ဟနွိုင်း ၊ စက်တင်ဘာ-၉-၂၀၂၄
မျိုးဆက်(VOM)
ဗီယက်နမ်နိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ စူပါတိုင်ဖွန်းမုန်တိုင်း ရာဂီကြောင့် လူ ၂၁ ယောက်သေဆုံးပြီး ၃၀၀ ထက်မနည်း ဒဏ်ရာရရှိသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
နိုင်ငံမြောက်ပိုင်း တောင်ထူထပ်တဲ့ ဟိုဘင့်ချ်ပြည်နယ်မှာတော့ မြေပြိုမှုတခုအတွင်း မိသားစုတခုက အမျိူးသားတယောက်သာ အသက်ရှင်လွတ်မြောက်ခဲ့ပြီး ဇနီး၊ သမီးနဲ့ မြေးနှစ်ယောက် သေဆုံးသွားခဲ့ပါတယ်။
လာအိုချိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ မြေပြိုမှုမှာတော့ လူ ၁၇ ယောက်အနက် ခြောက်ယောက်သေပြီး ကိုးယောက်ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မုန်တိုင်းကြောင့် မြို့တော်ဟနွိုင်းအပါအဝင် ဒေသအတော်များများမှာ လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ယခုနှစ်အတွင်း အာရှတိုက်ရဲ့ အပြင်းထန်ဆုံးမုန်တိုင်းလို့ သတ်မှတ်ခံခဲ့ရတဲ့ စူပါမုန်တိုင်း ရာဂီဟာ တနာရီလေတိုက်နှုန်း ၂၀၃ ကီလိုမီတာထိ တိုက်ခတ်ခဲ့ပြီး ယခုအခါမှာတော့ အပူပိုင်းမုန်တိုင်းအဖြစ် အားလျော့သွားပြီဖြစ်ပါတယ်။
ဒါပေမယ့် မုန်တိုင်းဟာ အနောက်ဘက်ကို ဆက်လက်ရွေ့လျားနေပြီး ရေကြီးမှုနဲ့ မြေပြိုမှုအန္တရာယ်တွေ ရှိသေးတယ်လို့ ဗီယက်နမ်အာဏာပိုင်တွေက သတိပေးထားပါတယ်။
မုန်တိုင်းကြောင့် ငါးဖမ်းသမား တဒါဇင်ပျောက်ဆုံးနေပြီး ပင်လယ်ပြင်မှာ မျောပါနေသူ ၂၇ ယောက်ကို ကယ်တင်နိုင်ခဲ့ကာ ငါးဖမ်းစက်လှေ ၄၁ စင်း နစ်မြုပ် သို့မဟုတ် ပျောက်ဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
Ref:BBC
Photo:Reuters
ဗီယက်နမ်မှာ မုန်တိုင်းရာဂီတိုက်ခတ်မှု လူ ၂၁ ယောက်သေပြီး ၃၀၀ ထက်မနည်း ဒဏ်ရာရ
