ၁ နာ ရီခွဲခန့်က လက်နက်ကြီးကျလို့ ၁၁ ယောက်သေပြီး ၁၁ ယောက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေနဲ့ TNLA ရဲ့ ထုတ်ပြန် ချက်အရ သိရပါတယ်။
“သေဆုံးသွားတဲ့ ထဲ ကျနော်တို့ ရွာထိပ်က မိသားစု သုံးယောက်လည်းပါတယ်။ အားလုံးဘယ်နှစ်ယောက် သေဆုံးတာတော့ ကျနော် မသိဘူး။ ဒဏ်ရာရတာက ၁၀ ယောက် ကျော်တယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
TNLA ဘက်ကတော့ နမ့်ခမ်းမြို့မှာ စက်တင်ဘာလ ၆ ရက် မနက် ၁ နာရီ ၃၅ မိနစ်အချိန် နစက တပ်ဖွဲ့က ဂျက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး လာကြဲခဲ့တာကြောင့် ညစျေး (ပါင်ပွဲ) အနီးရှိ နေအိမ် တွေပေါ်နဲ့ ကျားဖြူ ခန်းမအနီး တွေမှာ ကျရောက်ပေါက်ကွဲခဲ့ကာ ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်အပါအဝင် မြို့ခံ ၁၁ ယောက် သေဆုံးပြီး ၁၁ ယောက် ဒဏ်ရာရကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နစကသတင်းမှန်ပြန်ကြားရေးဘက်ကတော့ တစုံတရာ ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။
စက်တင်ဘာလ ၄ ရက်နေ့ည ၉ နာရီခွဲခန့် သီပေါမြို့၊ ကျောင်းပြီးရွာမှာလည်း လက်နက်ကြီးကျလို့ အသက် ၇၃ နှစ်အရွယ်အမျိုးသားတယောက်သေဆုံးသွားပြီး အမျိုးသမီးတယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါအပြင် စက်တင်ဘာလ ၃ ရက်နေ့ ည ၁၀ နာရီခွဲ ကျော်ခန့်က မန်တုံမြို့ရှိ လက်ဖက်ခြောက် စက်ရုံမှာ လက်နက်ကြီးကျလို့ စက်ရုံထဲက အသက် ၂၁ နှစ်အရွယ် မောင်သက်နိုင်လင်းရဲ့ ညာဘက်လက်နဲ့ နံရိုးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယခင် စစ်တပ် ၁၃၀ တပ်စခန်း ပေါ် ဗုံး တလုံးကျရောက်ပေါက်ကွဲလို့ အနီးနားက နေအိမ် ခြောက်လုံးခန့် ထိခိုက်ပျက်စီးသွားခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့က တောင်ကြီးမြို့မှာ ပြည်နယ် အစိုးရအဖွဲ့နဲ့ တွေ့ဆုံချိန် တိုင်းရင်းသား လက်နက်ကိုင်တွေ သိမ်းယူထားတဲ့ မြို့ရွာတွေက ပြည်သူ တွေအနေနဲ့ သိမ်းယူထားတဲ့ တပ်ဖွဲ့တွေရဲ့ အသုံးချမှု မခံရ စေရန် နဲ့ ဘေးကင်းလုံခြုံမှု ရှိစေရန်သတိပြုကြဖို့ လိုအပ်ကြောင်း နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့တယ်လို့ သိရကြောင်း ဒေသခံတွေက ပြောပါတယ်

Related posts

Leave a Comment

VOM News

FREE
VIEW